လားရှိုးမြို့၌ ဒုအကြိမ်မြောက် သျှမ်းစာပေဆရာအတတ်သင် သင်တန်းဖွင့်လှစ်

လားရှိုးမြို့၌ ဒုအကြိမ်မြောက် သျှမ်းစာပေဆရာအတတ်သင် သင်တန်းဖွင့်လှစ်
by -
သျှမ်းသံတော်ဆင့်

သျှမ်းစာပေ ဆရာအတတ်သင် သင်တန်းကို သျှမ်းစာပေနှင့်ယဉ်ကျေးမှုမှ ကမကထပြုပြီး  Kham Ku Center for Study and Development ၏ နည်းပညာပိုင်းဆိုင်ရာ သင်တန်းပိုင်းဆိုင်ရာပံ့ပိုးမှုဖြင့် သျှမ်းပြည်မြောက် ပိုင်း လားရှိုးမြို့၌ ဒုတိယ အကြိမ် ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။

ဒုတိယအကြိမ်မြောက် လားရှိုးမြို့ သျှမ်းစာပေဆရာအတတ်သင် သင်တန်း

လားရှိုးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၃၀ ကျော်မှ သျှမ်းစာပေစိတ်ပါဝင်စားသော လူငယ် ၁၂၂ ဦးခန့်ကို မတ်ချ်လ ၂၈ ရက်မှ ဧပြီလ ၄ ရက်နေ့အထိ  လားရှိုးမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမ တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အရည်အချင်းနှင့် လုပ်ငန်းတာဝန်များ၊ ကလေးစိတ်ပညာ၊ သျှမ်းစာပေရေးသားသင်ကြားနည်းနှင့် သျှမ်းသဒ္ဒါ ပိုင်းဆိုင်ရာ များ၊ ကလေးကဗျာသင်ကြားနည်းများ၊ ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ၊ ယဉ်ကျေးမှုအကများ စသော ဘာသာရပ် ၆ ခု ခန့်ကို နံနက် ၈ နာရီမှ ညနေ ၅ နာရီထိ၊ ညပိုင်း ၆ နာရီမှ ၉ နာရီထိ သင်ကြားပေးခဲ့ သည်ဟု ခမ်းကူ KKCSD ဒါရိုက်တာ စိုင်းဆိုင်မိန်းက ပြောပါသည်။

ခမ်းကူဖောင်ဒေးရှင်း၏  ဒုတိယအကြိမ်မြောက် သျှမ်းစာပေဆရာအတတ်သင် သင်တန်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ  သျှမ်းလူငယ်များ  မိမိ  မိခင်ဘာသာစကား စာပေနှင့် ယဉ်ကျေးမှုကို ချစ်ခင် လေးစားပြီး ထိန်းသိမ်းသွားနိုင်ရန်၊ မိခင်ဘာ သာစကားနှင့်စာကို သဒ္ဒါနည်းကျကျ လေ့လာသင်ယူတတ်မြောက်သွားရန်၊ နွေရာသီ ကျောင်းပိတ်ချိန်  နှစ်စဉ်ပြုလုပ်နေကျ မဟတို ခေါ် ( မ ၅ လုံး ) သင်တန်းများတွင် ဆရာ၊ ဆရာမ အဖြစ် ပြန်လည် ဖြန့်ဝေသင်ကြားပေနိုင်ရန် စသည်တို့ဖြစ်သည်။

နည်းပညာဆိုင်ရာ ကျွမ်းကျင်လူငယ်များ ၂၀၁၁ က စုပေါင်းဖွဲ့စည်းထားသည့် Kham Ku Center for Study and Development အဖွဲ့သည် သျှမ်းပြည်သားလူငယ်ထုများအား  အိုင်တီနည်းပညာများနှင့် အခြားသော အဖွဲ့အစည်းဖွံ့ဖြိုးတိုး တက်ရေး ဆိုင်ရာ သင်တန်းများကိုလည်း  ပို့ချပေးနေသည့် စေတနာရှင်လူငယ်များ အဖွဲ့ဖြစ်ပါသည်။

Kham Ku Center for Study and Development အဖွဲ့သည် သက်ဆိုင်ရာမြို့နယ်ရှိ သျှမ်းစာပေယဉ်ကျေးမှု ကော်မတီ နှင့် ပူးပေါင်းပြီး လူငယ်အရည်အချင်းမြင့်တင်ရေးသင်တန်းများ ပေးနေသည့် အဖွဲ့ ဖြစ်ပါသည်။

Most read this week