သီလဝါ အထူးစီးပွားရေးဇုန် သဘာဝ ပတ်ဝန်းကျင်လေ့လာမှု စတင်နေ

သီလဝါ အထူးစီးပွားရေးဇုန် သဘာဝ ပတ်ဝန်းကျင်လေ့လာမှု စတင်နေ
by -
မဇ္စျိမ

ရန်ကုန်တိုင်း၊ သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် သိမ်းဆည်းထားသော လယ်ယာမြေများအတွက် လျော်ကြေးဖြေရှင်းမှု မရှိသေးသော်လည်း သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်မှု (EIA) ကို မတ်လ ၂၉ ရက်မှ စတင်ကောက်ယူနေပြီ ဖြစ်ကြောင်း ပါဝင်လုပ်ဆောင်နေသည့် Resource and Environment Myanmar ၏ ဒါရိုက်တာ ဦးဝင်းနိုင်ထွန်း က မဇ္ဈိမကို ပြောသည်။

ဇီဝ မျိုးစုံမျိုးကွဲ၊ အပင်မျိုးစိတ်များ ၊ စီမံကိန်းပတ်ဝန်းကျင်ရှိ လေ အရည်အသွေး၊ ရေ အရည်အသွေး၊ လမ်းပန်း ဆက်သွယ်ရေး၊ အသံဆူညံမှုများကို ရ လ အတွင်း အပြီးကောက်ယူမည် ဖြစ်သည်။

“အခုကတော့ EIA လုပ်ဖို့ပဲ သဘောတူထားသေးတယ်။ SIA ကတော့ မစသေးဘူးပေါ့” ဟု ၎င်းကဆိုသည်။

SIA (လူမှု အကျိုးစီးပွားဆိုင်ရာ လေ့လာစမ်းစစ်မှု) နှင့် HIA (ကျန်းမာရေး ဆိုင်ရာ လေ့လာဆန်းစစ်မှု) ကိုပါ ဆက်လက်ကောက်ခံသွားမည်ဖြစ်ပြီး EMP (သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ စီမံခန့်ခွဲမှု အစီအစဉ်ဆွဲကာ အပြီးသတ် အစီရင်ခံစာကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနထံ တင်ပြသွားမည် ဟု ဦးဝင်းနိုင်ထွန်း က ပြောသည်။

ထိုလေ့လာမှုများ လုပ်ရန် ဂျပန်အခြေစိုက် နိုင်ငံတကာ ဆောက်လုပ်ရေး အကြံပေး ကုမ္ပဏီဖြစ်သော Nippon Koei ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပြီး ကုန်ကျစရိတ်ကိုမူ မပြောနိုင်သေးကြောင်း ဦးဝင်းနိုင်ထွန်း က ဆိုသည်။

ထိုဇုန်သည် မြန်မာနှင့် ဂျပန် နှစ်နိုင်ငံအစိုးရ၏ သဘောတူညီမှုဖြင့် အများပိုင် ကုမ္ပဏီ တည်ထောင်သွား မည်ဖြစ်သည်။ ယခုကဲ့သို့ EIA ၊ SIA ၊ HIA ပြုလုပ်ခြင်းသည် ပွင့်လင်းမြင်သာမှုကို ဖော်ပြနေခြင်းဖြစ်ကြောင်း ဦးဝင်းနိုင်ထွန်း က ဆိုသည်။

စီမံကိန်းအတွက် လိုအပ်သောမြေများကို သန်လျင်မြို့နယ်မှ ၂,၆၆၅ ဒဿမ ၃၉ ဧကနှင့် ကျောက်တန်းမြို့ နယ်မှ ၄,၂၃၃ ဒဿမ ၁၉ ဧကကို (ရွာ ခြောက်ရွာထံမှ) သိမ်းဆည်းခဲ့သည်။

သိမ်းဆည်းခံ လယ်ယာများအတွက် လျော်ကြေးငွေ၊ ပြောင်းရွှေ့ရန် နေရာနှင့်ပတ်သက်၍ မတ်လ ၂၂ ရက်က သမ္မတ အကြံပေး ဦးမြင့် အပါအဝင် ဂျပန်သံအမတ် ၊ JICA မှ တာဝန်ရှိသူများက ဒေသခံများနှင့် တွေ့ဆုံကာ ဖြေရှင်းပေးမည်ဟု ကတိပေးခဲ့သော်လည်း ယခုအချိန်ထိ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ဒေသခံများက ဆိုသည်။ ထို့ပြင် ဖေဖော်ဝါရီ ၁၅ ရက်နေ့ကလည်း လျော်ကြေးငွေနှင့်ပတ်သက်၍ သီလဝါ အထူးစီးပွားရေးဇုန် ဥက္ကဋ္ဌ ဒုဝန်ကြီး ဦးဆက်အောင် က ညှိနှိုင်းပေးမည်ဟု ပြောဆိုခဲ့ဖူးသည်။

“လျော်ကြေးကိစ္စက ညှိနှိုင်းတုန်းပဲ ရှိသေးတယ်။ ဂျပန်သံအမတ်နဲ့ ဦးမြင့်ကတော့ ဒေသခံတွေ တောင်းဆို တာကို အကြမ်းဖျင်း သဘောတူတယ် ပြောတယ်။ အစိုးရဘက်ကတော့ ဘာတခုမှ လုပ်ပေးတာလည်း မရှိသေးဘူး” ဟု သန်လျင်မြို့နယ်၊ အလွမ်းဆွတ်ရွာမှ ဦးမြလှိုင် က ပြောသည်။

ကျောက်တန်းမြို့နယ်၊ ကရပ်ရွာက ဦးအေးဌေးကလည်း “အိမ်ကွက်ပေးဖို့ ကိစ္စကိုတော့ ဦးမြင့်က တာဝန် ယူတယ်လို့ ပြောသွားတယ်။ လျော်ကြေးပေးဖို့ ကိစ္စကတော့ ပြန်တင်ပြပေးမယ်လို့ ပြောတယ်” ဟု ဆိုသည်။

အဆင့်အဆင့် စစ်တမ်းကောက်ယူပြီး အပြီးသတ် အစီရင်ခံစာ တင်ရမည်ဖြစ်၍ လျော်ကြေးကိစ္စကဲ့သို့
ပြဿနာများပါ ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း REM မှ ဦးဝင်းနိုင်ထွန်း က ပြောဆိုသည်။  

“အဲဒါကတော့ ဒီဟာကို အကောင်အထည်ဖော်တဲ့ သူနဲ့ ဒေသခံကြားမှာ ဖြေရှင်းရမယ့်ကိစ္စပေါ့။ ဒီလိုမျိုး ပရောဂျက် အကောင်အထည်ဖော်တာက လွယ်လွယ်ကူကူနဲ့ ဖော်ချင်သလို လုပ်ချင်သလို လုပ်လို့ရတာ မဟုတ်ဘူးလေ။ သူက အဆင့်ဆင့်ဆိုိတော့ သတင်းအချက်အလက် တိတိကျကျ မရဘဲ စိုးရိ်မ်သလို ဖြစ်ကောင်းမှ ဖြစ်မယ်။ နိုင်ငံနှစ်နိုင်ငံရဲ့ အများပိုင်ကုမ္ပဏီနဲ့ လုပ်မှာဆိုတော့ ဒါတွေကို သူတို့ အဆင့်ဆင့် ဖြေရှင်းပါလိမ့်မယ်” ဟု ပြောသည်။

“သူတို့ဟာသူတို့ EIA ပဲလုပ်လုပ်၊ ဘာပဲလုပ်လုပ် မိုးရွာရင် လယ်ကတော့ ထွန်ရတော့မယ်” ဟု အလွမ်းဆွတ်ရွာမှ ဦးမြလှိုင် က ဆိုသည်။

စီမံကိန်းကို ၂၀၁၅ ခုနှစ်တွင် ပထမအဆင့် အပြီးဆောင်ရွက်မည်ဖြစ်ပြီး အကျယ်အဝန်း ဧက ၅,၉၃၀ လျာထားထား သည်။ ပထမအဆင့်တွင် မော်တော်ကားစက်ရုံ၊ အီလက်ထရောနစ် စက်ရုံများ ဆောက်လုပ် မည်ဖြစ်ပြီး ဒုတိယ အဆင့်တွင် အထည်ချုပ်စက်ရုံနှင့် စားသောက်ကုန် စက်ရုံစီမံကိန်းများ ပါဝင်မည်ဖြစ် သည်။