အစိုးရ လုံခြုံရေး ၀န်ကြီး ဦးအောင်မင်းသည် လာမည့် မေလ ဆန်းပိုင်းတွင် ကချင် လွတ်လပ်ရေး အဖွဲ့ KIO နှင့် ကချင်ပြည် နယ် မြစ်ကြီးနား မြို့၌တွေ့ဆုံရန် ကမ်းလှမ်း ထားသည်ဟု ထွက်ပေါ်နေသော သတင်းများသည် မသေချာ မရေရာ သေးကြောင်း KIO ဒုတိယ နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ဂျိန်လွန်း တောင်က ဆိုပါသည်။
“ဦးအောင်မင်းတို့ ကဘဲ ကျနော်တို့ KIO ကို အရမ်း တွေ့ချင် နေသလိုလို ပြောပြီး ကျနော်တို့ KIO ကဘဲ မတွေ့ချင် သလိုလို်၊ တနည်း ပြောရရင် KIO ကဘဲ ငြိမ်းချမ်းရေး မလိုချင်သလိုလို သဘောမျိုး နဲ့ ကမ္ဘာကို ကြေငြာချင်နေတာ၊ ပြောချင်နေတာပါ။ ကမ်းလှမ်းမှု ရှိတယ်လို့ ကျနော်တို့ မသိရသေးဘူး၊ ဖြစ်နိုင် မနိုင်လဲ မပြောနိုင်သေးတဲ့ အခြေအနေမှာဘဲ ရှိနေသေးတယ်”ဟု ဆိုပါ သည်။
KIO ၏ သဘောထားသည် ၁၉၉၄ ခုနှစ်က ရယူထားသည့် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်များ အတိုင်း အစိုးရ ဘက်က လိုက်နာ ဆောင်ရွက် ပေးပါက အပစ်အခတ် ရပ်စဲရေးအတွက် ထပ်မံ တွေ့ဆုံ ဆွေးနွေးရန် လိုအပ်တော့မည် မ ဟုတ်ကြောင်း KIO ဘက်က ဆိုပါသည်။
ဤသို့ကြောင့် KIO အနေဖြင့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ သာ အစိုးရနှင့် ဆက်လက် လုပ်ဆောင် သွားရန် လိုအပ်သည် ဟု တွေ့ဆုံပွဲ တိုင်း၌ပြောကြား ထားပြီး ဖြစ်ပါသည်။
အစိုးရသည် ပြီးခဲ့သည့် မတ်လတွင် တရုတ်ပြည် ရွှေလီမြို့ တွေ့ဆုံ ဆွေးနွေးပွဲမှ ရရှိထားသည့် သဘောတူညီချက် (၅) ချက် ကိုလည်း အစိုးရ ဘက်မှ လိုက်နာခြင်း မရှိသောကြောင့် ယနေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေရကြောင်း ဂျိန်လွန်းတောင်က ထောက်ပြ ပြောဆို သွားပါသည်။
အလားတူ KIO သည် အစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အပေါ် ယုံကြည်မှု နည်းပါး လာခဲ့ကြောင်း၊ ဤသို့ကြောင့် နိုင်ငံ တကာ လေ့လာ စောင့်ကြည့်သူများ ရှေ့မှောက်တွင် တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပရန် KIO ဘက်က ကမ်းလှမ်းလာခဲ့ ရခြင်း ဖြစ်ကြောင်း KIO အဖွဲ့၏ ခေါင်းဆောင်ဟောင်း ဖြစ်သူ ဒေါက်တာ တူဂျာက သုံးသပ်ပြော ဆိုခဲ့ပါသည်။
ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ KIO နှင့် အစိုးရ တို့သည် ကချင်ပြည်နယ် ငြိမ်းချမ်းရေး အတွက် (၁၃) ကြိမ်ခန့် တွေ့ဆုံဆွေး နွေးခဲ့ပြီး ဖြစ်သည်။ KIO သည် အစိုးရနှင့် ၁၉၉၄ ခုနှစ်ကတည်းက အပစ်အခတ် ရပ်စဲခဲ့ပြီး ဖြစ်ကြောင်း၊ ထိုသဘော တူညီချက် အတိုင်း အစိုးရ ဖက်မှ လိုက်နာပါက အပစ်အခတ် ရပ်စဲရေးကို ထပ်မံ ဆွေးနွေးရန် မရှိတော့ကြောင်း၊ နိုင်ငံရေး အရသာ အစိုးရနှင့် ဆွေးနွေးရန်သာ ရှိတော့ကြောင်း သဘော ထားခဲ့ပါသည်။
ဤသဘောထား ကိုလည်း အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးသည့် အခါတိုင်း အကြိမ်ကြိမ် တင်ပြ ခဲ့ပြီး ဖြစ်ပါသည်။ ဤသို့ကြောင့် လာမည့် ဆွေးနွေးပွဲတိုင်းတွင် သက်သေ အဖြစ် အရေးကြီး နိုင်ငံများက ပါ၀င်လာရန် လိုအပ်သည်ဟု သဘောထား ခဲ့ကြောင်း ဆိုပါသည်။
ဤသဘောထား များအရ KIO သည် ပြီးခဲ့သည် ဧပြီလ ၆ ရက်နေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တွင် တွေ့ဆုံ ဆွေး နွေးပွဲ ရန် သဘော တူခဲ့ပါသည်။ သို့သော် ယင်းတွေ့ဆုံ ဆွေးနွေး ပွဲ တွင် နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူများ အဖွဲ့ ပါဝင်ခွင့် မရ ခဲ့သောကြောင့် KIO ဘက်က ဖျက်သိမ်းခဲ့ပါသည်။
ယင်းဆွေးနွေးပွဲကို တရုတ်တို့ဘက်က ကန့်ကွက် ခဲ့သည့် အတွက် ဖျက်သိမ်း လိုက်ရကြောင်း မြန်မာ သတင်းများက ဖေါ် ထုတ် ခဲ့သော်လည်း ယင်းထောက်ပြ ချက်သည် မဟုတ်မှန်ကြောင်း ဧပြီလ ရ ရက်နေ့ ထုတ်ပြန်ချက်ဖြင့် တရုတ်ဘက်က ငြင်းဆို ထားပြီး ဖြစ်ပါသည်။
အစိုးရ ငြိမ်းချမ်းရေး အဖွဲ့၏ ယခု ထုတ်ပြန်ချက်သည် KIO နှင့် မေလ ဆန်းပိုင်းတွင် ထပ်မံ တွေ့ဆုံနိုင်ရန် ကမ်းလှမ်းထား သည်ဟု သတင်း ထုတ်ပြန် ခဲ့ပါသည်။ ဤသတင်းသည် လည်း KIO ဖက်မှ အတည်မပြုနိုင်သေးဟု ငြိမ်းချမ်းရေး အကျိုး ဆောင်များက ဆိုနေပါသည်။
ဤသို့ကြောင့် အစိုးရ၏ သတင်း ထုတ်ပြန်ချက်များသည် နို်င်ငံတကာ မျက်နှာစာအတွက် အမြတ်ထွက်ရန် ကြိုးစားနေခြင်းသာ ဖြစ်နိုင်ကြောင်း KIO ဒုတိယ နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ဂျိန်လွန်းတောင်က ပြောကြား လိုက်ခြင်း ဖြစ်ပါသည်။