ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် မီးလင်းလာ

ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် မီးလင်းလာ
by -
မိရိုင်မရော့
မွန်ပြည်နယ်အတွင်းရှိ အချို့သောမြို့နယ်များတွင် အစိုးရမှထုတ်လွှင့်ပေးမည့် လျှပ်စစ်မီးကို နှစ်လကြာ မစောင့်ဆိုင်းနိုင်သ၍ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ရပ်ရွာသာယာလိုသည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်လာသည်မှာ ကျေးရွာအတွင်း လျှပ်စစ်မီးလင်းလာ ...

 
မွန်ပြည်နယ်အတွင်းရှိ အချို့သောမြို့နယ်များတွင် အစိုးရမှထုတ်လွှင့်ပေးမည့် လျှပ်စစ်မီးကို နှစ်လကြာ မစောင့်ဆိုင်းနိုင်သ၍ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ရပ်ရွာသာယာလိုသည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်လာသည်မှာ ကျေးရွာအတွင်း လျှပ်စစ်မီးလင်းလာပြီး ဖြစ်သည်။

ရွာရှိဆရာတော်တို့၏ ဦးဆောင်မှုဖြင့် ဘီလူးကျွန်း ချောင်းဆုံမြို့နယ်အတွင်းရှိ ဒရယ်ကျေးရွာတွင် လွန်ခဲ့သည့် ဒီဇင်ဘာလက လျှပ်စစ်မီးရရှိရန် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကြိုးစားလာရာ ပြီးခဲ့သည့်လက တစ်ရွာလုံး လျှပ်စစ်မီး ရရှိလာပြီးဖြစ်သည်။

''ကျမတို့ရွာမှာ လျှပ်စစ်မီးရနေပြီး အဲဒါဆရာတော်နဲ့ ကျောင်းဒါယကာတွေရဲ့ ကြိုးစားမှုပေါ့နော်၊ အစိုးရမီးသာ မျှော်နေမယ်ဆိုရင် ကျမတို့ရွာ မီးလင်းလာမှာ မဟုတ်ဘူး၊ အခုမီးလာနေတာ ၁ လကျော် နေပြီး'' ဟု ဒရယ်ကျေးရွာမှ လျှပ်စစ်မီးသုံး အိမ်ရှင်မတစ်ဦးက ပြောသည်။

ဒရယ်ကျေးရွာတွင် စုစုပေါင်းအိမ်ခြေ ၂၀၀ လောက်ရှိပြီး၊ လျှပ်စစ်မီးယူထားသည့် အိမ်ခြေ ၁၂၀ လောက် သာရှိသည်။ လျှပ်စစ်မီးယူထားသူများအတွက် တစ်ယူနစ်လျှင် ဒီဇယ်တစ်ပုလင်း၏ တန်ဖိုးနှင့်အညီ ပေးဆောင်ရမည်ဖြစ်သည်။ ဒီဇယ်စျေးနှုန်းပေါ်မူတည်ပြီး ငွေကြေးကောက်ခံနေသည်။

၄င်းအိမ်ရှင်အမျိုးသမီး၏ ပြောပြချက်အရ ''မီးကတော့ အားကောင်းတယ်၊ အားလုံးသွယ်လို့ရတယ်၊ မီးပူတိုက်၊ ထမင်းဟင်းချက်၊ ရေခဲသေတ္တာ၊ ဘတ္ထရီအားသွင်း၊ တီဗွီဖွင့် အကုန်ရတယ်၊ သူတို့ ခွင့်မပြုတာတစ်ခု ဘဲရှိတယ်။ အဲဒါက အလုပ်ရုံပေါ့နော် အဲဒီလိုဆိုရင် သူတို့က မပေးသုံးဘူး၊ ကျမတို့အိမ်က ပြီးခဲ့တဲ့လက ၁ သောင်းခွဲ ကုန်တယ်၊ တစ်ယူနစ်ကို ၅၀၀ ယူတာပေါ့နော်၊ အိမ်က ဘတ္ထရီပါ သွင်းတယ်၊ တစ်ရွာလုံးက မီးလင်းနေပြီး၊ ကျမတို့အတွက်တော့ အဆင်ပြေတယ်၊ တစ်လမှ တစ်သောင်းခွဲပဲကုန်တယ်။ မနည်းပေမယ့်လည်း အခုခေတ်တန်ဖိုးမရှိတဲ့ ပိုက်ဆံနဲ့ဆိုရင် ပေးနိုင်တယ်၊ တချို့ဆိုရင်လည်း မယူနိုင်တာရှိတာဘဲ'' ဟု ပြောသည်။

၄င်းဒရယ်ရွာတွင် မီးယူအိမ်ခြေသည် ၁ ရာကျော်သာရှိသည့်အတွက် လျှပ်စစ်မီးသွယ်သူများအတွက် အရှုံးပေါ်နေသည်။ အကယ်၍ အိမ်ခြေ ၁၅၀၊ ၂၀၀ ရရှိမှသာ တွက်ခြေကိုက်မည်။ သို့သော်လည်း လျှပ်စစ်မီးသွယ်တန်းကာလသည် အနည်းဆုံး ၂ နှစ်သွယ်ပေးရမည်ဟု ဆရာတော်နှင့် စာချုပ်ချုပ်ထားပြီးဖြစ်သည့်အတွက် လျှပ်စစ်သွယ်သူများ အရှုံးပေါ်နေသည့်ကြားက လျှပ်စစ်မီးဖြန့်ဝေပေးနေရသည်။

မီတာပုံး၊ ဓာတ်တိုင်အတွက် တစ်အိမ်လျှင် ၂ သိန်းနီးပါးပေးရသည်။ ကြိုးပါအားလုံးတပ်ဆင်ပေးရလျှင် မီးလင်းလာသည်အထိ တစ်အိမ်ကို ၂ သိန်းကျော်ကုန်ကျသည်။ လျှပ်စစ်မီးထုတ်လွှင့်မှုမှာ မနက် ၄ နာရီမှ ၆ နာရီထိဖြစ်ပြီး၊ ညနေပိုင်းမှာ ၅ နာရီမှ ည ၉ နာရီခွဲထိဖြစ်သည်။ ၄င်းမီးစက်သည် ဒီဇယ်ဖြင့်မောင်သောစက်ဖြစ်ပြီး မြင်းကောင်ရေအား (၉၀) ရှိကြောင်း၊ အိမ်ခြေ ၂၀၀ ထိ လျှပ်စစ်မီး ဖြန့်ဝေပေးနိုင်ကြောင်း၊ စက်၏တန်ဖိုးသည် စုစုပေါင်း သိန်း (၃၄၀) ရှိကြောင်း လျှပ်စစ်မီးရရှိရန် ဦးဆောင်နေသည့် ဒရယ်ရွာမှ ဆရာတော်က မိန့်ကြားတော်မူသည်။

ပေါင်မြို့နယ်၊ မိုးနိုင်းကျေးရွာရှိ ပုညကာရီ ဘုန်းကြီးကျောင်းသားဟောင်းအဖွဲ့တို့က ရေအားဖြင့် လျှပ်စစ်မီး ရရှိရန် တစ်နှစ်ကျော် ဦးဆောင်လှုပ်ရှားလာခဲ့ပြီး၊ ယခုအခါ တစ်ရွာလုံးမှာ ရေအားလျှပ်စစ်မီးကို သုံးဆောင် လာနိုင်သည်။

ပေါင်မြို့ ကသာရပ်ကွက်သူတစ်ဦး၏ ပြောပြချက်အရ ''ဒီပေါင်မြို့မှာဆိုရင် အစိုးရကပေးတဲ့ လျှပ်စစ်မီး ရှိတယ်၊ ဒါပေမယ့် မလာတဲ့ရက်က များနေတယ်၊ ဒါကြောင့် တချို့ရွာတွေမှာဆိုရင် ကိုယ်ထူကိုယ်ထနဲ့ပဲ လျှပ်စစ်မီးရဖို့ လုပ်ဆောင်နေကြတာ၊ မီးလာရင်လဲ ဘာမှလုပ်လို့မရဘူး၊ အားမပြည့်ဘူးဖြစ်နေတယ်၊ အဲဒါကြောင့် တချို့ရွာတွေမှာ ဦးဆောင်နိုင်တဲ့လူရှိရင် သူတို့က နည်းအမျိုးမျိုး ကိုယ်ထူကိုယ်ထစနစ်နဲ့ မီးရအောင် လုပ်ဆောင်တာပါ'' ဟု ပြောသည်။

မိုးနိုင်းကျေးရွာတွင် သွယ်မည့် ရေအားလျှပ်စစ်မီးသည် ဒိုင်နမိုအား (၃၀၀) မီဂါဝပ်ရှိပြီး၊ အိမ်ခြေပေါင်း တစ်ထောင်ကျော် ထုတ်လွှင့်ဖြန့်ဖြူးပေးနိုင်သည်။ လက်ရှိ စာရင်းသွင်းထားသည့် အိမ်ခြေမှာ (၅၁၄) အိမ်ရှိကာ နောက်ထပ် စာရင်းသွင်းမည့်အိမ်ခြေတိုးလာရန်လည်းရှိသည်ဟု လျှပ်စစ်မီးရရှိရန် လုပ်ဆောင်နေသည့်အဖွဲ့က ပြောသည်။

''မိုးနိုင်းမှာ သွယ်ထားတဲ့ ရေအားလျှပ်စစ်မီးရနေပြီး၊ ဒါပေမယ့် ဘယ်နေ့ကတည်းက လာနေလဲဆိုတာကိုတော့ မသိဘူး၊ သူတို့က မီးခ ဘယ်လိုပေးနေတာကိုလည်း မသိဘူး၊ မီးလာနေတာကိုပဲသိတယ်'' ဟု ၄င်းကသာရပ်ကွက်သူက ပြောသည်။ လျှပ်စစ်မီးအတွက် မီတာပုံးကို တစ်အိမ်လျှင် ကျပ် ၂ သိန်း ပေးဆောင်ရသည်။

Most read this week