ဖယ်ဒရယ်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ

ဖယ်ဒရယ်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ
by -
ခိုနူမ်းထုန်

ဖယ်ဒရယ်ဆိုသောဝေါဟာရ သည် ရောမစကား Foedus မှ အမြူတေ၍ ဆင်းသက် လာပြီး၊ စုပေါင်း သဘောတူ စာချုပ်အရ ဖွဲ့စည်းခြင်းဟု အဓိပါယ်ရပါသည်။ ဖယ်ဒရယ်နိုင်ငံ သည်လည်း လွတ် လပ်သောနယ် ပယ် များမှ ဘုံအကျိုး တူစီးပွားရေးအတွက် သဘောတူစာချုပ် ချုပ်ဆိုပြီး၊ အချုပ် အချာပိုင်နိုင်ငံတခုအဖြစ် ဖွဲ့စည်းတည်ထောင်ကာ၊ ဒီမိုကရေ စီစံနစ်ကိုအခြေခံပြီး အာဏာခွဲဝေ ကျင့်သုံးသောနိုင်ငံဟု ကျွနု်ပ်တို့လက်ခံ ယူဆထားပါ သည်။

စစ်မှန်သောဖယ်ဒရယ်ဆိုရာ၌ ဖယ်ဒရယ်မှုပြုခြင်း (Federation) ကိုသာ အများလက်ခံကြ သည့် အ လျှောက်၊ ဗဟိုအစိုးရနှင့် ဒေသန္တရအစိုးရအကြား အာဏာခွဲဝေရာတွင်၊ ဗဟိုအစိုးရလုပ်ပိုင် ခွင့် အာဏာအား အဖွဲ့ဝင်များ မှ စုပေါင်း ပေးအပ်ပြီး ကျန်အာဏာများအားလုံး မူလပိုင်ရှင် လွတ်လပ်သော အဖွဲ့ဝင်နယ်ပယ်များမှဆက်လက် ပိုင်ဆိုင် ခြင်းဖြစ် သည် ဟု လက်ခံထားပါသည်။ (ဥပမာ – အမေရိကန်နိုင်ငံ၊ ဆွီဇာလန်နိုင်ငံ၊ မက္ကဆီကို နိုင်ငံ၊ ဘရာဇီးနိုင်ငံ etc…..)

ဖယ်ဒရယ်တည်ထောင်ရခြင်းအကြောင်းရင်းများ။

၁။ လူမျိုးပေါင်းစုံနေထိုင်ကြသော နိုင်ငံများ (Multination States) ၌ အမျိုးသားအခွင့်အရေး များ၊ မွေးရာပါ အခွင့်အရေး များ၊ နိုင်ငံရေးအခွင့်အရေးများနှင့် အခြားသော အခွင့်အရေးများ ဆုံးရှုံး နစ်နာမှုမရှိစေရန် သော်၎င်း၊ နိုင်ငံအတွင်း မှီတင်း နေ ထိုင်ကြသော နိုင်ငံသားအားလုံး၏ အကျိုး စီးပွားပိုမိုဖြစ်ထွန်းစေရန် သော်၎င်း၊ ရည်ရွယ်၍ ဖယ် ဒရယ်နိုင်ငံ တည် ထောင်ကြလေ့ရှိသည်။

၂။ ဒုတိယကမ္ဘာစစ်အပြီး ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံ၌ “ အမျိုးသားတိုင်း အမျိုးသား နိုင်ငံတော် တည်ထောင်ခွင့် ရှိသည် ” ဟူသော ယူဆချက်ပြင်းထန်လာပါသည်။ သို့သော် နိုင်ငံငယ်များ တည်ထောင်၍ အကျိုးစီးပွားဆုတ် ယုတ်စေမည့်အစား၊ သင့်တော်ရာနယ်ပယ်များစုပေါင်း၍ ဖယ်ဒရယ်နိုင်ငံတည်ထောင်ခြင်းဖြင့် ပိုမိုအကျိုးစီး ပွား ဖြစ်ထွန်းကြောင်း နားလည် သိရှိကြသောကြောင့် ဖယ်ဒရယ်နိုင်ငံတည်ထောင်ကြလေ့ရှိသည်။

၃။ “ စည်းလုံးခြင်းသည် ခွန်အား ” ဟူသော ဆောင်ပုဒ်အတိုင်း၊ အင်အားနည်းသော နိုင်ငံများအား အင်အား ကြီးသော နိုင်ငံမှ ကျူးကျော်ထိပါးခြင်း (သို့) ကျူးကျော်ထိပါးခံရနိုင်ဖွယ်ရှိခြင်းရန်မှ ကင်းလွတ်ရန်၊ လုံခြံုရေးအရ စု ပေါင်းဖယ် ဒရယ်နိုင်ငံ တည်ထောင်ကြလေ့ရှိသည်။

၄။ လူမျိုးရေးအရ ကွဲပြားခြားနားမှုမရှိသော်လည်း၊ နယ်မြေကျယ်ပြန့်ခြင်း၊ ထိရောက်သော အုပ်ချုပ်ရေး စံနစ် ဖော် ဆောင်လိုခြင်းတို့ကြောင့် “ အာဏာကို အောက်ခြေအထိ ဖြန့်ကျက်ရမည် ” ဟူသော ဆိုရိုးစကားအတိုင်း ဖယ်ဒရယ် စံနစ် ကို တည်ဆောက်ကြလေ့ရှိသည်။ ဖယ်ဒရယ်စံနစ်၏ မူလသဘာဝသည် အာဏာကိုအောက် ခြေ သို့ ဖြန့်ကျက်ပြီး သား လည်း ဖြစ်သည်။

အထက်ပါအချက် (၄) ချက်ကို လေ့လာခြင်းအားဖြင့် ဖယ်ဒရယ်စံနစ်သည် “ အချုပ်အခြာ အာဏာနှင့် အကျိုး အမြတ်လဲလှယ်သော စံနစ် ” အဖြစ် မှတ်ယူနိုင်သကဲ့သို့ “ ခွဲထွက်ခြင်း မဟုတ်ပဲ ပေါင်းစည်းခြင်း  ဖြစ်သည် ” ဟု လည်း မှတ်ယူလက်ခံနိုင်ပါသည်။ ထို့ကြောင့် ယနေ့ ရာကျော်သော ကမ္ဘာ့နိုင်ငံများတွင် ၂ဝ ခန့်သော ဖယ်ဒ ရယ်နိုင်ငံများမှ ကမ္ဘာ့မြေမျက်နှာ်ပြင်၏ တစ်ဝက်ကျော်ကို ပိုင်စိုးထားနေပါသည်။ တိုးတက်ဖွံ့ဖြိုးသော နိုင် ငံများလည်း ဖြစ်ကြပါသည်။

ဖယ်ဒရယ်စံနစ်၏ အထူးကြန်အင်လက္ခဏာများ

၁။ အာဏာခွဲဝေခြင်း။

၂။ ဖွဲ့စည်းပုံအခြေခံဥပဒေရေးသားထားရှိခြင်း။

၃။ တင်းကြပ်သောဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ခြင်း။

၄။ ဖွဲ့စည်းပုံအခြေခံဥပဒေအထွဋ်အမြတ်ရှိခြင်း။

၅။ သီးခြားလွတ်လပ်သော တရားစီရင်ရေးစံနစ်။

၁။ အာဏာခွဲဝေခြင်း။

ဖယ်ဒရယ်နိုင်ငံများတွင် အစိုးရအာဏာအား ယေဘုယျအားဖြင့် လုပ်ပိုင်ခွင့်အာဏာစာရင်း သုံးမျိုးခွဲ ခြားထား လေ့ရှိပါသည်။ ဗဟို/ ဖယ်ဒရယ်အစိုးရလုပ်ပိုင်ခွင့်အာဏာ (Central/ Federal list) ၊  အဖွဲ့ဝင် / ပြည် နယ်အစိုးရ လုပ်ပိုင်ခွင့်အာဏာ (State list) ၊ နှင့် ထပ်တူ အညွှန်းပြု အာဏာ (Concurrent list) ဟူ၍ ဖြစ် သည်။

Central/ Federal list တွင် ဗဟိုအစိုးရနှင့် ဆိုင်သောအရာများဖြစ်သည့် နိုင်ငံတော် ကာကွယ်ရေး၊ နိုင်ငံတကာ ဆက်ဆံရေး၊ ငွေကြေးဒင်္ဂါးပြုလုပ်ခြင်း၊ ရထားပို့ဆောင်ရေး၊ စာတိုက်နှင့် ကြေးနန်း …etc…များ ပါဝင် သည်။ ၎င်းလုပ်ပိုင်ခွင့်များကို အဖွဲ့ဝင်ပြည်နယ်အစိုးရ များမှ အပ်နှင်းလေ့ရှိ ပါသည်။ အမေရိကန်နိုင်ငံ တွင် ဖယ်ဒ ရယ်အစိုးရမှ လုပ်ပိုင်ခွင့်အာဏာ ၁၈ ခု အပ်နှင်းထား ပါသည်။

ပြည်နယ်အစိုးရလုပ်ပိုင်ခွင့် (State list) သည် ပြည်နယ်အတွင်း ကျန်းမာရေး၊ ပညာရေး၊ စက်ရုံ၊ တရား ဥပဒေစိုးမိုးရေး…etc … များဖြစ်ကြပါသည်။ အမေရိကန်နိုင်ငံတွင် ဖယ်ဒရယ်အစိုးရ လုပ်ပိုင်ခွင့် ၁၈ ချက်မှ အပ ပြည်နယ်အစိုးရမှ အားလုံးပိုင်ဆိုင်ထားပါသည်။ ပြည်နယ်အစိုးရ လုပ်ပိုင်ခွင့် အာဏာအား တဖက်သတ်ပြ ဌာန်းလုပ်ပိုင် ခွင့်အာဏာ (Exclusive Power) အဖြစ် သတ်မှတ်လေ့ရှိပါသည်။ ဗဟိုအစိုးရမှ ဝင်ရောက်စွက် ဖက်လေ့မရှိကြပါ။

ထပ်တူအညွှန်းပြုအာဏာ (Concurrent list) သည် ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရကြား ပူးတွဲ လုပ်မှရ မည့်အရာ၊ တဖက်သတ်လုပ်၍ မပြီးပြတ်နိုင်သောအရာများအား ဆိုလိုပါသည်။ ဥပမာ- အခွန်ကောက်ခံပိုင်ခွင့် အာဏာ၊ လမ်းပန်းဆက်သွယ်ရေးရာများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးရာများ၊ ကြေးငွေချေးငှားခြင်းအ ရာ စသည်တို့ဖြစ် ပါသည်။

ထို့ပြင် ကြွင်းကျန်အာဏာ (Residuary Power) များအား ဗဟိုအစိုးရလုပ်ပိုင်ခွင့်နှင့် ပြည်နယ် အစိုးရ လုပ်ပိုင်ခွင့်၊ မည်သည့်နေရာ၌ ထားရှိရမည့်အကြောင်းများလည်း ရှိပါသေးသည်။ စစ်မှန်သော Federation စံနစ်နိုင်ငံများတွင် ဗဟိုအစိုးရအား အာဏာကန့်သတ်ပေးထား သည့်ဖြစ် ရာ ပြည် နယ်လုပ်ပိုင်ခွင့်၌ ထားရှိခြင်း သည် ပိုသင့်တော်သည်ဟု နိုင်ငံရေး သိပ္ပံပညာ ရှင်များက ယူဆလေ့ရှိကြပါသည်။ ထို့ကြောင့် ကြွင်းကျန်အာဏာအား ပြည်နယ်မှမပိုင်ဆိုင်လျှင် စစ်မှန်သောဖယ်ဒရယ်စံနစ်မဟုတ်ဟု ယူဆသူများလည်း ရှိပါသေးသည်။

၂။ ဖွဲ့စည်းပုံအခြေခံဥပဒေရေးသားထားရှိခြင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေရေးသားထားရှိခြင်းသည် ဖယ်ဒရယ်နိုင်ငံတော်၏ အာမခံချက်ဖြစ် သည်။ နိုင်ငံ တော်စာ ချုပ်အား ပါဝင်ထည့်သွင်းအကျုံးဝင်စေရမည်။ ဗဟိုအစိုးရနှင့် ပြည်နယ် အစိုးရ ကြားလုပ်ပိုင်ခွင့်နယ်ပယ် မရှုပ်ထွေး စေရန် တိကျရှင်းလင်းစွာရေးသားဖော်ပြထားရမည်။ ထို့ကြောင့် မရှိမဖြစ်လိုအပ်သောအရာလည်း ဖြစ်သည်။

၃။ တင်းကြပ်သောဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ခြင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်၏ အာမခံချက်၊ အသက်သွေးကြောတမျှ အရေး ပါနေသော ကြောင့် တင်းကျပ်သည့်ဥပဒေဖြစ်ရန် အထူးလိုအပ်ပါသည်။ တဖက် သတ်ပြုပြင်၊ ပြောင်းလဲ၊ ဖြည့်စွက်၊ ဖျက် သိမ်း၊ ပြင်ဆင်ခြင်း များပြုလုပ်ခွင့် မရှိပဲ ပြည်နယ် အစိုးရအများစု၏ ဆန္ဒအရ သာပြုလုပ်ရမည်ဖြစ်သဖြင့် ခိုင် မာတင်းကြပ်မှုရှိရမည် ဖြစ်သည်။

၄။ ဖွဲ့စည်းပုံအခြေခံဥပဒေအထွဋ်အမြတ်ရှိခြင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရအကြား လုပ်ပိုင်ခွင့် အာဏာများ သီးခြားပြ ဌာန်းထားရှိခြင်း၊ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများ၏ အုပ်ချုပ်ရေးစံနစ်တခုလုံးနှင့် ၎င်းတို့မှထုတ်ပြန်သော ဥပ ဒေများ၊ အမိန့်အာဏာများအာလုံး ဖွဲ့စည်းအခြေခံဥပဒေနှင့် ဆန့်ကျင်မှု မရှိပဲ လိုက်လျှောညီထွေလုပ် ဆောင်ရ မည်ဖြစ်သဖြင့် အထွဋ်အမြတ်ထား ထိန်းသိမ်းရန် အထူးလို အပ်ပါသည်။

၅။ သီးခြားလွတ်လပ်သော တရားစီရင်ရေးစံနစ်။

ဖယ်ဒရယ်စံနစ်တွင် သီးခြားလွတ်လပ်၍ စွမ်းအင်ရှိသောတရားရေးစံနစ်တည်ရှိရန် အထူးလိုအပ်ပါ သည်။ ဗဟိုတရားရုံး (Supreme Court) သည် ဗဟိုနှင့် ပြည်နယ်အစိုးရများမှ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား သစ္စာရှိစွာ လေးစား လိုက်နာ်ဆောင်ရွက်မှုရှိမရှိအား မျက်ခြေမပြတ်စောင့်ကြည့်ရန် လိုအပ်ပါသည်။ ဗဟိုတရား ရုံးသည် ဖွဲ့စည်းပုံ ခြေခံဥပဒေအပေါ် အုပ်ထိန်းသူအဖြစ် ရပ်တည်ပြီး၊ ဥပဒေအကြောင်းအရာများ အား ရှင်းလင်း ခြင်း၊ ဥပဒေအ ကြောင်းအရာများ လွဲမှားစွာကောက်ယူ အဓိပါယ်ဖွင့်ခြင်းနှင့် လုပ်ဆောင်မှုများ အပေါ် ဆုံးဖြတ် ချက်ချရမည်ဖြစ် သည်။ ထို့ကြောင့် သီးခြား လွတ်လပ်သောတရားရေးစံနစ်ဖြစ်ရန် လိုအပ်ပါသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ

ပြည်ထောင်စုမြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီလက်အောက်မှ လွတ်မြောက်လာချိန်၌ လွတ်လပ်၍ အချုပ် အချာ အာဏာပိုင်ဆိုင်သော နိုင်ငံအဖြစ် ပေါ်ထွန်းလာပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံ၏ အခြေခံသဘော သဘာဝအား လေ့လာမည်ဆိုလျှင် ပင်လုံစာချုပ်နှင့် ၎င်းစာချုပ်၌ လက်မှတ်ရေး ထိုးလာခဲ့သောအမျိုးသား ခေါင်း ဆောင်များ ၏ စိတ်ဓါတ်ကိုပါလေ့လာရန် အထူးလိုအပ်ပါသည်။

ပင်လုံစာချုပ်သည် အထူးသဖြင့် လွတ်လပ်၍သီးခြားဖြစ်နေသော နယ်ပယ်ကြီး (၄) ခုကို အခြေခံထား ပါသည်။ ၎င်းတို့မှာ ချင်းတောင်တန်းအက်ဥပဒေ ၁၈၉၆ (The Chin Hills Regulation – 1896) ဖြင့် အုပ်ချုပ် သောနယ်မြေ၊ ကချင်တောင်တန်းဒေသဥပဒေ (The Kachin Hill Tribes Regulation) ဖြင့် အုပ်ချုပ်သော နယ် မြေ၊ ပြည်ထောင်စုရှမ်းပြည်အက်ဥပဒေ (Federated Shan States) ဖြင့် အုပ်ချုပ်သောနယ်မြေနှင့် The Gorvernment of Burma Act, 1935 ဖြင့် အုပ်ချုပ်သောနယ်မြေများမှ အမျိုးသားကိုယ်စားလှယ်ကြီးများ သ ဘောတူလက် မှတ်ရေးထိုးကာ ဘုံအကျိုးစီးပွားကိုမျှော်ကိုး၍ အချုပ်အချာအာဏာပိုင်နိုင်ငံတော် တည်ထောင် ခြင်းဖြစ်သောကြောင့် ပြည်နယ်များပေါင်း စုထားသည့် ပြည်ထောင်စု (Federal) စံနစ်နိုင်ငံတော် အဖြစ် ပေါ်ထွန်း လာပါသည်။

ပင်လုံစာချုပ်သည် လွတ်လပ်ရေးမရမီ သဘောတူလက်မှတ်ရေးထိုးထားသော စာချုပ်ဖြစ်သည့် အ လျှောက် စာချုပ်ပါအချက်အလက်များတွင် လွတ်လပ်ရေး၊ တိုင်းရေးပြည်ရေးများ ပါဝင်နေပါသည်။ တိုင်းရင်းသား ခေါင်းဆောင်များ မှလည်း ပင်လုံညီလာခံသို့ တက်ရောက်ရန် ကြိုတင်ပြင် ဆင်မှုများပြုကြပြီး၊ မိမိတို့အမျိုး သားများ လိုအပ်သောအရာများကို အချက်အလက်ဖြင့် တင်ပြဆွေးနွေး ရန် ကြိုတင်ပြုစုလာခဲ့ကြပါသည်။

ကချင်အမျိုးသားကိုယ်စားလှယ်များသည် 1st February 1947 ၌ ကွက်ခိုင်နယ်၊ နမ့်ဖက်ကာရွာ တွင် ကြိုတင် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး အောက်ပါလိုလားချက်များကို တညီတညွတ်တည်း ချမှတ်ခဲ့ပါသည်။

(၁) ကချင်အမျိုးသားများဟာ ဗမာအမျိုးသားတွေနှင့် တပြိုင်တည်းလွတ်လပ်ရေးရရန်။

(၂) ကချင်အမျိုးသားများရဲ့ဆန္ဒနဲ့အညီ ကချင်သီးခြားလွတ်လပ်တဲ့ နိုင်ငံထူထောင်ရန်အတွက် ကချင်အမျိုး သားပြည်နယ် ဖွဲ့စည်းရန်။

(၃) လွတ်လပ်တဲ့ကချင်သီးခြားနိုင်ငံထဲမှာ ဗန်းမော်နဲ့မြစ်ကြီးနားခရိုင်များ၊ ကချင်တောင်တန်းဒေသ များနဲ့ ကသာမြို့ရဲ့ မြောက်ဘက် မြေပြန့်ဒေသများပါဝင်စေရန်။

(၄) ဗမာအမျိုးသားများနဲ့ ကချင်အမျိုးများ၊ နှစ်ဦးနှစ်ဘက်လက်ခံနိုင်တဲ့နယ်နမိတ် ချက်ချင်း သတ်မှတ်ရန်။

(၅) နယ်နမိတ်သတ်မှတ်ပြီးပြီးခြင်း မြန်မာပြည်ဘုရင်ခံလက်တွင်ရှိတဲ့ အခွင့်အာဏာများ၊ ကချင် အမျိုးသားများ လက်သို့ပေး အပ်ရန်နှင့် မြန်မာပြည်ကြားဖြတ်အစိုးရအဖွဲ့မှာ ကချင်အမျိုးသား ဝန်ကြီးတစ်ဦး ခန့်အပ်ရန်။

(က) ယင်းကချင်ဝန်ကြီးသည် သီးခြားကချင်ပြည်နယ်တွင် ပြည်ထဲရေးဝန်ကြီးတာဝန် ထမ်းရွက် ရန်။

(ခ) ကချင်ဝန်ကြီးမှ နိုင်ငံခြားရေးနှင့်ဘဏ္ဍာရေးကိစ္စများတွင် ပါဝင်နိုင်ရန်။

(ဂ) ကာကွယ်ရေးဝန်ကြီးကို အကြံပေးရန်အတွက် ကချင်အမျိုးသားတဦး ခန့်ထားပေးရန်။

(၆) ကချင်သီးခြားပြည်နယ်သည် ရှမ်းသီးခြားပြည်နယ်နှင့်အတူ မြန်မာတနိုင်ငံလုံးစောလျင်စွာ လွတ်လပ်ရေး ရရှိရန် အတွက် တိုင်းပြုပြည်ပြုလွှတ်တော်မှာ ချက်ချင်းပါဝင်ကြရန်။

(၇) အထက်မှာ ဖော်ပြတဲ့အတိုင်း မြန်မာအမျိုးသားအားလုံး လွတ်လပ်ရေးရသည့်အခါ သီးခြား လွတ်လပ်သည့် ကချင်နိုင်ငံအပါအဝင် လွတ်လပ်သည့်မြန်မာပြည်ထောင်စု အစိုးရဖွဲ့စည်းရန်။

(က) သီးခြားကချင်နိုင်ငံက ပြည်ထောင်စုအတွင်း ပါဝင်မည် မပါဝင်ဘူးဆိုသည့်ကိစ္စကို သီးခြား ကချင်နိုင်ငံရဲ့ ပြည်သူလူ ထုကသာ ဆုံးဖြတ်ရမည်။

(ခ) ပြည်ထောင်စုဖွဲ့စည်းပြီးသည့်နောက်တွင် ကချင်အမျိုးသားများသည် လွတ်လပ်စွာ ခွဲထွက်ခွင့် ရှိရမည်။

(ဂ) မြန်မာနိုင်ငံဗဟိုအစိုးရက ကချင်ပြည်နယ်ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဘဏ္ဍာရေး အထောက် အပ့ံပေးရမည်။

(၈) အထက်ပါတညီတညွတ်တည်း ဆုံးဖြတ်ချက်များကို နယ်ခြားဒေသလူမျိုးများအားလုံး၏ သဘောတူညီမှုကို ရယူရန်။

ကချင်အမျိုးသားကိုယ်စားလှယ်များ ပင်လုံသို့ရောက်ရှိပြီး၊ ရှမ်းအမျိုးသားကိုယ်စားလှယ်များနှင့် 6th February 1947 မွန်းလွဲ ၂ နာရီ၌ ဆွေးနွေးပြီး အောက်ပါအချက်အလက်များအား ကချင်၊ ရှမ်းကော်မီတီမှ ဆုံး ဖြတ်ချက်ချခဲ့ပါသည်။

(၁) ဗမာတို့နှင့် အဆင့်အတန်းတူ၊ အခွင့်အရေးတူ၊ ရပိုင်ခွင့်တူ၊ ဒီမိုကရေစီကျကျ ခံစားခွင့်ရှိရမည်။

(၂) အမှုဆောင်ကော်မီတီတွင် ပါဝင်ဆောင်ရွက်ကြသော ရှမ်းကိုယ်စားလှယ်နှင့် ကချင်ကိုယ်စား လှယ်တို့သည်   မိမိတို့လူမျိုးအသီးသီး၏ ပြည်တွင်းရေးရာအားလုံးအတွက် တာဝန်ယူဆောင် ရွက်ကြရမည်။ ထို့အပြင် ကာကွယ် ရေး၊ နိုင်ငံခြားရေး၊ မီးရထား၊ အကောက်တော်အစရှိသော အားလုံးနှင့် သက်ဆိုင်သည့်ကိစ္စများအတွက် အား လုံးစုပေါင်းတာဝန်ယူ ဆောင်ရွက်ကြရမည်။

(၃) ကချင်တို့က သီးခြားကချင်ပြည်အလိုရှိကြောင်း တောင်းဆိုချက်ကိုဤကော်မီတီက ထောက်ခံ သည်။

(၄) ဗမာပြည်အစိုးရနှင့် ဗြိတိသျှအစိုးရတို့၏ (အောင်ဆန်းအက်တလီစာချုပ်) သဘောတူညီ ချက်များသည် ရှမ်း၊ ကချင်တို့နှင့် ပတ်သက်ခြင်းမရှိစေရ။

(၅) လွတ်လပ်ရေးရပြီးသည့်နောက် မြန်မာ “ ပြည်ထောင်စု ” မှ ကျွနု်ပ်တို့သဘောကျသည့် အချိန် တွင် ခွဲထွက် လိုကခွဲ ထွက်ခွင့် ရှိစေမည်။

ထို့နောက် ချင်းအမျိုးသားကိုယ်စားလှယ်အဖွဲ့သည် 6th February 1974 ၊ ညအချိန်၌ ပင်လုံ သို့ရောက် ရှိလာရာ ကချင်၊ ရှမ်း ပူးတွဲကော်မီတီဆုံးဖြတ်ချက်အား တင်ပြဖတ်ကြား ခဲ့ကြပါသည်။ ချင်းအမျိုးသား ကိုယ်စားလှယ်အဖွဲ့မှ အောက်ပါအချက်များကို ဖြည့်စွက်၍ ထောက် ခံကြသဖြင့် အားလုံးသဘောတူလက် ခံကြကာ၊ ရှမ်း၊ ချင်း၊ ကချင် ပူးတွဲကော်မီတီ ဆုံးဖြတ်ချက် အဖြစ် ဖော်ပြကြပါသည်။

(က) ဗဟိုအခွန်တော်ငွေနှင့် စပ်လျဉ်း၍ ရှမ်းတို့ခံစားရသောအခွင့်အရေးနှင့် ရပိုင်ခွင့်အားလုံး တို့အတိုင်း ချင်းနှင့် ကချင်တို့ကလည်း လူဦးရေအလိုက် ခံစားခွင့်ရှိစေရမည်။

(ခ) ချင်းတို့ဒေသတွင် ဘဏ္ဍာရေးမလုံလောက်ရှိခဲ့သော် မြန်မာပြည်အခွန်တော်ဆက်ငွေများမှဖြည့်တင်း သုံးစွဲရ မည်။

(ဂ) ရှမ်း၊ ကချင်၊ ချင်းကိုယ်စားလှယ်များပါဝင်သော တောင်တန်းသားများ စည်းလုံး ညီညွတ်ရေး အဖွဲ့ ဦးစီးအမှု ဆောင်ကောင်စီတရပ်ကို ဖွဲ့စည်းတည်ထောင်ရမည်။ ၎င်းအမှုဆောင်ကောင်စီ၌ တောင်တန်းသားများနှင့် စပ် လျဉ်း၍ အဆုံးအဖြတ်ပေးနိုင်သော အာဏာအပြည့်အစုံရှိရမည်။

ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော ဗမာခေါင်းဆောင်များနှင့် အတူ ဗြိတိသျှအစိုးရ ကိုယ်စားလှယ် မစ္စတာဘော် တွမ်လီတို့သည် 8th February 1947 တွင် ပင်လုံသို့ရောက်ရှိလာခဲ့ရာ ဗမာပြည်ပ နှင့် နယ်စပ်ဒေသ ပူးပေါင်းရေးပြ သာနာမှာ အထူးတလည်ဆွေးနွေးရန်မလိုပဲ ပြီးစီးသလောက်ဖြစ် သွားပါသည်။

ပင်လုံညီလာခံကြီးစတင်ကျင်းပနေ့ 10th February 1947 နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်း၊ ကချင်၊ ချင်းအမျိုးသားခေါင်းဆောင်ကြီးများ၏ သဘောတူညီဆုံးဖြတ်ချက် (၅) ချက်အပေါ် အောက်ပါအတိုင်း ပြန်လည်ဆွေးနွေးရှင်းလင်းတင်ပြသွားပါသည်။

(၁) ဆုံးဖြတ်ချက် (၁) နှင့် ပတ်သက်၍ ဗမာတို့နှင့် အဆင့်အတန်းတူ၊ အခွင့်အလမ်းတူ၊ ရပိုင်ခွင့် တူ၊ ဒီမိုကရေ စီကျကျ ခံစားခွင့်ရှိစေရမည်ဆိုသည့်အချက်နှင့် ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံတွင် အဆင့်အတန်းခွဲခြားခြင်းမရှိစေရန်နှင့် အားလုံးတန်းတူ ရည်တူခံစားခွင့်ရရှိစေရန် အစည်းအ ဝေးကြီးတွင် အာမခံချက်ပေး ကြောင်းပြောကြားရာ ကိုယ်စား လှယ်များက တခဲနက်သြဘာပေးကြသည်။

(၂) ဆုံးဖြတ်ချက် (၂) နှင့် ပတ်သက်၍ မူအားဖြင့်လက်ခံပြီး အထူးပြောဆိုစရာ မရှိကြောင်း ပြော ကြားသည်။ ကိုယ်စား လှယ်အားလုံးကလည်း ထပ်မံဆွေးနွေးကြခြင်းမရှိချေ။

(၃) ဆုံးဖြတ်ချက် (၃) နှင့် ပတ်သက်၍ ကချင်တောင်တန်းဒေသတွင် အကျုံးမဝင်သည့် မြစ်ကြီးနား၊ ဗန်းမော် ခရိုင်နှင့် ကသာမြေပြန့်ဒေသများမပါဘဲ ကချင်ပြည်ဟု ပြည်နယ်တခုအဖြစ် ရပ်တည်နိုင် လိမ့်မည်ဟု မိမိမယုံ ကြည်ကြောင်း၊ သို့သော် မိမိအနေဖြင့် လုပ်ပိုင်ခွင့်မရှိသော်လည်း ကချင်လူ မျိုးများလိုလားတောင့်တလျက်ရှိ သည့် ကချင်ပြည်နယ်ဖြစ် လာရေးကို လေးစား၍ မူအားဖြင့် မိမိထောက်ခံကြောင်း၊ ယင်းကိစ္စကိုလည်း ရက် သတ္တပတ်အနည်းငယ်အတွင်း ရန်ကုန်၌ ကျင်းပမည့် ဖဆပလညီလာခံတွင် မိမိကိုယ်တိုင်အဆိုတင်းသွင်း မည် ဖြစ်ကြောင်း ပြောကြား ရာကိုယ်စား လှယ်များက တခဲနက်သြဘာပေးကြသည်။

(၄) ဆုံးဖြတ်ချက် (၄) နှင့်ပတ်သက်၍ အောင်ဆန်းအက်တလီစာချုပ်ကို လက်ခံခြင်းမပြု ဟူသောကိစ္စမှာ ယခု ဆွေးနွေးနေသည့်ကိစ္စနှင့် စပ်ဆိုင်ခြင်းမရှိသဖြင့် ဝေဖန်ဆွေးနွေးရန် မလိုကြောင်း ပြောကြားသွားသည်။

(၅) ဆုံးဖြတ်ချက် (၅) ခွဲထွက်ခွင့်နှင့် ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းက မူအားဖြင့်လက်ခံပြီး ဤအစည်းအ ဝေးက ဆုံးဖြတ်နိုင်မည်မဟုတ်ကြောင်း၊ တိုင်းပြုပြည်ပြုတွင် တင်သွင်း၍ ဆုံးဖြတ်ရ မည့်ကိစ္စဖြစ်ကြောင်းတင်ပြ ရာ အများလက်ခံကြသည်။ နောင်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ခွဲထွက်ခွင့်သည် တိုင်းရင်းသားလူနည်းစု အခွင့်အရေးဖြစ်ပြီး မခွဲထွက်ချင်အောင် ဗမာလူမျိုးကြီးက လုပ်ပြရမည်ဟု ပြောဆိုလာသည်အထိ ခွဲထွက်ခွင့် ကိစ္စကို အမျိုးသားသွေး စည်းညီညွတ်ရေး အတွက် အလေးပေးထားကြောင်း တွေ့ရသည်။

တိုင်းရင်းသားခေါင်းဆောင်များဆုံးဖြတ်ချက်ချမှတ်တင်ပြသော အရာများအားအချော ကိုင်တင်ပြ မှု ပြု၍ အတည်ပြု ပြီးသည့် အပြင် မြန်မာဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ အဖွဲ့ဝင်အချို့နှင့် စပ်ဖများအားလုံး တို့အပြင် ရှမ်းပြည် နယ်များ၊ ကချင်တောင်တန်းဒေသများနှင့် ချင်းတောင် တန်းဒေသတို့မှ ကိုယ်စားလှယ် များတက်ရောက်ကြသော ပင်လုံမြို့ တွင်ကျင်း ပသည့်အစည်း အဝေးတွင် ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ချင်းပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့ သည် လွတ်လပ်ရေးကိုပိုမို၍ လျှင်မြန်စွာ ရရှိလိမ့်မည်ဟု အစည်းအ ဝေးတက်ရောက် သူအဖွဲ့ဝင်တို့သည် ကန့်ကွက် သူမရှိပဲအောက်ပါအတိုင်းသဘော တူညီကြလေသည်။

(၁) တောင်တန်းသားများစည်းလုံးညီညွတ်ရေးအဖွဲ့ (တ- စ- ည- ဖ) ၏ ကြိုးကိုင်အဖွဲ့ကိုယ်စား လှယ်များက ထောက်ခံချက် အရ၊ တောင်တန်းသားများ၏ ကိုယ်စားလှယ်တဦးကို ဘုရင်ခံ ကရွေးချယ်၍ နယ်စပ်ဒေသများ ကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ရန်အတွက် ဘုရင်ခံ၏အတိုင် ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်ထားရမည်။

(၂) ဤအတိုင်ပင်ခံပုဂ္ဂိုလ်ကို ဘုရင်ခံ၏အမှုဆောင်ကောင်စီတွင် ဌာနလက်ကိုင်မရှိ၊ ကောင်စီဝင် တဦးအဖြစ် ခန့် ထား၍ ကာကွယ်ရေးနှင့် ပြည်ပကိစ္စရပ်များတွင် ထုံးနည်းဥပဒေအရ အမှုဆောင်ကောင်စီ၏ အာဏာလက် အောက်သို့ ရောက်ရှိသည့်နည်းတူ နယ်စပ်ဒေသကိစ္စများ ကိုလည်း အမှုဆောင်ကောင်စီ၏ အာဏာလက် အောက်သို့ ရောက်ရှိစေ ရမည်။ ဤနည်းလမ်းများ အတိုင်း နယ်စပ်ဒေသဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်အား အုပ် ချုပ်ခွင့်အာဏာကို ပေးအပ်ရမည်။

(၃) အဆိုပါအတိုင်ပင်ခံပုဂ္ဂိုလ်ကို ၎င်းနှင့်လူမျိုးချင်းမတူသော ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦးက ကူညီစေရ မည်။ ရှေးဦးစွာ ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦးတို့သည် ၎င်းတို့အသီးသီးသက်ဆိုင် သည့်နယ်များ၏ ကိစ္စရပ်များ ကို ဆောင်ရွက်ရန်ဖြစ်၍၊ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ အခြားနယ်စပ်ဒေသ အားလုံးတို့၏ ကိစ္စရပ်များကို ဆောင်ရွက် စေရန် ဖြစ်သည်။

(၄) အတိုင်ပင်ခံပုဂ္ဂိုလ်သည် အမှုဆောင်ကောင်စီတွင် အဖွဲ့ဝင်လူကြီးအနေဖြင့် နယ်စပ်ဒေသ များ၏ တဦး တည်း သောကိုယ်စားလှယ်အဖြစ် ပါဝင်ရမည်ဖြစ်သော်လည်း၊ ဒုတိယအတိုင်ပင်ခံ ပုဂ္ဂိုလ်များသည် နယ်စပ်ဒေ သများနှင့် သက်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည့်အခါ အမှုဆောင်ကောင်စီတွင် တက်ရောက်နိုင်ခွင့်ရှိစေ ရမည်။

(၅) အထက်တွင် သဘောတူညီသည့်အတိုင်း၊ ဘုရင်ခံ၏အမှုဆောင်ကောင်စီကို တိုးချဲ့ မည် ဖြစ်သော်လည်း၊ နယ်စပ် ဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုခံစားနေရသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို မည်သည့်နည်း နှင့်မဆို တစုံတရာလက်လွှတ်စေရန် အဆိုပါကောင်စီ က ပြုလုပ်ခြင်းမရှိစေရ။ နယ်စပ်ဒေသများအတွက် နယ် တွင်းအုပ်ချုပ် ရေးတွင် ကိုယ်ပိုင် အုပ်ချုပ်ရေးရာခိုင်နှုန်းအပြည့်ရှိစေရမည်ဟူသောမူကို သဘောတူညီကြသည်။

(၆) ပူးပေါင်းထားပြီးသည့် မြန်မာပြည်အတွင်း သီးသန့်ကချင်ပြည်နယ်တခု နယ်နိမိတ်သတ်မှတ်၍ တည် ထောင်ရန်ပြ သာနာမှာ တိုင်းပြုပြည်ပြုလွှတ်တော်က ဆုံးဖြတ်ရန်ဖြစ်သော်လည်း ဤကဲ့သို့ သီးခြားပြည်နယ် တ ခုထားရှိသင့်ကြောင်းကို သဘောတူညီကြသည်။ ဤရည်ရွယ်ချက် ထမြောက်စေရန်အလို့ငှာ ပဌ္စမခြေလှမ်းအ နေဖြင့် ၁၉၃၅ ခုနှစ်၊ မြန်မာ နိုင်ငံတော်အစိုးရ အက်ဥပဒေ အရ၊ နောက်ဆက်တွဲစာရင်းပါ အပိုင်း ၂ ဒေသများကဲ့ သို့ မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင် တို့၏ အုပ်ချုပ်ရေးတွင် နယ်စပ်ဒေသအတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ အား ဆွေးနွေးတိုင်ပင်ရမည်။

(၇) နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့သည် ဒီမိုကရေစီနိုင်ငံများတွင် အခြေခံများအဖြစ် အသိမှတ်ပြု ထားပြီးသော အခွင့်အရေးများတို့ကို ခံစားပိုင်ခွင့်ရှိစေရမည်။

(၈) ဤစာချုပ်တွင် သဘောတူညီကြသည့်အစီအစဉ်မှာ ပဒေသရာဇ်ရှမ်းပြည်နယ်စုတွင် ယခုအပ် နှင်းထားပြီး သော ဘဏ္ဍာရေးနှင့်ပတ်သက်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထိခိုက်ခြင်းမရှိစေရန်။

(၉) ဤစာချုပ်တွင် သဘောတူညီကြသည့်အစီအစဉ်တို့မှာ မြန်မာပြည်အခွန်တော်ငွေများမှ ကချင်တောင်တန်း နယ် များနှင့် ချင်းတောင်တန်းနယ်များက ရသင့်ရထိုက်သော ဘဏ္ဍာရေး အကူအညီကို ထိခိုက်ခြင်းမရှိစေရ။ မြန်မာပြည်နှင့် ရှမ်းပြည်နယ်မြေစု၏ ဘဏ္ဍာရေးအစီစဉ် မျာကဲ့သို့ ကချင်တောင်တန်းနှင့် ချင်းတောင်တန်းများတို့ အတွက် အလားတူ အစီအစဉ်များကို ထားရှိကျင့်သုံးရန် ဖြစ်နိုင်မည် မဖြစ်နိုင်မည်ကို ဘုရင်ခံ၏ အမှုဆောင် ကောင်စီက၊ နယ်စပ်ဒေသ များ၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့်အတူ စစ်ဆေးကြည့်ရှုရ မည်။

ပင်လုံစာချုပ်နှင့် ပင်လုံစိတ်ဓါတ်ပဋိညာဉ်များသည် တိုင်းရင်းသားလူမျိုးများအတွက် စစ်မှန်သော အမျိုးသားသွေး စည်းရေးအင်အားကို တည်ဆောက်ပေးနိုင်သဖြင့် ဗမာပြည်နှင့် ရှမ်းပြည်၊ ကချင်ပြည်၊ ချင်းပြည်စသည့် တောင်တန်း ဒေသနယ်မြေများတပြိုင်တည်း လွတ်လပ်ရေးကို လည်း အမိအရ ဆွတ်ခူးပေးနိုင်ခဲ့ပေသည်။

ပင်လုံစာချုပ်ချုပ်ဆိုပြီးသည့်နောက်ပိုင်းတွင် ဗမာပြည်မနှင့် တောင်တန်းဒေသ နယ်မြေများ သည် နိုင်ငံ တခုတည်း အဖြစ် ပူးပေါင်းထားခြင်းမရှိသေးပေ။ သို့သော်လည်း တိုင်းပြုပြည်ပြု လုပ်ငန်း များနှင့် ပြည်ထောင်စု တည်ထောင်ရေး လုပ်ငန်းများကို တိုင်ပင်ဆွေးနွေးကြပြီး၊ အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြမည် ဖြစ်သည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင် ဆန်းနှင့် တိုင်းရင်း သားခေါင်းဆောင်များသည် ပင်လုံစာချုပ်ပဋိညာဉ်များ၊ ပင်လုံစာ ချုပ်နှင့် ဆက်စပ်သည့်စာချုပ်တွင် ဖော်ပြမထားသည့်သဘောတူညီချက်များ၊ ပင်လုံစာချုပ်နှင့် ဆက်စပ် သည့် စာချုပ်တွင် ဖော်ပြ မထားသည့်သဘော တူညီ ချက်များ၊ ဆွေးနွေးချက်များအားလုံးကို ပင်လုံစိတ်ဓါတ်ကပင် တိုင်းရင်းသားလူမျိုးအားလုံး အမျိုးသားသွေးစည်းညီ ညွတ်ရေးကို အခိုင်အမာတည်ဆောက် နိုင်ကြပြီး လွတ်လပ် ရေးကိုလည်း တပြိုင်တည်းဆွတ်ခူးနိုင်ဘို့ အမိအရတွန်းပို့နိုင် ခဲ့ပေသည်။

19th April, 1947 မေမြို့၌ တောင်တန်းသားများစည်းလုံးညီညွတ်ရေးဦးစီးအဖွဲ့တည်ခင်းသော ညစာ၌ ဗိုလ်ချုပ် အောင်ဆန်းတက်ရောက်ကာ “ ပင်လုံတွင် ပေးခဲ့သောကတိအတိုင်း ဆက် လက်ဆောင်ရွက်မည်ကို ယုံ ကြည်စေလို ကြောင်း၊ (၁၀) နှစ် အချိန်ပေးစေလိုကြောင်း၊ ထို (၁၀) နှစ်အတွင်း တောင်တန်းဒေသများကျေနပ် မှုရှိလာအောင် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ လွတ်လပ်ရေးရလျှင် ရှမ်းခေါင်းဆောင်အား သမ္မတတင်မြှောက် ၍ ကရင်အမျိုးသားအား စစ်သေနာပတိခန့်ထားမည်ဖြစ်ကြောင်း၊ တောင်တန်းဒေသခေါင်းဆောင်များအား ဝန် ကြီးများ အဖြစ်လည်း တင်မြှောက် မည်ဖြစ်ကြောင်း ” စသဖြင့် ပြွက်ကြားခဲ့ခြင်းကြောင့် တိုင်းရင်းသားများ ပိုမို စည်းလုံးမိကြသည်ဟု ဆိုကြပါ သည်။ 20th, 21th, April 1947 တွင် ချင်းကိုယ်စား လှယ်များ တင်သွင်းသော အ ချက်များတွင်၊ (၁) ပြည်ထောင်စု (Federal) အသွင်ဖြင့် ပူးပေါင်းခြင်း ဖြစ်ရမည်။ (၂) အချိန်မရွေးခွဲထွက်နိုင်ခွင့် ရှိရမည်ဟူသော အချက်များလည်း ပါဝင်ပါသည်။

14th November, 1946 တွင် ဘုရင်ခံထံ၌ ရှမ်းစော်ဘွားများပေးပို့သော စာတွင်လည်း “ဗမာပြည်နှင့် ပြည်ထောင်စုစံနစ်အရ ပေါင်းမည်။ သို့ရာတွင် -

(၁) ရှမ်းပြည်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးရမည်။

(၂) အခွင့်အရေးအဆင့်အတန်း တူရမည်။

(၃) ခွဲထွက်လိုသည့်အချိန် ခွဲထွက်ခွင့် ရှိရမည် ဟု ပါရှိခဲ့ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များသည် အမြော်အမြင်ကြီးမားစွာ ဆွေးနွေး တိုင်ပင်ကြပြီး၊ 1947, February, 12th ၌ ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်၏ ပင်လုံစိတ်ဓါတ် အဓိက အနှစ်သာရအ ချက်မှာ -

(၁) သီးခြားစီတည်ရှိသော ဗမာပြည်မနယ်မြေ၊ ရှမ်းပြည်နယ်မြေ၊ ကချင်တောင်တန်းနယ်မြေ၊ ချင်းတောင်တန်း နယ်မြေ (၄) ခု တပြိုင်တည်း လွတ်လပ်ရေးရယူရန်နှင့်

(၂) တိုင်းရင်းသားနယ်မြေများ တန်းတူရည်တူ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ အပြည့် အဝရှိပြီး စစ် မှန်သောဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုတည်ထောင်ရေး အခြေခံအချက် နှစ် ချက်ပင် ဖြစ်သည်။

၁၉၄၇ ခုနှစ်၊ မေလအတွင်း ကျင်းပသောဖဆပလညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းက ဗဟိုကြိုး ကိုင် ပင်မပြည်ထောင်စု (Unitary State) ဖွဲ့စည်းရန် မသင့်ဟုအတိအလင်းပြောဆိုခဲ့သည်။ သို့ရာ တွင် ဗိုလ်ချုပ် အောင်ဆန်းကျဆုံးပြီးသည့်နောက်ပိုင်းတွင် မေ့လျှော့ပစ်ကြသည်။

ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေးသမိုင်းလမ်းကြောင်းတလျှောက်သည် အထူး ပြောစရာရှိမည် မထင်ပါ။ ဦးနုဦးဆောင်သော ဖဆပလ အစိုးရသည် ၁၉၄၇ ပင်လုံစာချုပ်ကို အခြေခံသည်ဟု ဆိုသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဦးချန်ထွန်းဦးဆောင်၍ ရေးဆွဲခဲ့ပါသည်။ ၎င်းဖွဲ့စည်းပုံအခြေခံဥပဒေသည် ပင်လုံစာချုပ်ပါ အချက်အလက်များအား လိုတမျိုး၊ မလိုတမျိုး အဓိပါယ်ဖွင့်ဆို၍ ရေးဆွဲထားခြင်း ဖြစ်ပါသည်။ ဦးချန်ထွန်းဦးကိုယ်တိုင်ကပင် “ ကျတော်တို့ရဲ့ အခြေခံဥပဒေဟာ သဘောတရားအားဖြင့် ပြည်ထောင်စုစံနစ် (Federal Form) ဖြစ်ပေမဲ့ လက်တွေ့ တွင် တပြည်ထောင်စံနစ်ဖြစ်ပါတယ် ” ဟု ထုတ်ဖော်ပြောဆိုကြောင်း ရန်ကုန် တက္ကသိုလ် ရာဇဝင်ပါမောက္ခဟောင်း မစ္စတာတင် ကားက သူ၏ “ ပြည်ထောင်စုမြန်မာနိုင်ငံတော် ” စာအုပ် တွင် ဤကဲ့သို့ဖော်ပြထားပါသည်။ (The Constitutional Adviser, Chan Htoon, observed much later that “ Our Constitution, though in theory federal, is in practice unitary ” )( The Union of Burma by Hugh Tinker. Page 30)

သို့ရာတွင် တိုင်းရင်းသားများအမြဲတမ်းအမျိုးသားလုံခြံုရေးအတွက် ဆွဲကိုင်လာခဲ့သော ခွဲထွက် ခွင့် နှင့် ပတ်သက်၍ ပစ်ပယ်ခြင်းမပြုနိုင်ခဲ့ပါ။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၀) တွင် ခွဲထွက်ပိုင်ခွင့်နှင့် အခန်း (၁၁) တွင် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပိုင်ခွင့်ရှိကြောင်း အတိ အလင်း ပြဌာန်းထားသည်။ အကယ်၍ ပြည်နယ် များသည် ခွဲထွက်ခွင့်တောင်း လာပါက နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်ဝန်ကြီးချုပ်သည်ပင်လျှင် ပယ်ချပိုင်ခွင့်မရှိ ပေ။ ပြည်နယ်တိုင်း ရင်း သားခေါင်းဆောင် များသည် ၁၉၄၉ ခုနှစ်၊ ပြည်တွင်းစစ်ပြင်းထန်စဉ်က ဝန်ကြီးချုပ်ဦးနု၏ စစ်တပ်အင်အားသည် တပ်ရင်းတစ်ရင်းနှင့် တဝက်သာကျန်ရှိပြီး၊ ၁၂ မိုင်အစိုးရ ဟုခေါ်တွင်ခံရ သည့်အချိန်တွင် ပင် ကချင်၊ ကယား၊ ရှမ်း၊ ချင်း၊ ပြည်နယ်ခေါင်းဆောင်များ သည် ပြည်ထောင်စု အစိုးရနှင့် လက်ချင်း ယှက်ပြီး မိမိတို့တွင်ရှိသော အင်အားတပ်ရင်း (၈) ရင်း ဖြည့်တင်း ပြီး ပြည်ထောင်စုကို ဖက်တွယ် စုပေါင်းကာကွယ်နိုင် ခဲ့ကြသည်။ ပြည်နယ်ခေါင်းဆောင်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အခန်း (၁၀) တွင် ခွဲထွက်ခွင့်ပြ ဌာန်းထားသော်လည်း ခွဲထွက်ခွင့် တကြိမ်တခါမျှ တောင်း ခံတင်ပြခြင်း အသုံးမပြုခဲ့ပေ။ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်း သားခေါင်းဆောင်များချမှတ်သော ပင်လုံစိတ် ဓါတ်ပါရှိ သည့်အတိုင်း တိုင်းရင်းသားများ တန်းတူ ရည်တူ စစ်မှန်သောပြည်ထောင်စု ပြန်လည်တည်ထောင်လိုခြင်းသည် ဥပဒေ ဘောင် အတွင်း ဆောင်ရွက်ခြင်းပင် ဖြစ် သည်။

၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့၊ ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းခဲ့စဉ်က သမ္မတကြီးမန်းဝင်းမောင်၊ ဝန် ကြီးချုပ်ဦးနု၊ ဝန်ကြီးအများအပြားအပါအဝင် စုစုပေါင်း (၅၁) ဦး ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ရှမ်းပြည်လွတ်လပ် ရေးအဖွဲ့ (ရပလ) လူငယ်များကိုပင် ချမ်းသာမပေးပဲ အားလုံးဖမ်းဆီးခဲ့သည်။ စစ်တပ်အာဏာသိမ်းသည့် မတ် လ (၂) ရက်၊ နံနက် (၄) နာရီအချိန်တွင် စစ်တပ်သည် သမ္မတဟောင်းညောင်ရွှေစော်ဘွားကြီး စစ်ရွှေသိုက် နေထိုင်သည့် နေအိမ်ခြံဝင်းကို ဖောက်ဝင်ပြီး၊ လေးဘက်လေးတန်မှ ပစ်ခတ် သဖြင့် စော်ဘွားကြီးသားတော်၊ သားလတ် စစ်မီမီ (၁၇) နှစ်အရွယ်ပင် ကျဆုံးခဲ့ရရှာသည်။ ဗိုလ်နေဝင်းလက်ထက်ကာလတွင် ဖက်ဒရယ်သည် ခွဲထွက်ရေး၊ တိုင်းပြည်ဖြိုခွဲရေးဖြစ်ကြောင်း၊ မဟုတ်မမှန်ဝါဒဖြန့်ချီခြင်းလုပ်ရပ်နှင့် တိုင်းရင်းသားနယ်မြေများတွင် စစ်တပ်ကမတရားနှိပ်စက်၊ လုယက်ဖျက်ဆီး၊ သတ်ဖြတ်မုဒိန်းကျင့်ခြင်းလုပ်ရပ်ကြောင့် ဗမာတိုင်း ရင်းသားအများစုနှင့် အခြားလူမျိုးစုများအကြား စည်းလုံးညီညွတ် ရေးပျက်ပြားရန် သပ်သျှိုဖြိုခွဲနိုင် ခဲ့သည်။

ဗိုလ်နေဝင်းဦးဆောင်သော မဆလတပါတီအာဏာရှင်စစ်အုပ်စုသည် ပြည်သူတရပ်လုံးအပေါ် ဖိနှိပ် ကျွန်ပြုနိုင် ရန်အတွက် ၁၉၇၄ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ၎င်းတို့စိတ်ကြိုက်ရေး ဆွဲပြဌာန်းလိုက်သည်။ ယင်းဖွဲ့စည်းပုံအခြေခံ ဥပဒေသည် တပြည်ထောင်စံနစ်ဖြစ်သည့်အပြင် တပါတီအာဏာရှင်စံနစ်လည်းဖြစ်သဖြင့် တိုင်းရင်း သားလူမျိုးများ မူလအခြေခံရပိုင်ခွင့် အခွင့် အရေး များသာမက ဒီမိုကရေစီအခြေခံလူ့အခွင့်အရေးဟူသ မျှလည်း လုံးဝဆိတ်သုန်းသွားခဲ့ သည်။

မဆလတပါတီအာဏာရှင်စံနစ်အုပ်စိုးသည့် ၂၆ နှစ်ကြာ ပြည်သူတရပ်လုံးအပေါ် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစ သည့် ဒီမိုကရေစီအခြေခံလူ့အခွင့်အရေးများ နည်းအမျိုးမျိုးဖြင့် ဖိနှိပ်ထိန်း ချုပ်ထားသော်လည်း နိုင်ငံ ရေးအသိအမြင် နိုးကြားကြသည့် ရဟန်းသံဃာများ၊ နိုင်ငံရေးသမား များ၊ ကျောင်းသားလူငယ်များ၊ အလုပ်သမားနှင့် ပြည်သူလူထုများ အချို့တို့သည် ဒီမိုကရေစီ အခြေခံလူ့အခွင့်အရေးအတွက် အာဏာရှင်စံနစ်ကိုအကြိမ် ကြိမ်ဆန့်ကျင် ဆန္ဒပြတိုက်ပွဲ ဝင်ခဲ့ကြသည်။

(၁) ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ (၇) ရက် တက္ကသိုလ်ကျောင်းသားသပိတ်။ (စစ်အာဏာရှင်က ငြိမ်းချမ်း စွာဆန္ဒ ပြသော ကျောင်းသား/ သူများကို ပစ်သတ်သဖြင့် ရာနှင့်ချီပြီး သေဆုံးသွား သည်။ ကျောင်း သားသမဂ္ဂအ ဆောက်အဦးကို ဖြိုခွဲဖျက်ဆီးလိုက်သည်။ အများအပြား ဖမ်းဆီးထောင် ချခြင်း ခံရ သည်။)

(၂) ၁၉၆၃ ခုနှစ်၊ ဗကပ (၅) ခရိုင်နှင့် ကရင်အမျိုးသားအစည်းအရုံး (၁) ခရိုင် ငြိမ်းချမ်းရေးဆန္ဒပြပွဲ (အများ အပြား ဖမ်းဆီးထောင်ချခြင်းခံကြရသည်။)

(၃) ၁၉၆၅ ခုနှစ်၊ ကျောင်းသားပွဲ အဓိကရုဏ်း။

(၄) ၁၉၆၇ ခုနှစ်၊ ဇူလိုင် တရုတ် – ဗမာ အရေးအခင်း။

(၅) ၁၉၆၇ ခုနှစ်၊ ရခိုင်ပြည်စစ်တွေမြို့ဆန်လုပွဲပြသာနာ (စစ်တပ်မှ ပစ်ခတ်သဖြင့် ရခိုင်အမျိုးသား များ အများ အပြားသေဆုံးသွားသည်။ မဆလစစ်အုပ်စုသည် ဆန်ပြတ်လပ်သည့်ပြသာနာ ကို ပြည်သူ လူထုအာရုံပြောင်း လဲအောင် တရုတ် – ဗမာအရေးအခင်းတရပ် ဖန်တီးလိုက်သည်။)

(၆) ၁၉၆၉ ခုနှစ်၊ အာရှကျွန်းဆွယ်အားကစားဆန္ဒပြပွဲ။ (အများအပြား ဖမ်းဆီးထောင်ချခြင်း ခံရသည်။)

(၇) ၁၉၇၀ ခုနှစ်၊ ရန်ကုန်တက္ကသိုလ် ရွှေရတုလှုပ်ရှားမှု။

(၈) ၁၉၇၂ ခုနှစ်၊ ဂုံနီအိတ်စက်ရုံအလုပ်သမားနှင့် အင်းစိန်မီးရထားစက်ရုံအလုပ်သမားသပိတ်။ (အများအပြား အလုပ်ထုတ်ပယ်ခြင်း၊ ဖမ်းဆီးထောင်ချခြင်းခံရသည်။ )

(၉) ၁၉၇၄ ခုနှစ်၊ ဧပြီကမာရွက်ဂါတ်တဲ မီးရှို့မှု။

(၁၀) ၁၉၇၄ ခုနှစ်၊ ဇွန်လ ၆ ရက်၊ အလုပ်သမားသပိတ်။ (အများအပြား အလုပ်ထုတ်ပယ်ခြင်း၊ ဖမ်းဆီးခြင်း ခံရသည်။)

(၁၁) ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ ဦးသန့်အရေးအခင်း။ (သေနတ်အသံ မမည်စေရဟုပြောပြီး စစ်တပ်က ကျောင်း သားလူငယ်များကို ဘက်နက်ဖြင့်ထိုးသတ်ခဲ့သည်။ အများအပြား ဖမ်းဆီးထောင်ချခြင်း ခံကြရသည်။ ယင်းအ ချိန် ချင်းအမျိုးသားကျောင်းသားလူငယ်များ၊ နိုင်ငံရေး လှုပ်ရှားမှုတွင် ပိုမိုစုစည်းမိကြသည်။)

(၁၂) ၁၉၇၅ ခုနှစ်၊ ဇွန်လ အလုပ်သမားနှင့် ကျောင်းသားရွှေတိဂုံသပိတ်။ (အများအပြားကျောင်း ထုတ်ခြင်း၊ အ လုပ်ထုတ်ပယ်ခြင်း၊ ဖမ်းဆီးခြင်းခံရသည်။)

(၁၃) ၁၉၇၆ ခုနှစ်၊ မတ်လ ၂၃ ရက်၊ သခင်ကိုယ်တော်မှိုင်း မှိုင်းရာပြည့်ကျောင်းသားလှုပ်ရှားမှု။

(၁၄) ၁၉၇၆ ခုနှစ်၊ မတ်လ ဗိုလ်ကြီးအုန်းကျော်မြင့် လှုပ်ရှားမှု။

(၁၅) မန်းငွေအောင်၊ မန်းဒါဝိတ်လှုပ်ရှားမှု။

(၁၆) ၁၉၈၃ ခုနှစ်၊ ဒုတိယမြောက် မန်းငွေအောင်လှုပ်ရှားမှု။

(၁၇) ၁၉၈၈ ခုနှစ်၊ ပြည်လုံးကျွတ် ဒီမိုကရေစီအရေးတော်ပုံကြီးစသည့် ဒီမိုကရေစီတိုက်ပွဲများ အသီးသီးပေါ် ပေါက်ခဲ့သည်။ (နိုင်ငံအနှံ့အပြား ပစ်သတ်ခြင်းခံရသဖြင့် ထောင်နှင့်ချီပြီး သေဆုံး ခဲ့ကြသည်။ သောင်းနှင့် ချီပြီး လွတ်မြောက်နယ်မြေနှင့် နိုင်ငံတကာ သို့ ရောက်ရှိသွားကြ သည်။ ထောင်နှင့်ချီပြီး ဖမ်းဆီးချုပ်နှောင်ထောင်ချ ခြင်းခံရကြသည်။)

နောက်ဆုံး ၁၉၈၈ ခုနှစ်တွင် ရဟန်းရှင်လူ၊ ကျောင်းသူကျောင်းသား၊ တိုင်းရင်းသားလူမျိုးပေါင်း စုံ ပြည်သူတရပ် လုံးမခံမရပ်နိုင်သည့်အဆုံး ပြည်လုံးကျွတ်ဒီမိုကရေစီအရေးတော်ပုံကြီးကြောင့် မဆလ တပါတီ အာဏာရှင်စံနစ်လည်း ဘုန်းဘုန်းလဲကျဆုံးပြီး နိဂုံးချုပ်သွားတော့သည်။ ယင်းတို့ စိတ်ကြိုက်ရေး ဆွဲထားသော ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုလည်း ၎င်းတို့ကိုယ်တိုင်ဖျက် သိမ်းလိုက်ရသည်။

သို့သော် ဖယ်ဒရယ်နိုင်ငံတော်တည်ထောင်လိုသော စိတ်ဓါတ်နှင့် ပင်လုံစိတ်ဓါတ်တို့သည် မီးဇာ မကုန်၊ ဆီမီးခမ်းသွားခြင်းလည်းမရှိသေးပဲ မြန်မာနိုင်ငံတဝှမ်းခေတ်အဆက်ဆက် တမြေ့မြေ့တောက်လောင်နေ ဆဲဖြစ်နေပါသည်။ ၎င်းအတွက် ကြိုးပမ်းတိုက်ပွဲဝင်လာ ခဲ့သည်မှာ လည်း ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့ကြ ရာ ထင်ရှားသော သာဓကအချို့အား တင်ပြပါမည်။

(၁) ၁၉၄၆ ခုနှစ်၊ မတ်လ (၁ – ၁၂) ရက်နေ့ထိ တွေ့ဆုံဆွေးနွေးပွဲနှင့် နောက်ဆက်တွဲ၊ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ (၃ – ၁၂) ရက်ထိ ပင်လုံညီလာခံသဘောတူညီချက် (၅) ချက်။

(၂) ၁၉၆၁ ခုနှစ်၊ ဇွန်လ (၁ – ၁၂) ရက်နေ့ထိ တိုင်းရင်းသားခေါင်းဆောင်များ အားလုံးပါ ဝင်သော တောင်ကြီး ညီလာခံ။

(၃) ၁၉၉၀ ခုနှစ်၊ သြဂုတ်လ (၂၉) ရက်နေ့၊ ဗိုလ်အောင်ကျော်လမ်း၊ ပူးတွဲသဘော တူကြေငြာ စာတမ်း။

(၄) ၁၉၉၇ ခုနှစ်၊ ဇန်နဝါရီလ (၇ – ၁၄) ရက်နေ့၊ တိုင်းရင်းသားေ ခါင်းဆောင်များအားလုံး ပါဝင်သော ကော် သူးလေပြည်နယ်၊ မယ်သရောထသဘောတူညီချက် ကြေငြာစာတမ်း။

(၅) ၁၉၉၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့၊ အမျိုးသားအင်အားစုနှင့် ဒီမိုကရေစီအင်အားစု၊ အဖွဲ့အစည်းပေါင်း (၂၃) ဖွဲ့ပါဝင်သော သူးမွဲကလိုးသဘောထားထုတ်ပြန်ကြေငြာချက်။

(၆) ၂၀၀၀ ခုနှစ်၊ သြဂုတ်လ (၂၆ – ၃၀) ရက်နေ့၊ တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေး အဖွဲ့အစည်းအသီး သီးမှ ခေါင်းဆောင်များပါဝင်သော လော်ခီးလာသဘောထား ထုတ်ပြန်ကြေငြာ ချက်။

(၇) ၂၀၀၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အဖွဲ့ အစည်းပေါင်း (၄၂) ဖွဲ့မှ ကိုယ်စားလှယ် (၁၀၄) ဦး ပါဝင်လက်မှတ်ရေးထိုးထုတ်ပြန်သော အခြေခ မူ (၈) ချက်တို့သည် ပင်လုံစိတ်ဓါတ် ကို အခြေခံ၍ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ဖယ်ဒရယ် ပြည်ထောင်စု နိုင်ငံတော်တည်ထောင်ရေးတို့ကို တခဲနက်တောင်း ဆိုသော ခေတ် အဆက်ဆက်မှ မြန်မာပြည်သူလူထု၏ တသွေးတသံသာဖြစ်ကြပါသည်။ ထို့ ကြောင့် ညီညွတ်၍ စည်း လုံးသော ဖယ်ဒရယ်နိုင်ငံတည်ထောင်ခြင်းသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အ ခြေခံ မူလသဘာဝပင် ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းခေတ်မှတင်ရှိခဲ့သော နိုင်ငံရေးအကြွေးဖြစ်ပြီး ယနေ့ ခေတ်အထိ အကောင်အထည်ဖော် ဆောင်ရွက် ရန်တင်ရှိနေသေးသော သမိုင်းပေးတာဝန် ကြီးတရပ် ဖြစ်ပါ သည်။