အမှတ် ၁၄ စစ်လေ့ကျင့်ရေးကျောင်း ရုတ်သိမ်းဖို့လူထုဆန္ဒ ဖော်ထုတ်ပွဲပြုလုပ်

အမှတ် ၁၄ စစ်လေ့ကျင့်ရေးကျောင်း ရုတ်သိမ်းဖို့လူထုဆန္ဒ ဖော်ထုတ်ပွဲပြုလုပ်
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ) ပြည်နယ် ဖရူဆိုနယ်အတွင်းရှိ အမှတ် ၁၄ စစ်လေ့ကျင့်ရေးကျောင်း ပြန်လည်ရုတ် သိမ်းရေးနှင့် မြေယာများပြန်လည်ရရှိရေး အတွက် လူထုန္ဒဖော်ထုတ်ပွဲနှင့် တွေ့ဆုံပွဲကိုမာခရောရှေ့ ကျေးရွာမှာ ပြုလုပ်ခဲ့ကြပါတယ်။

"တောင်းဆိုချင်တာကတော့ ဒီကျောင်းကိုပြန်ရုတ်သိမ်းပေးဖို့ သို့မဟုတ် ဒီလေ့ကျင့်ရေးကျောင်းကို တခြားလုပ်ငန်းနဲ့ အစားထိုးပေးဖို့ နောက်ပြီးတော့ ထပ်တိုးမချဲ့ပေးဖို့ ဒီတိုင်းပဲနေပြီးတော့ ကျန်တဲ့အိမ်မ ဆောက်တဲ့ အဆောက်ဦး မဆောက်သေးတဲ့နေရာကို လွတ်လွတ်လပ်လပ် ကျနော်တို့ကျေးရွာတွေနဲ့လယ် ယာမြေတွေ လုပ်စားပေးဖို့ ကျနော်တောင်းဆိုချင်တယ်" ဖရူဆိုမြို့နယ်မှ  ဒေသခံတဦးဖြစ်တဲ့ ဦးဖဲဘူးက ပြောသွားတာဖြစ်ပါတယ်။

ဖရူဆိုမြို့နယ် ဒေသခံရွာသူရွာသားများမှ အမှတ် ၁၄ စစ်လေ့ကျင့်ရေး ကျောင်း ကိုပြန်လည်ရုတ်သိမ်းရေး၊ သိမ်းဆည်းပြီးမြေ ယာများပြန်လည်ရရှိရေး၊ တည်ဆောက်ပြီးစီးသွားပြီဖြစ်သည့် အဆောက်အဦးများအား လူထုအကျိုးပြု အဆောက်အဦးများ အဖြစ်ပြန်လည် အသုံးပြုနိုင်ရန်ဆောင်ရွက်ပေးရေး စသည်ဆိုင်ဘုတ်များ ကိုကိုင်ဆောင်ကာ ဆန္ဒ ထုတ်ဖော်ကြတာဖြစ်ပါတယ်။

ဒေသခံတို့မြေယာသိမ်းဆည်းခံရမှုနှင့် အမှတ်၁၄ လေ့ကျင့်ရေးကျောင်းအပေါ် ကန့်ကွက်သည့်လှုပ်ရှား မှုများအနေဖြင့် လူထုဆန္ဒမဲ ခံယူပွဲများ၊ ဆုတောင်းပွဲများကိုလည်း ၁၀ ကြိမ်ထက်မနည်းပြုလုပ်ခဲ့ကြပြီး သက်ဆိုင်ရာ အစိုးရထံတင်ပြထားတယ်လို့ဆိုပေမဲ့လည်း ဘာမှအကြောင်းမထူးလာတဲ့အတွက် ယခုလို ထပ်မံဆန္ဒဖော် ထုတ်ဖို့ တွေ့ ဆုံပွဲ ကျင်းပရခြင်းဖြစ်တယ်လို့ ခိုလျှေဆို တောင်သူလယ် သမားကော်မတီမှ ဆရာစဲရယ်က ယခုလိုပြောသွားပါတယ်။

"ကျနော်တို့ဒီနေ့လူထုတွေ့ဆုံပွဲလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ကျနော်တို့အရင်ကလုပ်ရှားတာ ကျနော်ခုနပြောသလိုမျိုး လုပ်ရှားလာတဲ့ လုပ်ရှားမှုအပေါ်မှာ ကျနော် တို့ကျေနပ်မှု အားရမှုမရှိတဲ့ခါကျတော့ ဒီနေ့ နောက်ဆုံးအဆင့်လို့ ပြောရမှာပေါ့နော အဲဒါကျနော်တို့လူထုတွေလုပ်ရှားနေတဲ့လုပ်ရှားမှုမှာ လူထုတွေသဘော ပေါက် အောင် နောက်ပြီး တော့ ကျနော်တို့ကြံုတွေ့နေရတဲ့ အဓိက လယ်ယာမြေ ပြဿနာပေါ့ နော အဲဒါလည်းလူထုတွေ ထပ်တူထပ်မျှခံစားပြီးတော့မှ ကျနော်တို့နဲ့ သိရှိနားလည် သွားအောင် နောက်ပြီးတော့ အမှတ် ၁၄ ပြန်လည်ရုတ်သိမ်းပေးဖို့လည်း ကျနော်တို့လူထုတရပ်လုံးနဲ့ ကျနော်တို့ တသံထဲဖြစ်အောင် ဒီနေ့ကျနော်တို့ ခေါ်တွေ့ ပြီးတော့မှ တွေ့ဆုံပွဲတခုလုပ်ရခြင်းဖြစ် တာပေါ့နော"

၎င်းတွေ့ဆုံပွဲမှာ မြေယာသိမ်းဆည်းခံရခြင်းနဲ့ အမှတ် ၁၄ စစ်လေ့ကျင့်ရေးကျောင်း အပေါ် ခိုလျှေဆို တောင်သူ လယ်သမား များကော်မတီမှ ထုတ်ပြန်ကြေညာချက် အပြင် KCSN ၏ ထုတ်ပြန်ကြေညာချက်၊ ကယားပြည်နယ် ၀ိဇ္ဇာ သိပ္ပံ ကျောင်းသားသမဂ္ဂမှ ထုတ်ပြန်ကြေညာချက်၊ ကယန်းပြည်သစ်ပါတီမှ ပေးပို့သည့်သဝဏ်လွှာများ ဖတ်ကြားခြင်းနှင့် လူ့အခွင့်အရေး အကြောင်းဟောပြောခြင်း၊တို့ပြုလုပ်ခဲ့ပါတယ်။

ပူးတွဲကော်မတီဖွဲ့ထားပြီး ဒေသခံတွေရဲ့ ဆန္ဒအမှန်ကို ရယူပြီး ရရှိလာတဲ့ သတင်းအချက်အလက်တွေကို စုစည်းပြီးတော့ အစီရင်ခံစာတစောင်ရေးဖို့ ဒီအစီရင်ခံစာကလည်း ပူးတွဲအစီရင်ခံစာပေါ့နော်။ ဘယ်နေ့ ဘယ်ရက်နောက်ဆုံးဆိုတာ သဘောတူညီခဲ့တယ်။

သို့သော် အစိုးရဘက်ကနေပြီးတော့မှ တာဝန်ပေးလိုက်တဲ့ ပူးတွဲကော်မတီထဲက လူပုဂ္ဂိုလ်တွေဟာ အဲဒီစီမံကိန်းမှာပါဝင်ပြီးတော့ လမ်းညွန်တဲ့ ညွန်ကြားမှုပေးတဲ့သူတွေ ပုဂ္ဂိုလ်တွေဆောင်ရွက်ပေးတဲ့ သူတွေ ဖြစ်တဲ့အတွက်ကြောင့် လူထုတွေကတော့ သူတို့ရဲ့ဆန္ဒသဘောထားအမှန်အကန်ကို ပွင့်ပွင့်လင်းလင်း ပြောတယ်။ ဒါပေမဲ့လူထုတွေရဲ့ သဘောထား ဆန္ဒအမှန်အကန်တွေဟာ အစီရင်ခံစာပြုစုတဲ့အခါမှာ တခုမှမပါလာဘူး။

၂၀၁၂ ခုနှစ် ဇွန်လမှာကတည်းက KNPP နဲ့ မြန်မာအစိုးရတို့ ပထမအကြိမ် ပြည်ထောင်စုအဆင့် တွေ့ဆုံခဲ့စဉ် မှာလည်း စစ်ရေးလေ့ကျင့်ရေးကျောင်းကိစ္စနဲ့ ပတ်သက်လို့ လူထုဆန္ဒအမှန်ကန် သိရှိဖို့အတွက် ပူးတွဲကော်မတီကို မြို့နယ်အဆင့် ပြည်နယ် အဆင့်ဖွဲ့ထားပြီး သမ္မတထံအစီရင်ခံစာ ပေးပို့ပြီးဖြစ်သော်လည်း အစီရင်ခံစာထဲတွင် လူထုဆန္ဒအမှန်အကန်ကို ထည့်သွင်းထားခြင်း မရှိတဲ့အတွက် KNPP အနေနဲ့အဲဒီအစီ ရင်ခံစာ ကို ကန့်ကွက်ထားပါတယ်။ ဒါ့အပြင် ယခုလာမည့် ဒုတိယအကြိမ် ပြည်ထောင်စု အဆင့်တွေ့ဆုံ ဆွေးနွေးပွဲမှာလည်း အဲဒီကိစ္စအဓိကထား ဆွေးနွေးသွားမှာဖြစ်တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီမှ အတွင်းရေးမှူး ၁ ခူးဦးရယ် ကယခုလိုပြောသွားပါတယ်။

“ကျနော်တို့ဘက်မှာ အဆုံးစွန်လုပ်ပေးနိုင်တာက ဘာပဲဖြစ်ဖြစ် ကျနော်တို့ ပြည်နယ်အဆင့်နဲ့ကော ပြည်ထောင်စု အဆင့်ထိကော ပြေလည်တဲ့အထိ ညှိနှိုင်းဆောင်ရွက်ဖို့ စီစဉ်ထားချက်ရှိတယ်ပြင်ဆင် ထားချက်ရှိတယ်။ ကျနော်တို့မှာ ဘယ်လိုအကြောင်းပြချက်တွေနဲ့ တင်ပြပြီးတော့ ညှိနှိုင်းဆောင် ရွက်မလဲ ဆိုပြီးတော့ ကျနော်တို့ လုပ်ထားပြီးသားဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် မလွှဲမသွေ ဒီကိစ္စကိုတော့ ကျနော်တို့ အဓိကထားပြီး ပြန်လည်ဆွေးနွေးတဲ့ အကြောင်းအချက် အားလုံးထဲကတော့  အဓိကကျတဲ့အကြောင်းတခု အနေနဲ့ပါပါတယ်။ ပြန်ပြီးတော့ ညှိနှိုင်းဆောင်ရွက်မယ်”