KIA တပ်ရင်း ၁၇ တွင် အစိုးရနှင့် တိုက်ပွဲဖြစ်

KIA တပ်ရင်း ၁၇ တွင် အစိုးရနှင့် တိုက်ပွဲဖြစ်
by -
ကချင်သတင်းဌာန

ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၁၇ နယ်မြေတွင် အစိုးရနှင့် KIA တပ်ဖွဲ့ကြား စနေနေ့ တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ ၄ တပ်ဖွဲ့များ။

တိုက်ပွဲသည် ဧပြီလ ၂၀ ရက်နေ့ တပ်ရင်း ၁၇ နယ်မြေမနောင်ဘွမ် (Manau Bum) တွင် အစိုးရစစ်တပ် ခလရ ၁၂၉ တပ်ဖွဲ့နှင့် အခြားအမည်မသိရသော တပ်ဖွဲ့များလည်းပါ၀င်ပြီး KIA တပ်ဖွဲ့များရှိသည့် နေရာသို့ ထိုးစစ်ဆင်လာချိန် KIA တပ်ဖွဲ့များပစ်ခတ်လိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထိုပစ်ခတ်မှုသည် မနက် ၅ နာရီခွဲမှ ၈ နာရီဝန်းကျင်တွင်တစ်ကြိမ်နှင့် ၁၁ နာရီမှ ညနေပိုင်း ၃ နာရီခန့်တွင် တစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း တပ်မဟာ ၄ KIA အရာရှိတစ်ဦးကပြောသည်။

“သူတို့ကနောက်ဆုတ်သွားလိုက်ပြန်ပစ်လိုက််နဲ့ အဲဒီလိုပစ်လိုက်ရပ်လိုက်နဲ့ပစ်ခတ်ကြတာ။ နောက်တော့ နောက်ဆုတ် သွားတယ်။ ဘယ်လောက်သေတယ် ဒဏ်ရာရတယ်တော့မသိဘူး။ ကျနော်တို့ဘက်ကတော့ ဘာမဖြစ်ဘူး။ အစိုးရတွေဆီက သေနတ်၂လက်တော့သိမ်းရတယ်”

ထို့ပြင် ဧပြီ ၂၁ ရက်နေ့တွင် တိုက်ပွဲ ဖြစ်ပွားမှုမရှိသော်လည်း အစိုးရတပ်ဖွဲ့များသည် နမ်ယူးဘွမ် (Nam Yu Bum) မှ KIA တပ်ဖွဲ့များရှိသည့်နေရာ မနောင်ဘွမ် (Manau Bum) သို့ နံနက် ၁၀ နာရီမှ ၁၂ နာရီဝန်းကျင်ထိ ၁၂၀ မမလက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရသည်။

“ဒီနေ့တော့တိုက်ပွဲတော့ မဖြစ်ဘူး။ ဒါပေမဲ့နမ်ယူးမှာနေတဲ့အစိုးရတွေက ကျနော်တို့နေတဲ့နေရာကို ၁၂၀ မမလက်နက်ကြီးနဲ့ပစ်တာ အနီးတဝိုက်မှာ လာကျတယ်။ ဒါပေမဲ့ဘာတော့မဖြစ်ဘူး” ဟု တပ်မဟာ ၄ KIA အရာရှိတစ်ဦးက KNG ကချင်သတင်းဌာန သို့ပြောသည်။

ထိုတိုက်ပွဲများဖြစ်ပွားလာခြင်းကြောင့် တပ်ရင်း ၁၇ နယ်မြေရှိနမ်ယူး (Nam Yu)၊ နမ်ဒေါင် (Nam Dau)၊ နောင်ချို (NawngChyu) စသည့် ကျေးရွာမှ ပြည်သူများသည် မိမိတောင်ယာ၊ လယ်ယာများနှင့် တောများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

Most read this week