မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများအားတွေ့ဆုံဆွေးနွေး၍ ငြိမ်းချမ်း စွာ အဖြေရှာနိုင်ရေး၊ ဆင်းရဲမွဲတေမှု ပပျောက်ရေး၊ လူနေမှုဘဝ မြင့်မားရေး ကဏ္ဍများတွင် ဆက်လက် ကူညီသွားရန် ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က ကတိပြု ပြောကြားခဲ့ကြောင်း သွားရောက်တွေ့ဆုံခဲ့သည့် တိုင်းရင်းသားခေါင်းဆောင် တဦး ဖြစ်သူ နိုင်ဟံသာ (ဗိုန်ခိုင်) က ပြောသည်။
“(ဂျပန်)ဝန်ကြီးချုပ်နဲ့ တွေ့တော့ အဓိက အဲဒီ သုံးချက်ကိုပဲ ကတိပြုပြီး ပြောခဲ့တယ်။ တိုတိုနဲ့ လိုရင်းပဲပြေခဲ့တယ်။ မြန်မာ အစိုးရနဲ့ တွေ့တိုင်းလည်း အဲဒီအချက်တွေကို အမြဲတိုက်တွန်း ပြောကြားခဲ့ပါတယ်လို့ သူက ပြောတယ်” - ဟု ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC ကိုယ်စားလှယ် နိုင်ဟံသာ (ဗိုန်ခိုင်) က မဇ္စျိမကို ပြောသည်။
နိပွန် ဖောင်ဒေးရှင်း၏ စီစဉ်ပေးမှုဖြင့် ဂျပန်နိုင်ငံသို့ ဒုတိယအကြိမ် ခရီးစဉ်အတွင်း UNFC ကိုယ်စားလှယ်များ ဧပြီလ ၂ ရက်နေ့တွင် ဂျပန် ဝန်ကြီးချုပ်နှင့် နာရီဝက်ခန့်ကြာ တွေ့ဆုံခွင့် ရခဲ့သည်။
“ဝန်ကြီးချုပ် ကိုယ်တိုင် ပြောခဲ့တဲ့ မှတ်မှတ်ရရ စကားကတော့ ဒုတိယ ကမ္ဘာစစ်တုန်းက ဂျပန် စစ်ရှုံးပြီး ဆင်းဆင်းရဲရဲနဲ့ ကာလတွေကို ဖြတ် သန်းရတယ်။ အဲဒီမှာ မြန်မာနိုင်ငံက အကူအညီ ပေးခဲ့တဲ့ ဆန်ကို ယူပြီး စားသောက်ခဲ့ရတယ်။ “ဘားမား (မြန်မာ)” လို့ခေါ်တဲ့ ကျနော်တို့ နိုင်ငံက ဂျပန်နိုင်ငံအပေါ် ဂုဏ်ကျေးဇူး ရှိခဲ့ဖူးတာ သူတို့ မမေ့ပါဘူး။ မြန်မာနိုင်ငံ အေးအေး ချမ်းချမ်း ဖြစ်မှာကို မြင်ချင်တဲ့ စေတနာ ဂျပန်မှာ ရှိတာကို သိစေချင်တယ်” ဟု မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်အဖြစ် UNFC ဂျပန် ခရီးစဉ်တွင်း ပါဝင်ခဲ့သူ နိုင်ဟံသာ (ဗိုန်ခိုင်) က ပြောသည်။
ထိုခရီးစဉ်သည် မတ်လ ၃၁ ရက်နေ့မှ စတင်ခဲ့ကာ သီတင်း တပတ် ကြာမြင့်ခဲ့ပြီး တဖွဲ့လျှင် နှစ်ဦးကျ ဖိတ်ကြားခြင်း ခံရသည့် UNFC အဖွဲ့ဝင်နှင့် အဖွဲ့ဝင် မဟုတ်သည့် တိုင်းရင်းသား ကိုယ်စားလှယ်ပေါင်း ၂၃ ဦး သွားရောက်ခဲ့သည်။
ယခင် ဂျပန် ဝန်ကြီး ချုပ်ဟောင်း နိုတိုခန် (Naoto Kan) လက်ထက်၌ မြန်မာ တိုင်းရင်းသား စစ်ဒဏ်သင့်ဒေသများသို့ အမေရိကန် ဒေါ်လာ ၃ သန်း တန် အကူအညီ ရရှိခဲ့ပြီးဖြစ်ကာ စားနပ်ရိက္ခာ၊ ဆေးဝါး အကူအညီ အဖြစ် ပေးအပ်ခဲ့ပြီး မတ်လ ၃၁ ရက်နေ့၌ ထိုအကူအညီ သက်တမ်း ကုန်ဆုံးခဲ့ပြီး ဖြစ်သည်။
အကူအညီများ ထပ်မံပေးနိုင်ရန်မှာမူ ဂျူလိုင်လ၌ UNFC အဖွဲ့ဝင် တဖွဲ့ချင်း စီတို့မှ လိုအပ်ချက်အရ အဆိုပြုမှု (Proposal) ရေးသား တင်သွင်းရမည် ဖြစ်ကာ ၎င်းတင်ပြမှုများမှ တဆင့် ဆက်လက် ပံ့ပိုးသွားမည် ဖြစ်သည်။
လက်ရှိမှ ဂျူလိုင်လ အထိ အကူအညီများကိုမူ ခရီးစဉ်အတွင်း အလုပ်ရုံ ဆွေးနွေး ပြုလုပ်၍ ဆွေးနွေးခဲ့သည့် အကူအညီပေးရေးပုံစံ မူကြမ်းကို နိပွန် ဖောင်ဒေးရှင်းမှ ရေးဆွဲကာ ဂျပန် အစိုးရသို့ တင်ပြတောင်းဆို
သွားမည် ဖြစ်သည်။
သို့သော်လည်း ဧပြီ-ဇူလိုင်လအထိ အကူအညီများသည် ငွေကြေး ပမာဏ အနေဖြင့် နည်းပါးမည်ဟု ခန့်မှန်းပြီး နောက် တင်ပြရရှိလာမည့် ပရောဂျက် အကူအညီများမှာ ပမာဏ ကြီးမားသည့် အကူအညီဖြစ်မည်ဟု တွက်ဆထားကြောင်း နိုင်ဟံသာ က ဆို သည်။
ခရီးစဉ်အပြီး ဧပြီလ ၈ ရက်နေ့တွင် ထုတ်ပြန်သည့် UNFC ကြေညာချက်တွင်လည်း နိပွန် ဖောင်ဒေးရှင်းမှ တိုင်းရင်း သား ဒေသအတွင်း ရှိ ပြည်သူများအတွက် တနှစ်တာ အကူအညီပေးခဲ့သည့် အရေးပေါ် အထောက်အပံ့များကို ယခုခရီးစဉ်အတွင်း ပြန်လည် သုံးသပ်ခဲ့ကာ ရှေ့လုပ်ငန်းစဉ်များကိုဆွေးနွေးခဲ့ကြသည်ဟုပါရှိသည်။
ထို့ပြင် တိုင်းရင်းသား ဒေသတွင်း လူမှု အခြေခံ အဆောက်အအုံ ကူညီ ထောက်ပံ့မှုများနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ၊ မြန်မာ အစိုးရနှင့် နိုင်ငံရေး ငြိမ်းချမ်းရေး ဆွေးနွေးမှု ဖြစ်ပေါ် လာစေရန်နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များ ကူညီပံ့ပိုးသွားနိုင်ရေးများလည်း ဆွေးနွေးခဲ့ကြောင်းဖော်ပြပါရှိသည်။
ယခု ခရီးစဉ်အတွင်း တွေ့ဆုံခဲ့သည့် ဂျပန် အဆင့်မြင့် ခေါင်းဆောင်များတွင် ဒု-ဝန်ကြီးချုပ်လည်းဖြစ် ဘဏ္ဍာရေး ဝန်ကြီးလည်းဖြစ်သူ တာရို အာဆို (Tarō Asō)၊ နိုင်ငံခြားရေး ဝန်ကြီး ဖူမီယို ကီရှိဒ (Fumio Kishida) တို့လည်း ပါဝင်သည်။
UNFC အနေဖြင့် အစိုးရနှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများတွင် ကြားနေနိုင်ငံများ ကမ်းလှမ်း ထားသည့် အပေါ် ဂျပန်ဝန်ကြီး တာရို အာဆို က စိတ်ပူမိကြောင်းနှင့် ထိုနိုင်ငံများ၏ သဘောထားနှင့် မိမိနိုင်ငံ အကျိုးစီးပွားကို အခြေခံသည့် တွန်းအားပေးမှုများမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား အကျိုးဆက် ရှိစေနိုင်သည်ဟု သတိပေး ပြောကြားခဲ့သည်ဟု ဆိုသည်။
ဂျပန်နိုင်ငံ အနေဖြင့်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တိုင်းရင်သား အပါအဝင် မြန်မာအစိုးရတို့နှင့်လည်း ဆက်စပ်လုပ်ဆောင်လျက်ရှိကာ ၎င်းတို့ ပေးသည့် အကူအညီများသည် နှောင်ကြိုးမဲ့ အကူအညီများဖြစ်သည်ဟု အကူအညီပေးရေး နားလည်မှု စာချွန်လွှာ MOU စာချုပ်၌ပင် ပါရှိ လက်မှတ်ရေးထိုး ထားကြောင်း ပြောသည်။