တရုတ်ပိုက်လိုင်းများ ပြောင်းရွှေ့ပေးရန် ရှမ်းတောင်သူများနှင့် ရှမ်းလူထုအဖွဲ့များ တောင်းဆို

တရုတ်ပိုက်လိုင်းများ ပြောင်းရွှေ့ပေးရန် ရှမ်းတောင်သူများနှင့် ရှမ်းလူထုအဖွဲ့များ တောင်းဆို
by -
မဇ္စျိမ

ရှမ်းပြည်နယ်မြောင်ပိုင်း ဖြတ်သန်းထားသော ဓါတ်ငွေ့ ပိုက်လိုင်းများကို ပြောင်းရွှေ့ပေးရန် မြောက်ပိုင်း ရှမ်း တောင်သူလယ်သမား ကော်မတီနှင့် ရှမ်းလူထုအခြေပြု အဖွဲ့အစည်းများက သောကြာနေ့တွင် တောင်းဆိုလိုက်ကြသည်။

Shan-SWAN

ရှမ်းအမျိုးသမီးအဖွဲ့ SWAN မှ ယိင်းဟန်ဖ နှင့် ရှမ်းသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ စိုင်းခေးဆိုင် တို့ တရုတ်ပိုက်လိုင်းများနှင့်ပတ်သက်၍ ၂၀၁၃ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုက်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (ဓာတ်ပုံ - ဖနိဒါ၊ မဇ္စျိမ)

မေလတွင် စတင် စမ်းသပ်လည်ပတ်တော့မည့် ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံ၊ ယူနန်ခ၁ရိုင်အထိ သွယ်တန်း သည့်ရေနံနှင့် ဓါတ်ငွေ့ ပိုက်လိုင်းကြောင့် လူ့အခွင့်အရေး ဆုံးရှုံးခြင်း၊ လုံခြံုမှုအတွက် စိုးရိမ်ရခြင်းတို့ကြောင့် ထိုလုပ်ငန်းကြီးအား ရွှေ့ပြောင်းပေးရန် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ရှမ်း တောင်သူလယ်သမား တသောင်းအား ကိုယ်စားပြုသော မြောက်ပိုင်းရှမ်း တောင်သူလယ်သမား ကော်မတီက လယ်သမားများ စုပေါင်း၍ ပြည်နယ်အစိုးရထံ တောင်းဆိုသည့် စာအား သွားရောက် ပေးအပ်ခဲ့သလို ထိုင်းနိုင်ငံ အခြေစိုက် လူမှုအခြေပြု အဖွဲ့အစည်းများက ချင်းမိုင်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး တရုတ်ကောင်စစ်ဝန် ရုံးသို့ ထုတ်ပြန်ချက်အား ပေးပို့ခဲ့သည်။

“ပိုက်လိုင်း စကတည်းက ရှမ်းတောင်သူတွေရဲ့ လယ်ယာမြေ၊ သစ်သီးခြံတွေ ဆုံးရှုံးရတဲ့အတွက် ဒီနေ့ အကျိုးတဲ့ ဆိုးကျိုးပိုများလာတယ်၊ ထိခိုက်မှုကလည်း ပိုများလာတဲ့အတွက် တောင်သူလယ်သမားတွေက စုရုံးပြီး ကျနော်တို့နဲ့ တောင်ကြီးက ရှမ်းပြည်နယ်အစိုးရကို တောင်းဆိုချက်တွေ တောင်းဆိုသွားမှာ ဖြစ်တယ်” ဟု ရှမ်းသဘာဝ ပတ်ဝန်းကျင်အဖွဲ့မှ ပြောခွင့်ရသူ စိုင်းခေးဆိုင် က ပြောသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလာက ရှမ်းအမျိုးသမီးအဖွဲ့ SWAN အဖွဲ့ဝင်များ၏ မြန်မာပြည် ခရီးစဉ် နောက်ပိုင်းတွင် ရှမ်းစာပေယဉ်ကျေးမှု၊ လူငယ်များ၊ လယ်သမားများနှင့် စုစည်းမှု ပိုမိုရရှိလာကာ ရွှေဂက်စ်ပိုက်လိုင်း စီမံကိန်း ကန့်ကွက်မှု ပြုလုပ်လာနိုင်သည်ဟု SWAN မှ ပြောရေးဆိုခွင့်ရှိသူ ယိင်းဟန်ဖ က ဆိုသည်။

“ကျမတို့ ကန့်ကွက်ခဲ့တာလည်း သုံးလေး၊ ငါးနှစ် ရှိလာပြီဆိုတော့ လျော်ကြေးပေးတာတွေတော့ ရလာပြီ။ ဒါပေမယ့် အပြည့်အဝး မပေးဘူး။ ဒီနှစ်ထဲမှာ ဆိုရင် ပိုပြီး အထဲမှာ စည်းရုံးရေး ပိုလုပ်လာနိုင်တယ်။ အခုတော့ ဆက်သွယ်ရေးလည်း ကောင်းပြီ။ ဒါကြောင့် ဒီနေ့ တောင်ကြီးမှာလည်း လယ်သမားတွေ တောင်းဆိုကြတယ်” ဟု မဇ္စျိမကို ပြောသည်။

လိုက်လျောမှု တစုံတရာ မရှိပါက ဆက်လက် လှုပ်ရှားသွားမည် ဖြစ်ကြောင်း သူက ဆိုသည်။

မိုင် ၈၀၀ ရှည်လျားသည့် ရွှေဂက်စ်ပိုက်လိုင်း၏ သုံးပုံတပုံသည် လားရှိုး၊ နမ့်ခမ်း၊ နမ္မတူ၊ သီပေါ၊ ကျောက်မဲ၊
နောင်ချို၊ ပြင်ဦးလွင်မြို့နယ်တို့မှ မြေယာနှင့်သစ်တော ဧက ၂,၀၀၀ ခန့် ဖြတ်သန်းခဲ့ရာ တလျောက် ပေ ၁၀၀ ပတ်ဝန်းကျင်ရှိ သီးနှံများ ပျက်ဆီးရသည်ဟု ရှမ်း လူထုအခြေပြုအဖွဲ့က ပြောသည်။

ယမန်နှစ်က ထို ရ မြို့နယ်မှ တောင်သူလယ်သမားများကို လျော်ကြေးပေးရာတွင်လည်း တနယ်နှင့်တနယ် တူညီစွာ မပေးခဲ့ဘဲ လျော်ကြေးငွေ ပေးရာတွင်လည်း ဒေသခံ အာဏာပိုင်များ၏ အကျင့်ပျက်ခြစားမှုကြောင့် လယ်သမားများ ၁၀ ရာခိုင်နှုန်း ပြန်ပေးရသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

သီပေါဒေသ ဘော်ကြိုသည် ဆားထွက်ရှိသောဒေသ ဖြစ်၍ ထိုဒေသဖြစ်သန်းမည့် ပိုက်လိုင်းများသည် မြေအောက်ရှိ ဆားဓါတ်တို့ကြောင့် တိုက်စားပေါက်ကွဲမည်ကို စိုးရိမ်ခြင်းနှင့် ပိုက်လိုင်း စတင်သွယ်တန်းပါက အစိုးရ စစ်တပ် အင်အားပိုမိုတိုးမြင့်လာမည် ဖြစ်၍ ဒေသခံများက စိုးရိမ်နေကြသည်။

၎င်းပိုက်လိုင်းများမှာ တရုတ်အစိုးရပိုင် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း CNPC နှင့် မြန်မာ့ ရေနံနှင့် ဓါတ်ငွေ့ရောင်းဝယ်ရေး MOGE တို့က ဘင်္ဂလားပင်လယ်အော်မှ ဓါတ်ငွေ့နှင့် အရှေ့အလယ်ပိုင်းမှ ရေနံများကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ထိ သယ်ဆောင်သွားမည် ဖြစ်သည်။