ယနေ့ စတင်ကျင်းပသွားမည့် ပထမအကြိမ် တိုင်းရင်းမီဒီယာ ညီလာခံ Strengthening of Ethnic Voices ဖွင့်ပွဲအခမ်းအနား၌ မွန်ပြည်နယ် ဝန်ကြီးချုပ်က မီဒီယာသည် အစိုးရနှင့် ပြည်သူကြား အရေးကြီးသည့် ပေါင်းကူး တံတားကြီး ဖြစ်ကြောင်း ပြောကြားသွားသည်။
“မီဒီယာဆိုတာ အစိုးရနဲ့ ပြည်သူရဲ့နားမျက်စိဘဲ။ အစိုးရရဲ့အမြင်ကို ပြည်သူတွေ သိရှိစေဖို့ မီဒီယာက လုပ်ဆောင် ပေးတယ်။ ဒါကြောင့် အစိုးရနဲ့ ပြည်သူကြား မီဒီယာက အရေးကြီးတဲ့ ပေါင်းကူးတံတားဖြစ်တယ်။ မီဒီယာဟာ ကောင်းကျိုး−ဆိုးကျိုးကို ဖန်းတီးနိုင်တဲ့အတွက် တိုင်းပြည် တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်စေ ချင်တယ်” လို့ မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးအုန်းမြင့် က အဖွင့် အမှာစကား၌ ပြောကြားသွားသည်။
ပထမအကြိမ် တိုင်းရင်းမီဒီယာညီလာခံ ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၂၅ ရက် နံနက် ၉ နာရီ မွန်ပြည်နယ် မော်လမြိုင်မြို့ Mawlanmyine Strand Hotel ၌ ကျင်းပရာ ဖိတ်ကြားထားသည့် ၀န်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီမှ ပုဂ္ဂိုလ်များ၊ မီဒီယာအဖွဲ့မှ ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းမှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
ပထမအကြိမ် တိုင်းရင်းမီဒီယာညီလာခံကြီးမှ နိုင်ငံတကာ စံချိန်မှီ နိုင်ငံတော်၏ စတုတ္ထ မဏ္ဍိုင်ဖြစ်သည့် မီဒီယာ တည်ဆောက်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ၎င်းက ပြောကြားသွား သည်။
ထို့အပြင် ပြန်ကြားရေးဝန်ကြီးဌာနမှ ဒု−ဝန်ကြီး ဦးပိုက်ထွေးက မြန်မာ့မီဒီယာဖွံ့ဖြိုးရေးဆိုင်ရာကို ရှင်းလင်း ပြော ကြား ရာ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် လွတ်လပ်သည့် သတင်းမီဒီယာကို ပိတ်ပင်ရန်လုံးဝမ ရှိကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ပြည်ထောင်စု channel ၊ လွှတ်တော် channel ၊ Farmers channel များထုတ် လွှင့်ရန် ကြိုးပမ်းနေကြောင်း၊ ပြည်ထောင်စု channel ကို စက်တင်ဘာ ၁ ရက်နေ့၌စတင် ထုတ်လွှင့်မည်ဖြစ် ကြောင်း ပြောကြားသွားသည်။
တိုင်းရင်းသား မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာ စံချိန်စံညွန်းနှင့် ပြည့်စုံပြီး ဒီမိုကရေစီ နည်းကျသည့် မီဒီယာ ဥပဒေတရပ် ပေါ်ထွန်းလာရေး၊ တိုင်းရင်းသားဒေသများတွင် ဘက်စုံ မာလ်တီ မီဒီယာများပေါ်ထွန်းလာ ရေးနှင့် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်၌ တိုင်းရင်းသား မီဒီယာများ၏ အခန်း ကဏ္ဍမြင့်မားလာရေးတို့ကို ဆွေးနွေးရန် ရည်ရွယ်၍ ပထအကြိမ် တိုင်းရင်းမီဒီယာညီလာခံ ကြီးကို မွန်ပြည်နယ် မော်လမြိုင်မြို့ Mawlanmyine Strand Hotel ၌ ဧပြီလ ၂၅ ရက်နေ့မှ ၂၇ ရက်ထိ ၃ ရက်ကြာ ကျင်းပသွားမည် ဖြစ်သည်။