မြောင်းမြစက်မှုဇုံ လျော်ကြေး တဧက သိန်းနှစ်ဆယ် ရမှကျေနပ်မည်

မြောင်းမြစက်မှုဇုံ လျော်ကြေး တဧက သိန်းနှစ်ဆယ် ရမှကျေနပ်မည်
by -
မဇ္စျိမ

ဧရာဝတီတိုင်း မြောင်းမြမြို့ မြောင်းမြစက်မှုဇုံအတွက် သိမ်းဆည်းထားသည့် လယ်မြေများကို  တဧကလျှင် လျော်ကြေးသိန်း၂၀ ဖြင့် အသိမ်းဆည်းခံ မြေပိုင်ရှင်များမှ ကျေနပ်မည် ဖြစ်ကြောင်း မြောင်းမြတောင်သူ လယ်သမား သမဂ္ဂ မှ အထွေထွေ အတွင်းရေးမှူး ဦးသန်းဇော်ဦးက ပြောသည်။

ဦးသန်းဇော်ဦးက “ လယ်သမား ၁၄ဦးပိုင်တဲ့ လယ်မြေဧကပေါင်း ၅၀ကျော်အတွက် တဧကကို ၁၅ သိန်းနဲ့ လယ်သမား ၅ ဦးက လျော်ကြေးငွေ ယူလိုက်ကြတယ်။ ကျန်တဲ့ ကိုးဦးကတော့ ၂၅ သိန်းရမှ ကျေနပ်မယ် ဆိုတော့ မနေ့က ညနေမှာလယ်သမားတွေနဲ့ စက်မှုဇုံ ကော်မတီ ဥက္ကဌတို့ညှိကြတာ လယ်သမားတွေက သိန်း ၂၀ ရရင် ကျေနပ်ကြ မယ်လို့ပြောတယ်” ဟု ဆိုသည်။

အဆိုပါ လျော်ကြေးငွေ ကိစ္စကို မြောင်းမြ စက်မှုဇုံဘက်မှ ၃ ရက်အတွင်း အကြောင်းပြန်ပေးမည် ဟု ပြောကြား ထားပြီး တစ်ဧကလျော်ကြေး သိန်း ၂၀ မရပါက မည် သို့ဆက်လုပ်ရမည်ကို မသိရှိ ရသေးကြောင်း လယ်မြေဧက တစ်ဧကခွဲ သိမ်းဆည်းခံထားရသော မြောင်းမြမြို့ ၊ မြဟေမာရပ်ကွက် စက်မှုဇုံ ၂ ရပ်ကွက်မှ လယ်သမား ဦးလှစိုးက ရှင်းပြသည် ။

ဦးလှစိုးက “ ဒီစက်မှုဇုံအတွက် ၁၉၉၄ မှာ တကြိမ်၊ ၂၀၀၃ မှာတကြိမ် စုစုပေါင်း နှစ်ကြိမ်သိမ်းခဲ့တယ်။ အဲဒီသိမ်းတာတွေမှာ ကျွန်တော်တို့တွေရဲ့ မြေတွေပါနေတယ်။ အခုအခါ ဒါတွေကိုပြောတော့ ကျွန်တော်တို့ ဘက်က မြေယာ ပိုင်ဆိုင်မှု စာချူပ်တွေ နာဂစ် ဖြစ်ပြီးချိန်မှာ ပျောက်သွားတာ တွေရှိတဲ့ အတွက် ၅ ဧကရှိပေမဲ့ ၁ ဧကခွဲပဲရတော့တယ် ” ဟုပြောသည်။

ယင်းကိစ္စများ နှင့်ပါတ်သက်ပြီး မြောင်းမြစက်မှုဇုံစီမံကိန်းကော်မတိ ဥက္ကဋ္ဌ ဦးကိုကိုနိုင်သို့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ရာ ဖုန်းစက် ပိတ်ထားပါ သဖြင့် မေးမြန်းခွင့် မရှိခဲ့ပေ ။

မြောင်းမြစက်မှုဇုံ စီမံကိန်းဧရိယာ အကျယ်ဝန်းသည် ဧကပေါင်း ရ၀ကျော်ခန့်ရှိပြီး ၁၉၉၄ ခုနှစ်များတွင် သိမ်းယူခဲ့သော လယ်မြေများပေါ်တွင် ဆန်စက်များ ၊ ကပ်စေး နှဲ စက်ရုံများ တည်ဆောက်ထားပြီး ၂၀၀၃ ခုနှစ်တွင် သိမ်းယူထားသောလယ်မြေများပေါ်တွင် မည်သည့်စက်ရုံမှ တည်ဆောက်မှု မရှိသေးကြောင်း မြောင်းမြ ဒေသခံများထံမှ စုံစမ်း သိရှိရသည်။