သျှမ်းပြည်တပ်မတော်နှင့်မြန်မာအစိုးရစစ်တပ်တို့အင်အားအပြိုင်တိုးချမှုကြောင့် တိုက်ပွဲများ သံလွင်အရှေ့ ခြမ်းသို့ပျံ့နှံ့လာမည့်အရေး ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်မှ စိုးရိမ်သဖြင့် ၎င်းတို့ဘက်မှလည်း အင်အားဖြည့်တင်း အသင့်ပြင် ဆင်ထားကြောင်း သျှမ်းပြည်မြောက်ပိုင်း သတင်းရပ် ကွက်ကဆိုပါသည်။
“အစိုးရက ပစ်မှတ်ထားတဲ့ သျှမ်းပြည်တပ်မတော်ရဲ့ လွယ်ခေါက်၊ လွယ်စေး၊ လွယ်ချို၊ လွယ်လန်းဘက်ကို အင်အားတွေ တိုး ချလာတယ်။ ကျနော်တို့လဲ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ အင်အားတွေတိုးဖြည့်ထားတယ်။ နှစ်ဘက်တင်း မာနေတဲ့အခြေအနေမှာ UWSA ဘက်ကလဲ သူတို့ဘက်ကို တိုက်ပွဲပျံ့သွားမှာစိုးလို့ထင်တယ်။ အသင့်ပြင်နေတယ် ” ဟု သျှမ်းပြည်တပ်မတော် အရာရှိတဦးကပြောသည်။
ဗိုလ်ချုပ်ပန်ဖှဦးဆောင်သော SSPP/SSA က အဆိုပါတောင်ကုန်းများအားလက်လွတ်ရပါက ဝ တပ်ဖွဲ့ အနေဖြင့်လည်း ၀ လွယ်စေးတောင်အား မြန်မာ့တပ်မတော်လက်ထဲသို့မကျရောက်စေလိုခြင်းဖြစ်ကြောင်း၊ မြောက်ပိုင်း၌ တပ်အင်အား အသင့်ချထားသကဲ့သို့ တောင်ပိုင်း၌လည်း အားမလျော့စေဘဲ စစ်အင်အားအသင့်ပြင်ထားကြောင်း နီးစပ်သည့် သျှမ်းပြည်တပ်မတော် အရာရှိကဆက်လက် ပြောပြသည်။
“လွယ်စေးတောင်ကနေကြည့်ရင် ပန်ဆန်းမြို့ထဲကိုကောင်းကောင်းတွေ့ရတယ်လေ။ ဒီတောင်ဟာ ပန်ဆန်းမြို့ကိုဝင်ဖို့ အဓိက တံခါးတချပ်လို့တောင်ပြောလို့ရတယ်။ ဒါကြောင့်ဒီတောင်ကို မြန်မာစစ်တပ်က အခြေကုပ်ရယူနိုင်ရင် ဝ တပ်ဖွဲ့ အတွက် အခွင့်မသာတော့ဘူးလေ။ အရင်အပတ်ကလဲ မြန်မာစစ်တပ်ဘက်က တင့်ကားတွေ၊ သံချပ်ကာကားတွေ၊ လက်နက်ကြီးတွေ ပို့ဆောင်ထားလို့ ၀ အနေနဲ့လဲ စိတ်မချနိုင်တော့ ဘူးလေ” ဟု ဆိုပါသည်။
“သင်္ကြန်တုန်းကလဲ ဘယ်တပ်ဖွဲ့ ထောင်ထားတဲ့ မိုင်းလဲ မသိဘူး၊ ကျမတို့ မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ် ခွဲက ဝ တပ် ဘက်အသွားလမ်းမှာဘဲ။ လားဟူအမျိုးသား နှစ်ဦးစီးလာတဲ့ဆိုင်က တက်နင်းမိလို့ ပေါက်ကွဲတာ။ နှစ်ယောက်စလုံးပွဲ ချင်းပြီးဘဲ။ ကိုယ်ခန္ဓာတွေ အပိုင်းပိုင်းဖြစ်သွားတယ်။ ဆိုင်ကယ်လဲ မီးလောင်လွှင့်စင်သွား တယ်” - ဟု ပုံပါကျင် ဒေသခံ ဝန်ထမ်း တဦးက ပြောသည်။
သျှမ်းပြည်နယ် သံလွင်အရှေ့ခြမ်း ထိုင်းနယ်စပ်အခြေစိုက် တောင်ပိုင်း ၀ တပ်ဖွဲ့လည်း မြောက်ပိုင်းစစ်ရေး တင်းမာမှု ကြောင့် ၎င်းတို့တပ်ဖွဲ့အား မြန်မာစစ်တပ်မှ အကြပ်ကိုင်ဖိအားပေးမှုမပြုလုပ်နိုင်ရန် စစ်ရေးအပြင် လုံခြုံရေးပါတိုးမြှင့် ထားကြောင်း၊ ယခင်လူထုဖြတ်သန်းသွားလာသည့် ဝ တပ်ဖွဲ့ ထိန်းချုပ် (ဒေသခံများအား သွားလာခွင့်ပြုထားသည့် တရားမဝင်နယ်ခြားဂိတ်) နယ်ခြားဂိတ်တွင်လည်း ပိတ်ပင်ထားကြောင်း၊ ထိုင်း ဘက်ခြမ်းစားသုံးကုန်အားကိုးနေရသည့် မိုင်းတုံမြို့နယ် ဒေသခံများအတွက် အခက်အခဲဖြစ်နေကြောင်း- ပုံပါကျင် ဒေသခံ အိုက်ဆွယ့်က ပြောပါသည်။
လက်ရှိတွင် သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် နှင့် သျှမ်းပြည်မြောက်ပိုင်းတန့်ယန်းမြို့နယ်ကြားဒေသ အတွင်း အစိုးရ တပ်နှင့် သျှမ်းပြည် တပ်မတော် SSPP/SSA တို့ အင်အား ၅၀၀၀ ထပ်မနည်း အပြိုင်တိုးချကာ စစ်ရေးတင်းမာနေသဖြင့် ဝပြည်သွေး စည်းညီညွတ်ရေးတပ်မတော်က ထိုသို့စိုးရိမ်နေ ခြင်းဖြစ်ပါသည်။