အန်ဂျလင်းနာ ဂျိုးလီနှင့် ခင်ပွန်း ကရင်နီဒုက္ခသည်စခန်းသို့ ရောက်ရှိလာ

အန်ဂျလင်းနာ ဂျိုးလီနှင့် ခင်ပွန်း ကရင်နီဒုက္ခသည်စခန်းသို့ ရောက်ရှိလာ
ယမန်နေ့က ထိုင်းနယ်စပ်မှာရှိသည့် ကရင်နီ ဒုက္ခသည် အမှတ် (၁) စခန်းကို အမေရိကန် နာမည်ကျော် ဟောလိ၀ုဒ် ရုပ်ရှင်မင်းသမီး အန်ဂျလင်းနာ ဂျိုးလီနှင့် သူမ၏ခင်ပွန်း ဘရဲပစ်တို့ သွားရောက် လည်ပတ်ခဲ့ကြ ...

ယမန်နေ့က ထိုင်းနယ်စပ်မှာရှိသည့် ကရင်နီ ဒုက္ခသည် အမှတ် (၁) စခန်းကို အမေရိကန် နာမည်ကျော် ဟောလိ၀ုဒ် ရုပ်ရှင်မင်းသမီး အန်ဂျလင်းနာ ဂျိုးလီနှင့် သူမ၏ခင်ပွန်း ဘရဲပစ်တို့ သွားရောက် လည်ပတ်ခဲ့ကြသည်။

၎င်းတို့သည် ထိုင်းနယ်မှာ သောင်တင်နေသည့် ဒုက္ခရောက်နေသူများကို လာရောက်လည်ပတ်ခြင်းဖြစ်သည်ဟု သိရသည််။ ထို့အပြင် စခန်းထဲရှိ မသန်မစွမ်းရုံးကို သွားရောက်ခဲ့ပြီး မသန်မစွမ်းသူများနှင့်လည်း စကားပြောခဲ့သည်ဟု သိရသည်။

မသန်မစွမ်းရုံးမှ လိုအပ်သည့် အထောက်အကူ ပစ္စည်းများကိုလည်း ကြိုးစားကူညီသွားမည် ဖြစ်ကြောင်းလည်း သူမပြောခဲ့သည်ဟု မသန်မစွမ်း ပြန်လည်ထူထောင်ခြင်းမှ ကြီးကြပ်ကွပ်ကဲသူ ဆရာမ ဒါးရီကပြောသည်။

"ခင်ဗျားတို့ရုံးမှာ ဘာတွေလိုအပ်လဲ၊ မေးတယ်။ ကျမတို့လည်း အထောက်အကူပစ္စည်းရှိရင် သူတို့ တိုးတက်မြန်တယ် လို့ပဲ ပြောတယ်။ ဘာဖြစ်လို့လဲဆိုတော့ အထောက်အကူပစ္စည်းတွေနဲ့ ပြန်ကောင်းလာကြတာ များတယ်။ အဲဒါကြောင့် သူမက ပြောတယ် သူမပြန်ကြလို့ရှိရင် လိုအပ်တဲ့ အထောက်အကူ ပစ္စည်းတွေကို ကြိုးစားကူညီမယ်လို့ ပြောတယ်။ " ဟု ပြောသည်။

စခန်းသူ စခန်းသားများသည် နာမည်ကျော် ရုပ်ရှင်မင်းသမီးလာသည်ကို ပြေးလွှားကြည့်နေကြသည်။ သို့သော် ထိုင်းအာဏာပိုင်များက ပါရှိသည့်အတွက် စုံတွဲ မင်းသား၊ မင်းသမီးကို စကားပြောချင်သော်လည်း အာဏာပိုင်ကို ကြောက်၍ စကားပြောဆိုခွင့် မရရှိခဲ့သည်ဟု စခန်းသူတဦးက ပြောသည်။

"ကျမဟင်းချက်မလို့ ရုပ်ရှင်မင်းသမီးလာတယ် ပြောတာနဲ့ ပြေးသွားတာ။ ဟင်းမချက်တော့ဘူး။ ဒါပေမယ့် ထိုင်းအာဏာပိုင်တွေရှိလို့ သူတို့နဲ့ စကားမပြောရဲဘူးလေ။ "

အဘယ်ကြောင့် စခန်းထဲသို့ ရောက်ရှိလာသည်ကို မင်းသား၊ မင်းသမီး စုံတွဲများနှင့် မေးခွင့်မကြံုခဲ့ပါ။ သို့သော် မယ်ဟောင်ဆောင် အခြေ စိုက် ယူအဲန်အိတ်ချ်စီအာရ် ရုံးမှ အကြီးအကဲတဦးက " ဘာကြောင့် ဒုက္ခသည်စခန်းဆီကို လာရသလဲ ဆိုတော့ သူမရဲ့ လှုပ်ရှားမှုတခုပဲ " ဟု ဆိုပါသည်။

ပြီးခဲ့သည့် ၂၀၀၄ ခုနှစ်သည်လည်း သူမ၏ ရုပ်ရှင်လောကမှာ တိုးတက်ဖို့သက်သက်သာ ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းကို လာရောက် လည်ပတ်ခဲ့ဖူးသည်။

Most read this week