ထိုင်း၌ အကျဉ်းကျ မြန်မာများ လွတ်ငြိမ်းချမ်းသာခွင့် ရရန် သံအမတ် မျှော်လင့်

ထိုင်း၌ အကျဉ်းကျ မြန်မာများ လွတ်ငြိမ်းချမ်းသာခွင့် ရရန် သံအမတ် မျှော်လင့်
by -
မဇ္စျိမ

ထိုင်းနိုင်ငံ၌ အကျဉ်းကျနေသည့် မြန်မာနိုင်ငံသား အကျဉ်းသားများ ဒီဇင်ဘာလ ၅ ရက်နေ့ တွင် ကျရောက်မည့် ထိုင်းဘုရင် မင်းမြတ် ဖူမိဖွန် အဒု လဒိစ် (King Bhumibol Adulyadej) ၏ သက်တော် ၈၆ နှစ်ပြည့် မွေးနေ့၌ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ် လျှော့ပေါ့ခွင့်များ ရရှိရန် မျှော်လင့်ရကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးက ပြောသည်။

“ဒီကိစ္စကို ကျနော် ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာနကို တင်ပြထားတာ နှစ်ခါရှိပြီ။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နေ့က တခါ ထပ်မံ တင်ပြထားပြီး ဖြစ်ပါတယ်။ တင်ပြတော့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက သူက ဆောင်ရွက်ပေးမယ်ပေါ့ဗျာ၊ အဲလို ပြောထားတယ်” ဟု သံအမတ်ကြီး ဦးမျိုးတင့် က မဇ္စျိမကို ပြောသည်။

ထိုင်း ပြည်ထဲရေး ဝန်ကြီးဌာန စာရင်းဇယားများအရ ထိုင်းနိုင်ငံတွင် ပြစ်မှုအမျိုးမျိုးဖြင့် ပြစ်ဒဏ် ကျခံနေရသည့်မြန်မာနိုင်ငံသား အကျဉ်းသား စုစုပေါင်း ၃,၀၀၀ ကျော် ရှိသည်ဟု ဆိုသော်လည်း သံရုံးသို့ လိပ်မူ ရေးသားလာသော အကျဉ်းကျ မြန်မာနိုင်ငံသားများ၏ စာများ၌မူ သောင်းဂဏန်း ရှိမည်ဟု ဖော်ပြထားကြကြောင်း ဦးမျိုးတင့် က ဆက်ပြောသည်။

“ခလေးတွေ (အကျဉ်းကျ ခံရသူများ)က ကျနော်တို့ သံရုံးကို ခဏခဏ စာတွေ ရေးတယ်ဗျာ။ အဲဒီမှာ နှစ်သောင်းလောက် ရှိတယ်လို့ ပြောတယ်။ တကယ်တမ်း ထိုင်း ပြည်ထဲရေးကို မေးကြည့် ရတာပေါ့ဗျာ။ သူတို့ ပြောတာကတော့ ၃,၀၀၀ ကျော်ကျော် ၄,၀၀၀ မပြည့်ဘူးလို့ ပြောတယ်။ အကြမ်းဖျင်း အရေအတွက်တော့ ပြောတယ်။ စာရင်း အတိအကျကို ထိုင်းပြည်ထဲရေးဆီ တောင်းထား ပေမယ့် အခုထိ မရသေးဘူး” ဟု ဆိုသည်။

မြန်မာ အကျဉ်းသား အများစုမှာ မူးယစ်ဆေးဝါးမှုများဖြင့် ကျခံနေရသူများ ဖြစ်သည်ဟု သိရသည်။ ထိုင်းနိုင်ငံ လွတ်ငြိမ်းချမ်းသာခွင့် ပေါ်လစီအရ မူးယစ်ဆေးဝါး ပစ်မှုများဖြင့် ကျခံနေရသူများမှာ ဦးစားပေး စဉ်းစားခံရနိုင်ဖွယ် မရှိဘဲ အခြားပစ်မှုဖြင့် အကျဉ်းကျ ခံနေရသူများသာ ပြစ်ဒဏ် လျှော့ပေါ့ခွင့်နှင့် လွတ်ငြိမ်း ချမ်းသာခွင့်များ ရနိုင်ရန် ခန့်မှန်းရကြောင်း ဦးမျိုးတင်က ဆိုသည်။

လက်ရှိ အနေအထား၌ ထိုင်းအစိုးရဘက်မှ လွတ်ငြိမ်း ချမ်းသာခွင့် ပေးနိုင်ရေးနှင့် ပစ်ဒဏ် လျှော့ပေါ့နိုင်ရေး ကိစ္စ စဉ်းစားဆောင်ရွက်လျက် ရှိနေသည်။

နှစ်စဉ်ပင် ထိုင်းဘုရင့် မွေးနေ့၌ လွတ်ငြိမ်း ချမ်းသာခွင့် ပေးလေ့ရှိပြီး ထိုင်းနိုင်ငံ ပြည်တွင်းရေး ကိစ္စများ (လွတ်ငြိမ်းချမ်းသာခွင့် စာရင်းတွင် ထိုင်းဝန်ကြီးချုပ်ဟောင်း တက်ဆင် ရှင်နာဝါဒ် နာမည် ပါဝင်နေမှု) ကြောင့် အတိုက်အခံများမှ ကန့်ကွက်ကာ လွတ်ငြိမ်း ချမ်းသာခွင့်သည် လည်း ရွှေ့ဆိုင်းရသည့် အနေအထားများ ရှိခဲ့သည်ဟု သိရကြောင်း ဦးမျိုးတင့် က ပြောသည်။

Most read this week