ကရင်နီ မီးဘေးဒုက္ခသည်များအတွက် နေအိမ်များ ပြန်လည်ဆောက်ပေးနေပြီ

ကရင်နီ မီးဘေးဒုက္ခသည်များအတွက် နေအိမ်များ ပြန်လည်ဆောက်ပေးနေပြီ
by -
ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ ကရင်နီ အမှတ်(၂) ဒုက္ခသည်စခန်းတွင် မီးလောင် ကျွမ်း မှုကြောင့် အိုးအိမ် ဆုံးရှုံးသွားကြသူများအတွက် ယနေ့ ဧပြီလ ၁၂ ရက်နေ့မှစတင်၍ နေအိမ်များ ပြန်လည် ဆောက်လုပ်ပေးနေပြီဖြစ်ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုဖြစ်ပွားအပြီး မတ်လ ၃၀ ရက်မှ စတင်ကာ ပြန်လည်ထူထောင်ရေးအဖြစ် မီးဘေးသင့်သော စခန်းအတွင်းရှိ ရပ်ကွက်(၁)နှင့် ရပ်ကွက် (၄)နေရာတို့တွင် ဘူဒိုဇာကား ၂ စီးဖြင့် မြေညှိခြင်း မြေတိုင်းတာ ခြင်း နှင့် အကွွက်ချစီစဉ်ခြင်းများပြုလုပ်ခဲ့ပြီးနောက် ယခုလို နေအိမ်များ စတင်ဆောက်လုပ်ပေးနေခြင်း ဖြစ်သည်။

“ဒီနေ့စပြီး ဆောက်နေပါပြီ။ ပြန်ဆောက်ဖို့ အိမ်က အိမ်ခြေ ၄၀၀ နီးပါးရှိတဲ့အခါကျတော့ ခန့်မှန်းခြေ နောက် ထပ် ၃ ပတ်လောက် ကြားအုံးမယ် ထင်တယ်။ အဓိက လိုအပ်တာကတော့ လူအင်အားပေါ့။ အဲဒီအတွက် တခြား စခန်းတွေအနေနဲ့ ပါ၀င်ကူညီပေးဖို့ စီစဉ်တိုင်ပင်ထားပါတယ်”ဟု ကရင်နီ ဒုက္ခသည် ကော်မတီ KnRC မှ အတွင်းရေးမှူး(၁) နော်ထူးလွဲက ကေအိုင်စီသို့ ပြောသည်။

လက်ရှိ မီးဘေးဒုက္ခသည်များအနေဖြင့် ယခုလို ပူပြင်းသော နွေရာသီအတွင်းတွင် ယာယီအမိုးအကာအောက် တွင် နေထိုင်ရသောကြောင့် ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေးစိုးရိမ်နေရပြီး နေအိမ်များ မြန်မြန်ပြီးစီးအောင် ဆောက်လုပ်နိုင်မှသာ အဆင်ပြေမည်ဟု နော်ထူးလွဲက ဆက်ပြောသည်။

ဒုက္ခသည်များအတွက် နေအိမ်ပြန်လည် ဆောက်လုပ်နိုင်ရာတွင် လိုအပ်သော သစ်၊ ၀ါး၊ အမိုးအကာနှင့် အစား အသောက်များကို ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ဒုက္ခသည်များကို အကူအညီပေးနေသည့် (TBBC) အဖွဲ့မှ အဓိက ကူညီပံ့ပိုးပေးထားကြောင်း သိရသည်။

ထို့အပြင် ကရင်နီ အမှတ်(၂)ဒုက္ခသည်စခန်းတွင် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ပြီးနောက် လတ်တလော ပြန်လည်ထူထောင်ရေးပြုနေသည့် ကာလအထိ ဒဏ်ရာရသူများကို International Rescue Committee( IRC)မှ ကူညီပေးသော်လည်း ဆေးကုသဖို့အတွက် အကူအညီများ လိုအပ်လျက်ရှိနေသေးသည်ဟု နော်ထူးလွဲမှ ပြောသည်။

၎င်းက “ဒဏ်ရာ ပြင်းပြင်းထန်ထန်ရထားတဲ့ သူတွေပေါ့နော်၊ သူတို့အတွက် ဆေးကုသမှုစရိတ်က အရမ်းကြီး တယ်လေ။ နောက်ပြီး IRC က ကူညီတယ်ဆိုပေမယ့် အကုန်းလုံးတော့ ဖူလုံမှု မဖြစ်ဘူးလေ။ အဲဒါကြောင့် လူနာတွေအတွက် အကူအညီလိုအပ်နေတာပါ”ဟု ပြောဆိုသည်။

ကရင်နီ အမှတ်(၂)ဒုက္ခသည်စခန်းသည် ၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လူဦးရေ ၃,၄၀၀ ကျော်ရှိကာ မတ်လ ၂၂ ရက်နေ့ က ဖြစ်ပွားခဲ့သည့် မီးလောင်ကျွမ်းမှုတွင် လူ ၃၀ ကျော်သေဆုံးပြီး ၂၀၀ ကျော်ဒဏ်ရာရရှိခဲ့သည်။