နိုင်ငံရေးဆွေးနွေးပွဲမူဘောင်နှင့်ပတ်သက်၍ RCSS/SSA မှ ဆွေးနွေးပွဲလုပ်

နိုင်ငံရေးဆွေးနွေးပွဲမူဘောင်နှင့်ပတ်သက်၍ RCSS/SSA မှ ဆွေးနွေးပွဲလုပ်
by -
သျှမ်းသံတော်ဆင့်

RCSS/SSA လွယ်တိုင်းလျဲန်းဌာနချုပ် ဗဟိုဦးဆောင်မှုကော်မတီအစည်းအဝေးတွင် တိုင်းရင်းသားပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ  WGEC မှ ရေးဆွဲသည့် နိုင်ငံရေးဆွေးနွေးပွဲမူဘောင်မူကြမ်း နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း ဆွေးနွေးပွဲတက်ရောက်သူများက ပြောသည်။

“ဆွေးနွေးတာက အကြောင်းရင်း နှစ်ရပ်ပါ။ ပထမ အချက်က ဦးသိန်းစိန်အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးရင် ဘယ်ခေါင်းစဉ်ပေါ် မူတည်ပြီးဆွေးနွေးမလဲ၊ နောက်ဒုတိယ တခုက WGEC မှ ရေးဆွဲသည့် Frame work က ဘာတွေရှိလဲ ကျနော်တို့ဆွေးနွေး လိုတဲ့ခေါင်းစဉ်နဲ့ ယှဉ်ပြီးဆွေးနွေးဖြစ်ကြတယ်” - ဟု တက်ရောက်သူ ဗဟိုဦးဆောင်မှုကော် မတီတွင်ပါဝင်သူတဦးက ပြော သည်။

ဧပြီ ၂၃ ရက် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ RCSS ၏ ဗဟိုဦးဆောင်မှုကော်မတီဝင် အရေးပေါ် အစည်းဝေးအား ဌာနချုပ်လွယ်တိုင်းလျဲန်း၌ ကျင်းပခဲ့သည်။ အဆိုပါအစည်းဝေးတွင် ဗဟိုဦးစီးကော်မတီဝင် ဗိုလ်မှူးအဆင့် အရာရှိ ၄၀ ခန့် တက်ရောက်ခဲ့သည်။

“WGEC က လေ့လာသုတေသနလုပ်ထားတဲ့ဟာက ကျနော်တို့သွားချင်တဲ့ခေါင်းစဉ်နဲ့ သိပ်ကွာခြားမှု မရှိဘူး။ ကျနော်တို့ တိုင်းရင်းသားတွေလိုလားချက်နဲ့ ကိုက်ညီတဲ့အချက်တွေကြီးဘဲ” - ဟု ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်က ပြောပါသည်။

“နိုင်ငံရေးဆွေးနွေးဖို့က သမ္မဦးသိန်းစိန်အစိုးရ စိတ်သဘောထားကြီးစွာနဲ့ ဘယ်အတိုင်းအတာထိ တံခါး ဖွင့်ပေး မလဲဆိုတဲ့ အပေါ်မူတည်ပါတယ်။ ကျနော်တို့ကတော့ နိုင်ငံရေးဆွေးနွေးပွဲမှာ အစိုးရ၊ နိုင်ငံရေး ပါတီ၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ နဲ့ လူမှုအခြေပြုအဖွဲ့အစည်းတွေပါ ပါဝင်ဖို့ပေါ့ -- စသဖြင့် ဆွေးနွေးပါတယ်” - ဟု ဆက်ပြောပါသည်။

WGEC - Working Group For Ethnic Co-ordination တွင် UNFC ညီညွတ်သောတိုင်းရင်းသား လူမျိုး များဖက်ဒရယ် ကောင်စီ အဖွဲ့အဝင်အပါအဝင် အခြား UNFC အဖွဲ့ဝင်မဟုတ်သည့် လက်နက်ကိုင် တပ်ဖွဲ့များ လူမှုအခြေပြုအသင်း အဖွဲ့များလည်း ပါဝင်သည်။ UNFC ကိုယ်စားလှယ်အချို့လည်း ပြည်တွင်းသို့ဝင်၍ တိုင်းရင်းသားခေါင်းဆောင်များ၊ ၂၀၁၀ ရွေးကောက်ပွဲဝင်တိုင်းရင်းသားပါတီများ အား သွားရောက်တွေ့ဆုံနေဆဲဖြစ်သည်။

WGEC Working Group for Ethnic Co-ordination ၏ နိုင်ငံရေးဆွေးနွေးရေးအတွက် မူဘောင် Frame work ကိုဖတ်ရှုလိုပါက - http://www.burmese.panglong.org/news/85-2008-08-01-03-14-40/3996-wgec----.html

Most read this week