မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှု ယခင်နှစ်ထက် ထက်ဝက်လျော့သွား

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှု ယခင်နှစ်ထက် ထက်ဝက်လျော့သွား
by -
မဇ္စျိမ

ရေထွက်သယံဇာတ ရှားပါးမှုနှင့် ရခိုင်ဒေသ ပဋိပက္ခများကြောင့် ယခုနှစ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှု ကျဆင်းလာခဲ့ရာ ယမန်နှစ် ပမာဏ၏ ထက်ဝက်သာ ရှိကြောင်း စစ်တွေနှင့် မောင်တော နယ်စပ်ကုန်သွယ်ရေးဌာနများမှ တာဝန်ရှိသူများက ဆိုသည်။

“၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်က စစ်တွေ-ဘင်္ဂလားဒေ့ရှ် (နယ်စပ်) ကုန်သွယ်မှု ပမာဏဟာ ၁၅.၃၃၆ ဒေါ်လာသန်း ရှိပြီးတော့ ၂၀၁၂-၁၃ မှာကျတော့ ရ.၂၅၀ ဒေါ်လာသန်းပဲ ရရှိတယ်။ ရေထွက်ကုန် လျော့နည်း မှုနဲ့ မတည်ငြိမ်မှုတွေကြောင့် ကျဆင်းသွားရတာပါ။ တိုးလာမယ့် သဘော မတွေ့ရသေး ပါဘူး” ဟု စစ်တွေ နယ်စပ်ကုန်သွယ်ရေးမှ တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် စစ်တွေ နယ်စပ်ကုန်သွယ်ရေး၏ လျာထားချက်မှာ ပို့ကုန် ပမာဏ ဒေါ်လာ ၁၅ သန်း၊ သွင်းကုန် ဒေါ်လာ ရ သန်း၊ ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၂၂ သန်း ဖြစ်ပြီး လက်တွေ့တွင်မူ ပို့ကုန်ဒေါ်လာ ၆.၉၀၅ သန်း၊ သွင်းကုန် ဒေါ်လာ ၀.၃၄၅ သန်းနှင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ရ. ၂၅၀ သန်းသာဖြစ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ထို့အတူ မောင်တော နယ်စပ်ကုန်သွယ်ရေး၏ မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှု ပမာဏမှာလည်း အရင်နှစ်များထက် ကျဆင်းနေကြောင်းကို စစ်တွေနယ်စပ်ကုန်သွယ်ရေးမှ တာဝန်ရှိသူတဦးက ဆိုသည်။

“၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်က မောင်တော နယ်စပ်ကုန်သွယ်ရေး ပို့ကုန်ပမာဏက အမေရိကန်ဒေါ်လာ ရ.၈၃၁ သန်း၊ သွင်းကုန်ပမာဏ ဒေါ်လာ ၀.၆၉၂ သန်း၊ ကုန်သွယ်မှု ပမာဏ စုစုပေါင်းတန်ဖိုး ဒေါ်လာ ၈.၅၂၃ သန်း ရှိခဲ့တယ်။ ဒါပေမယ့် ကုန်ခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ ပို့ကုန် ပမာဏ ဒေါ်လာ ၅.၃၈၆ သန်း၊ သွင်းကုန်ပမာဏ ဒေါ်လာ ၀.၅၃၁ သန်းနဲ့ စုစုပေါင်း ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၅.၉၁၇ သန်းပဲ ရတယ်” ဟု ၎င်းက ပြောသည်။

မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်မှု ဆောင်ရွက်နေသော ကုမ္ပဏီ ၅ ခုရှိနေပြီး ငါးကုန်းညို၊ င/နီတူ၊ ငါးခြောက်မျိုးစုံ အရောအနှော၊ မတ်ပဲ၊ ပုဇွန်၊ ဖိနပ်၊ အလှကုန်များကို တင်ပို့ကာ ဘိလပ်မြေ၊ ရေအိုး၊ ရေသန့်စက်ကို တင်သွင်းလျက် ရှိသည်။

“ကုန်သွယ်မှု ကျဆင်းနေရတာက ရခိုင်ဒေသ ပဋိပက္ခ တခုတည်းကြောင်းတော့ မဟုတ်ဘူး။ ပို့ကုန်အတွက် ကုန်ရ နည်းလာတာကြောင့်လည်း ပါတယ်။ ကျနော်တို့ စစ်တွေက အဓိက ပို့နေတဲ့ ဇီးထုပ်၊ ဇီးသီး၊ မန်ကျည်းသီး၊ ကုန်ရနည်းလို့ ပို့ကုန်ပမာဏ နည်းလာနေတယ်။ သွင်းကုန်ကတော့ စျေးပေါတဲ့ တီရှပ်တွေနဲ့ တရုတ်ကိုပို့မယ့် ဆံပင်တွေကိုပဲ ပုံမှန်တင်သွင်း နေပါတယ်” ဟု စစ်တွေမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ ကုန်ပစ္စည်းများ သယ်ပို့ ရောင်းဝယ်နေသူ ကုန်သည် ဦးညီချေ က ပြောသည်။

ယခုနှစ် မတ်လဆန်းက ပို့ကုန်သွင်းကုန်များ ဖြေလျှော့ပေးလိုက်ရာတွင် ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်ရေး လုပ်ကိုင်သည့် စစ်တွေရှိ ကုမ္ပဏီ ရ ခု အနေနှင့် ပို့ကုန်အားမှာ ပိုကောင်းလာဖွယ် ရှိသော်လည်း သွင်းကုန်ပိုင်းတွင်မူ အပြောင်းအလဲ မရှိနိုင်ကြောင်း ဦးညီချေ က မှန်းဆသည်။

မတ်လ ၁ ရက်နေ့မှစ၍ ပို့ကုန်သွင်းကုန် လုပ်ငန်းလုပ်ကိုင်သူများ လွယ်ကူချောမွေ့စေရေးအတွက် ပို့ကုန်ပစ္စည်း ၁၅၂ မျိုး၊ သွင်းကုန်ပစ္စည်း ၁၆၆ မျိုးကို လိုင်စင်မဲ့ တင်သွင်းခွင့် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာက ဖြေလျော့ပေးခဲ့ခြင်း ဖြစ်သည်။

“မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး အားကောင်းဖို့က ပို့ကုန်သွင်းကုန် ဖြေလျှော့ရုံနဲ့ မလုံလောက်ဘူး။ ဖြတ်သန်းလာတဲ့ သမိုင်းကို ကြည့်ရင် ကျနော်တို့ဆီက ကုန်သည်တွေ ဘင်္ဂလားဒေ့ရှ်မှာ စျေးနှိမ်ခံပြီးတော့ရောင်းနေကြရတယ်။ ကျနော်တို့က ဆားသွားရောင်းတယ်။ အရင်တုန်းက ဆားအရည်အသွေး ညံ့တယ်ဆိုပြီးတော့
စျေးနှိမ်ဝယ်တယ်။ အခုနောက်ပိုင်း ကျနော်တို့ရဲ့ ဆားကို လုံးဝ မဝယ်တော့ဘူး။ ကျနော်တို့ ပို့ကုန်တွေ အရည်အသွေး ပြည့်မီရင်တောင်မှ ဘင်္ဂလားဒေ့ရှ်ဟာ သူတို့နိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားရေးအရပဲ လုပ်ကိုင်နေလို့ပဲ။ ဒါကြောင့် နိုင်ငံတကာ စျေးကွက်ကို ထိုးဖောက်နိုင်တဲ့အထိ ကျနော်တို့ ကုန်တွေ အရည်အသွေးမြင့်ဖို့ လိုတယ်” ဟု ရခိုင်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးသန်းဝင်း က သုံးသပ်သည်။

ရခိုင်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုလက်ရှိ ဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်လျက်ရှိသော နယ်စပ် ကုန်သွယ်ရေးအရာရှိ တဦးက “ရခိုင်ပြည်နယ် ကုန်သွယ်ရေး ဦးမော့လာဖို့ဆိုရင် နိုင်ငံတကာနဲ့ အပြိုင် လုပ်နိုင်ဖို့လိုပါတယ်။ နိုင်ငံတကာ စံချိန်တင်နိုင်ဖို့အတွက် ကျနော်တို့ဘက်က Value Added (ထပ်တိုးတန်ဖိုး) များများ လုပ်နိုင်ရမယ်” ဟုလည်း အကြံပြုထားသည်။

ဘင်္ဂလားဒေ့ရှ်၌ လက်ရှိပေါက်စျေးမှာ ငါးကုန်းညို တတန် ကို ဒေါ်လာ ရ၀၀၊ င/နီတူ တတန်ကို ဒေါ်လာ ၁,၃၀၀၊ ငါးခြောက်မျိုးစုံ အရောအနှော တတန်ကို ဒေါ်လာ ၄၆၀၊ မတ်ပဲ တတန်ကို ၅၆၀ ဒေါ်လာစျေးဖြင့် ရောင်းချနေကြရပြီး ဘိလပ်မြေ တတန်ကို ၈၅ ဒေါ်လာ၊ ရေအိုး (၁ ကီလိုဂရမ်) တလုံးကို ၃.၀၇၇ ဒေါ်လာ၊ ရေသန့်စက် တလုံးကို ၁၀ ဒေါ်လာပေး၍ ဝယ်ယူနေရသည်ဟု မောင်တောမှ ကုန်သည်များက ဆိုသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား စုစုပေါင်းကုန်သွယ်မှု ပမာဏမှာ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၁၃၆.၆၄ သန်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ၈၄.၈၁ သန်း ရှိခဲ့ပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် စက်တင်ဘာလအထိ ၂၆.၉၈၉ သန်း ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများ အရ သိရသည်။