ကရင်ပြည်နယ် NLD ပါတီ ဥက္ကဌ နန်းခင်ထွေးမြင့် ဘုရားသုံးဆူ မြို့ရှိ ပါတီဝင်များကိုသွားရောက်တွေ့ဆုံ

ကရင်ပြည်နယ် NLD ပါတီ ဥက္ကဌ နန်းခင်ထွေးမြင့် ဘုရားသုံးဆူ မြို့ရှိ ပါတီဝင်များကိုသွားရောက်တွေ့ဆုံ
by -
ကေအိုင်စီ

ကရင်ပြည်နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဌ နန်းခင်ထွေးမြင့်သည် ဘုရားသုံးဆူမြို့ ရှိပါတီဝင်များကို ယမန်နေ့ ဧပြီလ ၂ရက်နေ့တွင် သွားရောက်တွေ့ဆုံခဲ့ကာဆွေးနွေးပွဲ တရပ်ပြုလုပ်ခဲ့သည် ဟုသိရသည်။

လွန်ခဲ့သောမတ်လ၁၀ရက်နေ့ကရန်ကုန်မြို့တွင်ပြုလုပ်သော NLD ပါတီညီလာခံနှင့်ပတ်သက်ပြီးအခြေအနေ များကို အောက်ခြေမြို့နယ်ရှိပါတီဝင်များ သိမြင်နားလည်စေရန် ရည်ရွယ်ပြီး ဘုရားသုံးဆူမြို့တွင်ပါတီဝင်များ နှင့် တွေ့ဆုံဆွေးနွေးပွဲဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟုNLD ဗဟိုကော်မတီဝင်လည်းဖြစ်ကရင်ပြည်နယ် NLD ပါတီဥက္ကဌလည်းဖြစ်သူ နန်းခင်ထွေးမြင့်က ကေအိုင်စီကိုယနေ့တွင် ပြောသည်။

“ရန်ကုန်မှာကျင်းပတဲ့ ပထမဆုံးအကြိမ် NLD ညီလာခံမှာဒီကကိုယ်စားလှယ်အဖြစ် တက်ရောက်နိုင်ခဲ့ခြင်း မရှိဘူးလေ။ အဲဒါကြောင့်ညီလာခံက အကြောင်းအရာတွေကို သူတို့ကိုသိစေချင်တယ်။နောက်ပြီးတော့ ဗဟိုကနေအောက်ခြေအထိပြည်သူလူထုတွေနဲ့ ရင်းနှီးအောင်၊ပိုပြီးနားလည်မှု ရှိလာအောင်ရည်ရွယ် လုပ်တာပါ” ဟုနန်းခင်ထွေးမြင့် က ပြောသည်။

ဘုရားသုံးဆူမြို့အမှတ်(၁)ရပ်ကွက်ရှိ NLDရုံးတွင်မနက်ရနာရီမှ စတင်ကျင်းပခဲ့သောအဆိုပါ အခမ်းအနားတွင် NLD ပါတီဝင်များအပါအဝင် မွန်ပြည်နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ခင်ဌေးကြွယ်နှင့်ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မွန်ပြည်သစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ နှင့်ဖလုံုစ ဝေါ်ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်များစုစုပေါင်း၁၅၀ကျော် တက်ရောက်ခဲ့ကြသည်ဟုသိရသည်။

အဆိုပါအခမ်းအနားတွင်ဒေါ်နန်းခင်ထွေးမြင့်မှ ပါတီ၏လုပ်ငန်းစဉ်များအကြောင်းကို ပါတီဝင်များနှင့်အတူ အပြန်အလှန် ရှင်းလင်းဆွေးနွေးခဲ့ကြသည့်အပြင်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ခင်ဌေးကြွယ်မှ လွှတ်တော်ဆိုင်ရာအကြောင်းအရာများနှင့် သိသင့်သိထိုက်သည်များကိုဆွေးနွေးခဲ့ကြပြီးအခမ်းအနားကို မနက်၁၀နာရီတွင်ရုပ်သိမ်းလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေဖြင့်မြန်မာပြည် အနယ်နယ်အရပ်ရပ်တွင် လူမှုရေးအကျိုးပြု၊ ပညာရေးအထောက်အကူပြုအခမဲ့သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ဘုရားသုံးဆူမြို့ တွင်လည်းအဆိုပါသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်ဟု သိရသည်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ပါတီဝင်အင်အားမှာ ၁၃ သိန်းကျော်ရှိပြီးနယ်စပ်မြို့တစ်ခုဖြစ်သော ဘုရားသုံးဆူမြို့နယ်တွင် ပါတီဝင်အရေအတွက်၃၀၀ကျော် ခန့်ရှိသည်ဟုသိရသည်။