ကျားဖြူ ဥက္ကဌတူ သတ်သည့်တရားခံများ ဆက်တိုက်ဖမ်းဆီးနေ

ကျားဖြူ ဥက္ကဌတူ သတ်သည့်တရားခံများ ဆက်တိုက်ဖမ်းဆီးနေ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ကျားဖြူဥက္ကဌ၏ တူတော်သူကို သတ်သော ၀ရမ်းပြေးတရားခံများကို ဆက်တိုက် ဖမ်းဆီးနေကြောင်း သျှမ်းသံတော်ဆင့်မှ စုံစမ်းသိရသည်။

“ခုဖမ်းမိတာတော့ တတိယမြောက် တရားခံပါ၊ စာရေးတန်းရပ်ကွက်က အားကျိလေ မူစယ်တဘက်ခြမ်း ကျယ်ကောင်မှာ တရုတ်ရဲနဲ့မြန်မာရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီးဖမ်းလိုက်တာ ခုတော့ နမ့်ဖတ်ကာက မာနော် ဆိုသူ ပဲကျန် တော့တာ” ဟု နမ့်ခမ်းမြို့မှ အမည်မဖော်လိုသည့် ရဲဝန်ထမ်းတစ်ဦးက ပြောသည်။

အဆိုပါ အားကျိအား ယ္ခုလ ၂၄ ရက်နေ့ ကဖမ်းမိပြီး ၂၅ ရက်နေ့က နမ့်ခမ်းမြို့တရားရုံးတွင် ဖြောင့်ချက်ပေး ခဲ့ရာ ဆိုင်ရာ တရားရေးဌာနက မူစယ်ခရိုင်သို့ လွဲအပ်လိုက်ကြောင်း၊ နောက်ထပ် တရားခံပြေးများကို ဖမ်းဆီးနိုင်ဖို့ သက်ဆိုင် ရာရဲတပ်ဖွဲ့က ကြိုးစားနေကြောင်း ရဲဝန်ထမ်းက ဆိုသည်။

ဖမ်းဆီးရမိသော တတိယမြောက်တရားခံ အားကျိ၏ ထွက်ဆိုချက်နှင့် ပတ်သက်၍ “အခင်းဖြစ်ပွားတဲ့နေ့တွင် ၄င်းတို့ ၄ ယောက်စလုံးက ဓါးနှင့်ခုတ်မိကြောင်း၊ ရဲအောင်ထွေးနေအိမ်တွင် သူတို့ခုတ်ခဲ့သော ၁၈ လက်မ ဓါးတစ်လက် ရှိနေကြောင်း၊ မကြာသေးမှီက ဆိုင်ကယ်စီးပြီး ရွှေဆွဲကြိုးနှင့်ပိုက်ဆံအိတ် လုယှက်မှုလဲ သူတို့ အဖွဲ့ဖြစ်ကြောင်း” နမ့်ခမ်းတရားရုံးတွင်ထွက်ဆိုထားသည်ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ယင်းအမှုသည် ယ္ခုအခါ  ရ၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း၊ အများပြည်သူများကျေနပ်မှု ရှိစေရန် နှင့် ရခိုင်၊ မိထ္တိလာဘက် ကလို လူမျိူးရေးပြဿနာများ မလိုလားသောကြောင့် သက်ဆိုင်ရာပြည်နယ် တရားသူကြီးများနှင့် ဆွေးနွေးတိုင်ပင်ပြီး တရားမျှတစွာ စီရင်နိုင်ရန်ကြိုးပမ်းဆောင်ရွက်နေကြောင်း အဆိုပါ နီးစပ်သူက ဆိုသည်။

အဆိုပါ လူသတ်မှုသည် ထောင်ဒဏ်တသက်တကျွန်း အထိ ချနိုင်သော ပြစ်မှုဖြစ်ကြောင်း၊ မတ်ချ် မကုန်မီ နောက်တကြိမ် ရုံးတင်စစ်ဆေးဦးမည်ဖြစ်ကြောင်း မိသားစုဝင်တဦးက ပြောသည်။

Most read this week