တိုင်းရင်းသား လက်နက်ကိုင်များဖြင့် စုပေါင်း ဖွဲ့စည်းထားသည့် တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး အလုပ် အဖွဲ့ WGEC ( Working Group for Ethnic Co-ordinating)သည် ပြည်တွင်းရှိ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီများနှင့် ဧပြီလ ၂၂ ရက်နေ့၌ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင် တွေ့ဆုံပွဲ တစ်ရပ် ကျင်းပခဲ့သည်ဟု အဖွဲ့ ခေါင်းဆောင်ဖြစ်သူ နိုင်ဟံသာက ပြောပါသည်။
“အစိုးရနဲ့ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးတဲ့ နေရာမှာ တိုင်းရင်းသား အားလုံး ပါဝင်နိုင်အောင် ရည်ရွယ်ပြီးတော့ ကျနော်တို့ WGEC အဖွဲ့က ၂၀၁၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသား ပါတီတွေနဲ့ တွေ့ဆုံခဲ့ခြင်း ဖြစ်တယ်။” ဟု ဆိုပါသည်။
ထိုဆွေးနွေးပွဲသို့ WGEC အဖွဲ့မှ ဒေါက်တာရွှေခါးရ် နှင့် စောမြရာဇာလင်း တို့က ဦးဆောင်ပြီး ပြည်တွင်းရှိ တိုင်းရင်းသား ၁၂ ပါတီတို့နှင့် ဆွေးနွေးသွားခဲ့ခြင်းဖြစ် သည်။ ဆွေးနွေး ဆုံးဖြတ်ခဲ့သော သဘောတူ ချက်များကိုမူ မသိရှိသေး ကြောင်းဆိုပါ သည်။
ဆွေးနွေးခဲ့သော ပြည်တွင်းရှိ တိုင်းရင်းသားပါတီ (၁၂) ပါတီတို့မှာ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ ချင်း အမျိုးသား ပါတီ၊ အရှိုချင်း အမျိုးသား ပါတီ၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ ချင်း တိုးတက်ရေး ပါတီ၊ တအာင်း အမျိုးသားပါတီ၊ ကယန်း အမျိုးသား ပါတီ၊ တိုင်းရင်းသား လူမျိုးစုများ ဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ ဖလုံ- စဝေါ် ဒီမိုကရက်တစ် ပါတီ၊ ဓနု တိုင်းရင်းသား လူမျိုးများ ဒီမိုကရက်တစ် ပါတီနှင့် ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် တို့ဖြစ်ပြီး ကိုယ်စားလှယ်ပေါင်း(၄၀) ခန့်တက်ရောက် ခဲ့ကြသည်။
WGEC သည် ဤဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ပြီးခဲ့သည့် မတ်လ ကုန်ပိုင်းက ထိုင်း-မြန်မာ နယ်စပ်တစ်နေရာတွင် အစည်းအဝေးကျင်းပပြီး ဆုံးဖြတ်ခဲ့သည်။
သွေးစည်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC နှင့် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ တို့သည် လာမည့် မေလတွင် နိုင်ငံရေး အရ တွေ့ဆုံဆွေးနွေး ရန် ရှိနေပါသည်။ UNFC သည်ဤဆွေးနွေးပွဲ အတွက် အထောက် အကူဖြစ်စေရန် ယခုဆွေးနွေးပွဲကို ကျင်းပရခြင်း ဖြစ်သည်ဟု နိုင်ဟံသာ က ဆိုပါသည်။
“လက်ရှိ ဒီ လာမဲ့ မေလ အတွင်းမှာ ကျင်းပတဲ့ ကျနော်တို့ UNFC အဖွဲ့နဲ့ အစိုးရကိုယ်စားလှယ် အဖွဲ့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ ပြေလည်စေရန် ဘယ်လို လုပ်ဆောင်သွား ရင် ကောင်းမှာလဲ ဆိုတာ သူတို့ရဲ့ အမြင်တွေလဲ ပါဝင်စေ ချင် တယ်။” ဟု ဆိုပါသည်။
WGEC အဖွဲ့သည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် စက်တင်္ဘာလ (၁၄) ရက်နေ့တွင် ပြည်ပရောက်တိုင်းရင်းသားများ ပါဝင်သော ညီလာခံကို ထိုင်း-မြန်မာ နယ်စပ် တစ်နေရာတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ထို့အပြင် အစိုးရနှင့် နိုင်ငံေးအရ ဆွေးနွေးသည့်အခါ အထောက်အကူဖြစ်စေရန် UNFC သည် ၂၀၁၂ ခုနှစ် ဇွန်လ (၄) ရက် နေ့တွင် လည်း အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အပါဝင် စုစုပေါင်း (၁၉) ဖွဲ့ ပါဝင်သော ညှိနှိုင်းဆွေးနွေးပွဲ တရပ်ကို (၂) ရက်ခန့် ကျင်းပ ခဲ့ပါသည်
ဤဆွေးနွေးပွဲမှ တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး အလုပ် အဖွဲ့ WGEC ( Working Group for Ethnic Co-ordinating)ကို ကိုယ်စားလှယ် (၁၄) ဦး ဖြင့်စတင် ဖွဲ့စည်းခဲ့ပါသည်။