တန်ဖိုးဖြတ်လို့ မရတဲ့ အကူအညီ

တန်ဖိုးဖြတ်လို့ မရတဲ့ အကူအညီ
by -
ကန္တာရဝတီတိုင်း(မ်)

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်အတွင်းမှာ ကရင်နီဒုက္ခသည်စခန်း နှစ်ခုရှိပါတယ်။ မယ်ဟောင်ဆောင် မြို့ကနေ အမှတ် (၁) စခန်းကို ကားဖြင့်သွားလျှင် တနာရီလောက်တောင် မမောင်းရပါဘူး။ ဒါပေမဲ့ စခန်း (၂) ခါကျတော့ သုံးနာရီဝန်းကျင်လောက် သွားရပါတယ်။ တချိန်က စခန်း ၂ ခုအတွင်းမှာနေထိုင်တဲ့ ကရင်နီ ဒုက္ခသည်တွေဟာ စခန်းတခုနဲ့တခု အပြန်အလှန် ၀င်ထွက်သွားလာလို့ ရပါတယ်။

ဒုက္ခသည်တွေဟာ စခန်းအပြင်ဘက် ထွက်ခွင့်မရှိဘူးဆိုတဲ့ ဥပဒေက တင်းတင်းကြပ်ကြပ် ကိုင်တွယ်လာတဲ့ အချိန်မှာတော့ စခန်းတခုနဲ့တခု ၀င်ထွက်သွားလာလို့ မရတော့တဲ့အတွက် စခန်းနှစ်ခုဟာ သီးသန့်စီ ဖြစ်သွားပါတယ်။ ဒီနေရာမှာ ပိုမို အထီးကျန်ဆန်သွားတဲ့စခန်းကတော့ မယ်ဟောင်ဆောင်မြိုနဲ့ ပိုဝေးတဲ့ အမှတ် (၂) စခန်းပဲလို့ ဆိုရမှာပါ။

စခန်း ၂ ကိုသွားရင် သာမန်ကား ရိုးရိုးနဲ့သွားလို့ မရပါဘူး။ အထူးသဖြင့် မိုးရာသီမှာဆိုရင် နောက်ဆုံးပေါ်  ဖိုးဝီး ကားတွေ အသုံးပြုနိုင်ကြတဲ့ NGO ကားတွေတောင်မှ မသွားလာနိုင်ကြပါဘူး။ ထိုင်းနိုင်ငံထဲမှာ ဖြစ်ပေမဲ့လို့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး မြန်မာနယ်စပ်အနားမှာ ရှိနေပါတယ်။ အဲ့ဒီစခန်းကို သိကျွမ်းတဲ့ ကရင်နီတွေကတော့ Jungle Camp (တောစခန်း) လို့တင်စားခေါ်ဝေါ် လာခဲ့ကြပါတယ်။

အခုဆိုရင် အမှတ် ၂ စခန်းကို သွားတဲ့လမ်းမှာ လမ်းထိုးစက်တွေနဲ့ နေရာကွက်ကြား ပြုပြင်ထားတာကို တွေ့ရပါတယ်။ တချိန်က NGO ကားတွေကလွဲလို့ ကားအသွားအလာ ကျဲခဲ့တဲ့လမ်း အခုဆိုရင် ကားတွေတစီတတန်းကြီး နေ့စဉ်ဝင်ထွက်သွားလာနေကြပြီး ရဟတ်ယာဉ်တွေလဲ နေ့စဉ်နှင့်အမျှ ဆင်းသက်မှုတွေ ပြုလုပ်နေပါတယ်။

အပြင်နဲ့အဆက်အသွယ် ပြတ်တောက်နေတဲ့စခန်း အခုအကူညီတွေ ပေးနေတဲ့အတောအတွင်း ဆက်သွယ်ရေးဖုန်းလိုင်းတွေ လာရောက်တပ်ဆင်မှုတွေ ပြုလုပ်ပြီး စခန်းတွင်း ထိုင်းအစိုးရဌာန အသီးသီးက အရာရှိ၊ အရာခံတွေနဲ့ NGO ကတာဝန်ရှိ သူတွေ နေ့စဉ်နှင့်အမျှ ပြည့်နှက် လို့နေပါတယ်။

ဒုက္ခသည် ၃၀၀၀ ကျော်နေထိုင်ကြတဲ့ အမှတ် ၂ ဒုက္ခသည်စခန်း မတ်လ၂၂ ရက်၊ သောကြာနေ့က မီးလောင် ကျွမ်းမှု ဖြစ်ခဲ့လို့ လူပေါင်း ၃၇ ဦးသေဆုံးခဲ့ရပြီး ဒါဏ်ရာရရှိသူနဲ့အတူ လူပေါင်း ၂၃၀၀ အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါ တယ်။ ဒီမီးလောင်မှုဟာ မတော်တဆ မီးလောင် မှုဖြစ်ကြောင်း မပြောခဲ့လို့ ဆိုပြီး အမှတ် ၂ စခန်းတည်ရှိတဲ့ မယ်ဟောင်ဆောင်၊ ခွန်ယွန်းမြို့နယ်အတွင်းက ရဲအရာရှိတဦး ယာယီ တာဝန်ရွှေ့ပြောင်းထားခြင်း ခံရပါတယ်။

ထိုင်းအာဏာပိုင်တွေဘက်က တိကျတဲ့အဖြစ်တခုရဖို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေချိန်မှာ မီးကြောင့် ဒုက္ခရောက်နေကြတဲ့ ဒုက္ခသည်တွေကို အကူညီပေးမှုတွေ နေ့စဉ်နှင့်အမျှ ပြုလုပ်နေကြပါတယ်။

အိုးမဲ့အိမ်မဲ့ ဖြစ်နေကြတဲ့ဒုက္ခသည်တွေအဖို့ ယာယီမိုးကာတဲ၊ အစားအသောက်၊ ရေသန့်၊ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုတွေကို သက်ဆိုင်ရာထိုင်းအာဏာပိုင်နဲ့ အဲန်ဂျီအိုအဖွဲ့အစည်းတွေကနေ ကူညီမှုတွေ စတင်လုပ်ဆောင်နေကြပါတယ်။ လူနေအိမ်၊ စာသင်ကျောင်း၊ ဆေးခန်း၊ ဘုရားကျောင်း စတဲ့အဆောက်အဦးတွေ ပြန်လည်ဆောက်လုပ်နိုင်ဖို့ကတော့ တလလောက် အချိန်ယူမှာ ဖြစ်ကြောင်း သိရပါတယ်။

ဒီလိုဝမ်းနည်းကြေကွဲစရာ ဖြစ်ပျက်မှုကို စာနာထောက်ထားကြတဲ့အတွက် ပစ္စည်းအကူအညီနဲ့ လူအားနဲ့ လာရောက်ကူညီသူတွေဟာ တရက်ထက်တရက် စခန်းထဲမှာရောက်လာတာ မနည်းလှပါဘူး။ ဒီရက်ပိုင်း အတွင်း ပေးကမ်းတဲ့အကူအညီတွေကို လာရောက်ယူ တဲ့သူတွေရှိသလို အစားအသောက်၊ အဝတ်အစား ပေးဝေနေတဲ့ပုံရိပ်ကို ငေးမောပြီး ထိုင်ကြည့်နေကြတဲ့ သူတွေလဲ ရှိနေ တာကို တွေ့ရပါတယ်။ အများအား ဖြင့်တော့ သေဆုံးသွားတဲ့သူတွေထဲက မိသားစုတကွဲတပြားနဲ့ ကျန်ရစ်ခဲ့တဲ့ ဒုက္ခသည်တွေ ပဲ ဖြစ်ပါတယ်။ ဒီလိုအကူအညီပေးနေတဲ့ ရက်ပိုင်းအတွင်း သူတို့စိတ်တွေက ဒီတသက် မမျှော်လင့် ပဲခွဲခွာသွားခဲ့ရတဲ့ မိသား စုတွေဆီမှာ ရှိနေကြတယ်ဆိုတာ သေချာပါတယ်။

သူတို့အတွက် နောက်ထပ်စိတ်မကောင်းစရာတခုက သောကြာနေ့ကဖြစ်ပွားခဲ့တဲ့ မီးလောင်မှုဟာ စခန်းအတွင်း နေရာ ကွက်ကြားတပြိုက်နက် လောင်ကျွမ်းခဲ့တဲ့အတွက် ဒါဟာသွေးရိုးသားရိုးမှ ဟုတ်ရဲ့လား ဆိုတာကို သံသယရှိနေတဲ့အချက် ဖြစ်ပါတယ်။

အိမ်ခေါင်မိုးပေါ်ကနေ မီးစလောင်တယ်ဆိုတာကို တွေ့ရှိတဲ့ မျက်မြင်တွေက အစပိုင်းမှာ မပြောရဲကြပါဘူး။ ဒါကြောင့် မီးလောင်ပြီးတဲ့နောက်တရက် ထွက်ရှိလာတဲ့သတင်း အချက်အလက်များအရ အဆိုပါလောင်ကျွမ်း မှုဟာ မတော်တဆ မီးလောင်မှု ဖြစ်တယ်လို့ ဆိုခဲ့ကြပါတယ်။

လူအများအပြားသေဆုံးခဲ့ရတဲ့ အဆိုပါမီးလောင်မှုဟာ သာမာန်မဟုတ်တဲ့အတွက် ထိုင်းနိုင်ငံက သတင်း ဌာနကြီး တွေပါ စိတ်ဝင်တစားဖြစ်လာခဲ့တဲ့အတွက် အခုနှောက်ပိုင်း ဒါဟာ မတော်တဆ မီးမဟုတ်ဘူး ဆိုတဲ့အကြောင်း မျက်မြင်တို့ကိုကိုးကားပြီး ဘန်ကောက်ပိုစ့် သတင်းမှာ ထုတ်ပြန်ထားပြီး နောက်ဆက်တွဲ သတင်းတွေကိုလဲ အဆက်မပြတ် တင်ပြလျက်ရှိနေပါတယ်။

စခန်းမီးလောင်သွားလို့ ဒုက္ခသည်တွေကို ဌာနေဟောင်းသို့ ပြန်ပို့မလားဆိုတာကို စိုးရိမ်နေတဲ့ သူတွေလဲ ရှိနေကြ ပါတယ်။ ပြန်လည်ထူထောင်ရေးကိစ္စမှာ ဒုက္ခသည်တွေအနေနဲ့ သူတို့ဖြစ်ချင်လိုတဲ့ဆန္ဒထက် လောလောဆယ် သက်ဆိုင်ရာ ထိုင်းအာဏာပိုင်တွေနဲ့ ကရင်နီခေါင်းဆောင်တို့ရဲ့ စီမံခန့်ခွဲမှုအတိုင်း လိုက်နာသွားဖို့သာ အရေးကြီးတယ်လို့ ဆိုကြပါတယ်။

ယနေ့အထိ အမှတ် ၂ စခန်းကို အကူအညီတွေ အဆက်မပြတ် ၀င်ရောက်လျက်ရှိနေပါတယ်။ အကူအညီ တွေက လိုလေသေးမရှိသလောက် ကြောက်ရွှံ့မှုနဲ့ ကျေကွဲစရာတွေ ရောထွေးနေတဲ့ အခြေအနေကို ကျော်ဖြတ်ဖို့ မလွယ်ကူလှပါဘူး။ ဒါပေမဲ့ လာမည့်မနက်ဖြန်အတွက် သူတို့မျှော်လင့်ချက်တွေ မကုန်ခမ်း သေးပါဘူး… ဒါကတော့ မယ်ဟောင်ဆောင်မြို့ရဲ့ နယ်စပ်တော တနေရာမှာ သူတို့ရှိနေသေးတယ်ဆိုတာရယ်… သူတို့ဟာ ကရင်နီအမျိုးသားတွေ ဖြစ်တယ်ဆိုတာကို အပြင်မှာရှိနေတဲ့ ကရင်နီတွေ အသိအမှတ်ပြုယုံ လောက်ပါဘဲ… ဒါဟာ… သူတို့အတွက် အဖိုးမဖြတ်နိုင်တဲ့ အကူညီဘဲဖြစ်ပါလိမ့်မယ်…

Most read this week