ရှမ်းပြည် မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်ရှိ ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP/SSA တပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့တို့ လွယ်လန်း နှင့် လွယ်စေး တောင်ကြော တဝိုက်၌ ယမန်နေ့ ညနေပိုင်း အချိန်က တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု အဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလက ဆိုသည်။
“မတ်လ ၂၃ ရက်နေ့ ကတည်းက အဲဒီတောင်ကုန်း၂ ခုကို သူတို့ တပ်ဖွဲ့တွေ တက်တိုက်နေတာ မတ်လ ၂၅ ရက်နေ့ကျမှ နယ်မြေ ရှင်းမယ် ဆိုတာ အကြောင်းကြားလာပြီး ၂၆ ရက်နေ့အထိ ဆက်တိုက်ပြန်တယ်။ (၂၇) ရက်နေ့မှာ တရက်နား ပြီးတော့ ၂၈ ရက်နေ့ (၂) နာရီခွဲလောက်မှာ ပြင်းပြင်း ထန်ထန် လာတိုက်ပြန်တယ်။” ဟု ဆိုသည်။
အစိုးရ၏ လားရှိုုးမြို့ အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၂၉၁ ၊ ခလရ ၃၃ ခြေမြန်တပ်ရင်း ခမရ ၃၂၆ တို့မှ အင်အား (၄၀၀) ခန့်ဖြင့် စစ်ကြောင်း (၄) ကြောင်းဖွဲ့ကာ လာရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အစိုးရ ဖက်မှ ထိခိုက် ဒဏ်ရာမှုများစွာ ရှိသော်လည်း အတိအကျ မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။
အစိုးရသည် ၄င်းတို့၏ နယ်မြေ ရှင်းလင်းမှု စစ်ဆင်ရေး အစီစဉ်ကို အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) တိုင်းမှူးမှ တဆင့် လားရှိုုးမြို့ပေါ်ရှိ SSPP/SSA ဆက်ဆံရေးရုံးသို့ အကြောင်းကြား ခဲ့ကြောင်း သိရသည်။
အစိုးရ တပ်ဖွဲ့က လွယ်လန်း တောင်တန်း တဝိုက်ကို ဖေဖော်ဝါရီလ (၁၉) ရက်နေ့၌ တိုက်ပွဲများ စတင်ခဲ့ပြီး ဖေဖော်ဝါရီ (၂၀) ရက်နေ့တွင် ထိုနေရာမှ ဆုတ်ခွာပေးရန် ရာဇသံ ပေးခဲ့သည်။
သို့သော် နောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွား လာသဖြင့် SSPP က သမ္မတထံ ဖေဖော်ဝါရီလ ၂၀ ရက်နေ့နှင့် ဖေဖော်ဝါရီလ (၂၂) ရက်နေ့များက အကြောင်းကြား ခဲ့သော်လည်း သမ္မတမှ တစုံတရာ အကြောင်းပြန်ကြားမှု မရှိခဲ့ကြောင်း ဗိုလ်မှူး စိုင်းလက ဆိုသည်။
အလားတူ ဖေဖော်ဝါရီလအတွင်းနှင့် မတ်လလယ်ပိုင်းအထိ အစိုးရတပ်က ဒေသတွင်း အင်အား ဖြည့်တင်းခဲ့ပြီး SSPP/ SSA တပ်ဖွဲ့ဝင်များ အခြေစိုက်ရာ လွယ်လန်းနှင့် လွယ်စေး တပ်စခန်းများအား ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။
ယင်း အခြေအနေများကြောင့် SSPP အနေဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ၀န်ကြီး ဦးအောင်မင်းထံ ထပ်မံ စာရေး အကြောင်းကြား ခဲ့သော်လည်း ထူးလာခြင်း မရှိသည့်အပြင် အဆိုပါ တောင်တန်းအား ရှင်းလင်းတော့မည် ဖြစ်ကြောင်းနှင့် SSPP တပ်ဖွဲ့ဝင်များ ဆုတ်ခွာပေးရန်အရှေ့မြောက်ပိုင်း တိုင်း စစ်ဌာနချုပ် ရမခ တိုင်းမှူးက အကြောင်းကြားခဲ့သည်။
SSPP/SSA နှင့် အစိုးရတို့ ၂၀၁၂ ခုနှစ် ဇန္နာဝါရီလ (၂၈) ရက်နေ့က အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုး ခဲ့သော်လည်း နှစ်ဖက် တိုက်ပွဲပေါင်း အကြိမ်(၁၀၀) ကျော် ဖြစ်ပွားခဲ့ကြောင်း SSPP က ဆိုသည်။