ထိုင်းနိုင်ငံတွင် ခိုလှုံနေထိုင်သော ရိုဟင်ဂျာ ၂,၀၀၀ သည် အမှန်တကယ် ရခိုင်ပြည်နယ်မှ ဝင်ရောက် လာကြသူများ ဟုတ်မဟုတ်ကို စုံစမ်းစစ်ဆေးရာတွင် မြန်မာ အရာရှိများ ထိုင်းနိုင်ငံသို့ လာရောက် ကူညီရန်ရှိကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီး Surapong Tovichaikul က ဧပြီလ ၁၀ ရက်နေ့တွင်ပြောကြားလိုက်သည်။
ထိုင်းနိုင်ငံတွင် ရှိနေသော ရိုဟင်ဂျာများသည် အမှန်တကယ် မြန်မာနိုင်ငံမှ ဝင်ရောက် လာကြသူများဖြစ်သည်ဟု စုံစမ်းစစ်ဆေး တွေ့ရှိခဲ့ပါက ၎င်းတို့ကို မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်မည်ဟု မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် က ၎င်းအား ပြောဆိုကြောင်း မစ္စတာ Surapong အား ကိုးကား၍ ဘန်ကောက်ပို့စ်တွင် ရေးသားထားသည်။
“ကျနော့်ရဲ့ စိုးရိမ်ပူပန်မှုကို သူ့သမ္မတဆီ ပြောပြပါမယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကပြော ပါတယ်။ အဲဒီ နောက်မှာ ထိုင်းနိုင်ငံ မှာ ရွှေ့ပြောင်းခိုလှုံနေတဲ့ ရိုဟင်ဂျာ ၂,၀၀၀ လောက်ဟာ မြန်မာနိုင်ငံက ဟုတ်မဟုတ် စစ်ဖို့ သူ့ရဲ့ မြန်မာအရာရှိတွေ ကို စေလွှတ်ပေးမယ်လို့ ပြော ပါတယ်။ဖြစ်နိုင်သမျှ မြန်မြန်ပေါ့။ ရိုဟင်ဂျာတွေထဲက ၅၀၀ လောက်က ကလေးနဲ့ အမျိုးသမီးတွေပါ” ဟု Surapong က ပြောသည်။
အဆိုပါ ရိုဟင်ဂျာ အားလုံးမှာ မြန်မာနိုင်ငံမှ ဖြစ်သည်ဆိုသည်ကို မြန်မာနိုင်ငံမှ လက်ခံခြင်း မရှိပေ။ ၎င်းတို့ ထဲမှ အချို့သည် ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ မြန်မာနိုင်ငံသို့ ဝင်ရောက်လာကြသူများ ဖြစ်နိုင်သည်ဟုမြန်မာနိုင်ငံက ယုံကြည်ထားသည်။
ဝန်ကြီး နှစ်ဦးတို့သည် ဘရူနိုင်းနိုင်ငံတွင် ဧပြီလ ၁၁ ရက်နေ့၌ ကျင်းပမည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းဝေးမတိုင်မီ တွေ့ဆုံ ခဲ့ကြခြင်းဖြစ်သည်။
တွေ့ဆုံစဉ် ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်များထဲမှ အချို့သည် မြန်မာနိုင်ငံသို့ ပြန်လိုကြသော်လည်း ၎င်းတို့၏ အသက်မွေး ဝမ်းကြောင်း အတွက် စိုးရိမ်ပူပန်နေကြဆဲ ဖြစ်ကြောင်း သတင်းရရှိထား၍ နယ်စပ် တလျှောက်ရှိ ဒုက္ခသည်များကို ပြန်လည်ခေါ် ယူရန်လည်း မြန်မာအား တောင်း ဆိုခဲ့သည်ဟု Surapong က ပြောသည်။