ပြည်တွင်း ပြည်ပ တိုင်းရင်းသား အဖွဲ့များ ရန်ကုန်မှာ တွေ့ဆုံဆွေးနွေး

ပြည်တွင်း ပြည်ပ တိုင်းရင်းသား အဖွဲ့များ ရန်ကုန်မှာ တွေ့ဆုံဆွေးနွေး
by -
မဇ္စျိမ

ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်ပအခြေစိုက် တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး အလုပ်အဖွဲ့ (WGEC) မှ ကိုယ်စားလှယ်များနှင့် ပြည်တွင်း တိုင်းရင်းသားနိုင်ငံရေးပါတီများမှ ခေါင်းဆောင် များ ဧပြီလ ၂၁ ရက်နှင့် ၂၂ ရက်နေ့များတွင် ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေး လျက် ရှိကြသည်။

WGEC မှာ ပြည်ပ အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများနှင့် တိုင်းရင်းသား နိုင်ငံရေး အဖွဲ့အစည်းအများစု ပါဝင်ပြီး ယခုဆွေးနွေးပွဲများအတွက် ကိုယ်စားလှယ်များအဖြစ် ရခိုင်လွတ်မြောက် ရေးပါတီ (ALP)မှ ဒေါ်စောမြရာဇာလင်းနှင့် ချင်းအမျိုးသားတပ်ဦး(CNF)မှ ဒေါက်တာ ရွှေခါးတို့က လာရောက်ကြခြင်းဖြစ်သည်။

“အဓိကအားဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် သူတို့မှာ ချမှတ်ထားတဲ့ မူဘောင် အချက်အလက်တွေကို ချပြဆွေးနွေးသွားတာပါ။ အဲဒီမှာ တိုင်ရင်းသား လူမျိုးများ၏ ငြိမ်းချမ်းရေး ဆိုင်ရာ နိုင်ငံရေး လုပ်ငန်းစဉ် ၆ ချက် ဆိုတာ ပါတယ်။ ပြီးတော့ ကျယ်ပြန့်သော ပြည်ထောင်စု ငြိမ်းချမ်းရေးနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီ ချက် (ပြည်ထောင်စု မြန်မာနိုင်ငံ) သဘောထား မူကြမ်း ဆိုတာ ပါပါတယ်” ဟု  ဆွေးနွေးပွဲ တက်ရောက်နေသူ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) အတွင်းရေးမှူး ဦးခိုင်ပြည်စိုး က ပြောသည်။

ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီ ခန်းမတွင် ဧပြီ ၂၂ ရက်နေ့ နံနက် ၁၀ နာရီမှ စတင်ဆွေးနွေး သည့် တွေ့ဆုံပွဲသို့ တရားဝင် နိုင်ငံရေးပါတီ ၁၂ ဖွဲ့မှ ကိုယ်စားလှယ် ၅၀ တက်ရောက်ခဲ့ကြသည်။

WGEC ၏ လုပ်ငန်းစဉ် ၆ ချက်တွင် အားလုံး ပါဝင်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ တရပ် ဖွဲ့စည်းရေး အပါအဝင် နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်၊ တွေ့ဆုံ ဆွေးနွေးရေးဆိုင်ရာ မူဘောင် ချမှတ်နိုင်ရေး၊ တွေ့ဆုံဆွေးနွေးရေးဆိုင်ရာ သဘောထားနှင့် သဘောတူညီချက်များ ရရှိရေး၊ နိုင်ငံရေးပါတီ အဖွဲ့အစည်းများနှင့် လူမှုအဖွဲ့ အစည်းများ အားလုံးနှင့် တိုင်ပင်ညှိနှိုင်း ဆောင်ရွက်ရေးတို့ ပါဝင်ကြောင်း ဦးခိုင်ပြည်စိုး က မဇ္စျိမကို ပြောသည်။

ဧပြီလ ၂၁ ရက်နေ့ကလည်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိအဖွဲ့ (UNA)မှ ခေါင်းဆောင်များ နှင့် WGEC ကိုယ်စားလှယ်များ တော်ဝင်နှင်းဆီ ခန်းမတွင်ပင် တွေ့ဆုံခဲ့ရာ UNA အဖွဲ့ဝင် ၂၀ ကျော် တက်ရောက် ခဲ့ပြီး တိုင်းရင်းသားညီလာခံ ခေါ်ယူရေး၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း တက်ရောက်ခဲ့သူများကပြောသည်။

“ငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်လာရင် ဘာတွေကို ဆွေးနွေးမယ်၊ တိုင်းရင်းသား ပေါင်းစုံပါတဲ့ဆွေးနွေးပွဲကို ဘယ်မှာလုပ်မယ်၊ ဘယ်လို အဖွဲ့အစည်းတွေ ပါမယ်၊ အရင်က မတရားအသင်း ကြေညာခံထားရတဲ့ အဖွဲ့တွေ ပါလာရင် အစိုးရအနေနဲ့ ဘယ်လို သဘောထားမလဲ။ ၁၇(၁)နဲ့ အရေးယူမလား၊ ဒါတွေကို ဆွေးနွေး ဖြစ်တယ်။ ဒါက တိုင်းရင်းသား ပါတီတွေ အဆင့်ပဲ ရှိသေးတယ်။ ဗမာပါတီတွေ မပါသေးဘူး။ ငြိမ်းချမ်းရေး အတွက် ကြိုးစားတာကို ဝမ်းသာပါတယ်။ ဖြစ်မြောက်အောင် လုပ်ကြပါလို့ ဒါပဲပြောချင်တယ်” ဟု UNA ခေါင်းဆောင်တဦး ဖြစ်သူ မွန်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်း က ရှင်းပြသည်။

နောက်တကြိမ် တိုင်းရင်းသားခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲကို လာမည့် ဧပြီလ ၂၉-၃၀ ရက်နေ့များတွင် ပြုလုပ်သွား မည်ဖြစ်ပြီး ကျင်းပမည့်နေရာ အတိအကျကိုမူ မသတ်မှတ်ရသေးကြောင်း ဦးနိုင်ငွေသိန်း က ပြောသည်။

UNA မှာ တိုင်းရင်းသားများအရေးကို ဆောင်ရွက်နိုင်ရန် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲနိုင် တိုင်းရင်းသား ပါတီများ ဖြစ်ကြသည့် ရှမ်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန် ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဇိုမီး အမျိုးသား ကွန်ဂရက် စသည့် ပါတီများဖြင့် စစ်အစိုးရ လက်ထက်က စုစည်းထားခဲ့ခြင်း ဖြစ်သည်။

WGEC ၏ ချပြဆွေးနွေးချက်များတွင် ပင်လုံကဲ့သို့ ညီလာခံတရပ် ခေါ်ယူရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင် ရေးတို့ ပါဝင်ပြီး ၎င်းတို့ကို ပြန်လှန်ဆွေးနွေးရန်မှာ ပြည်တွင်း တိုင်းရင်းသား အင်အားစုများ အနေဖြင့် လေ့လာသုံးသပ်မည့် အချိန် လိုအပ်နေသေး၍ နောက်ပိုင်းတွင်သဘောထား ပြန်ကြားကြမည်ဟုလည်း တက်ရောက်ခဲ့ကြသည့် တိုင်းရင်းသား ခေါင်းဆောင်များက မှတ်ချက်ပြုကြသည်။