ပိုက်လိုင်း ဆောက်ပြီးသော်လည်း လက်ခွါဒွေဆည်ကို အိန္ဒိယကုမ္ပဏီ လျော်ကြေးမပေး

ပိုက်လိုင်း ဆောက်ပြီးသော်လည်း လက်ခွါဒွေဆည်ကို အိန္ဒိယကုမ္ပဏီ လျော်ကြေးမပေး
by -
မဇ္စျိမ

မြန်မာ-တရုတ် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်းကို ဆောင်ရွက် နေသော အိန္ဒိယနိုင်ငံ (Punj Lioyd) ကုမ္ပဏီအနေဖြင့် ကျောက်ဖြူမြို့နယ် မဒေးကျွန်း တဖက်ကမ်းရှိ ကပိုင်ချောင်းဒေသ၌ ၎င်းတို့၏ လုပ်ငန်းများ ပြီးဆုံးသွားသော်လည်း လယ်သမား ၁၆၁ ဦးပိုင် လက်ခွါဒွေဆည် ပျက်စီးမှုအတွက် လျော်ကြေးငွေ မပေးသေးကြောင်း ဒေသခံလူမှုအဖွဲ့အစည်းနှင့် လယ်သမားများက မဇ္စျိမကို ပြောသည်။

ကျောက်ဖြူမြို့ အရှေ့ဘက် ၉ မိုင်အကွာတွင် တည်ရှိ၍ မြို့ချောင်းတိုက်နယ်၊ ဂြင်ကြီးအုပ်စု၊ ကပိုင်ချောင်းရွာ အနီး လယ်သမား ၁၆၁ ဦးပိုင်သည့် လက်ခွါဒွေဆည်မှာ လယ်မြေဧက ရ၅၀ ကျော်အား ရေပေးနေသည့် ဆည်ကြီး ဖြစ်သည်။ ၂၀၁၁ ခုနှစ်မှ စ၍ ပိုက်လိုင်း ဖြတ်သန်းတည်ဆောက်မှုကြောင့် ဆည်ထဲသို့ ရေငန်ဝင်ကာ လယ်မြေအားလုံး ပျက်စီးသွားခဲ့၍ (၂) နှစ်တာ ကာလ စပါးစိုက်၍ မရတော့ခြင်း ဖြစ်သည်။

“လယ်သမားတွေအနေနဲ့ တာဝန်ရှိသူတွေဆီမှာ လျော်ကြေးပေးဖို့ အကြိမ်ကြိမ် တောင်းခံခဲ့ပေမယ့် ဒီနေ့ထိ တပြားမှ မပေးသေးဘူး။ အခု ဒီဒေသမှာ ပိုက်လိုင်း တည်ဆောက်လို့ ပြီးနေပြီ ဆိုတော့ လယ်သမားတွေအတွက် မျှော်လင့်ချက် ကင်းမဲ့တဲ့အနေအထားကို ရောက်နေပြီ” ဟု မြို့ချောင်း တိုက်နယ် ဒေသဖွံ့ဖြိုးရေးကော်မတီမှပြောရေး ဆိုခွင့်ရှိသူ ဦးထွန်းကြွယ် က ပြောသည်။

Gas
တရုတ်နိုင်ငံသို့ သွယ်တန်းမည့် ရေနံနှင့်သဘာဝဓာတ်ငွေ ပိုက်လိုင်းများကြောင့် ကျောက်ဖြူမြို့နယ်ရှိ ဧက ရ၅၀ ကျော်ရှိ လက်ခွါဒွေဆည် ရေငန်ဝင်၍ စပါးစိုက်ပျိုး မရတော့ဘဲ ပျက်စီးခဲ့ရပုံ။ (ဓာတ်ပုံ - သိန်းလှိုင်၊ မဇ္စျိမ)

ဒီမိုကရေစီနိုင်ငံကြီးဖြစ်သည့် အိန္ဒိယနိုင်ငံမှ ကုမ္ပဏီကြီးတခုက ဒေသခံတို့၏ နစ်နာချက်များနှင့် ဒေသဖွ့့ံဖြိုးရေးကို မျက်ကွယ်ပြုထားသည့်အပေါ်လွန်စွာ စိတ်ပျက်မိကြောင်း ဝေဖန်လိုက်ပြီး ဒေသခံများ၏ လိုလားချက်များကို ဖြည့်ဆည်းမပေးပါက ဆန္ဒဖော်ထုတ်ပွဲများ အပါအဝင် နည်းလမ်းပေါင်းစုံဖြင့် တောင်းဆိုသွားမည်ဟု ၎င်းက ဆိုသည်။

“ဒီလယ်မြေကို ကျနော်တို့ ငယ်ငယ်လေးက စပြီး တလျှောက်လုံး လုပ်ကိုင်လာခဲ့တာပါ။ ပိုက်လိုင်း ဝင်ဖြတ် သွားတော့မှ ဆည်ဘောင်တွေ ကျိုးပျက်ပြီး ဆည်တခုလုံး ရေငန်တွေ ပြည့်သွားတယ်။ လယ်သမား အားလုံး (၂) နှစ်လုံးလုံး စပါးစိုက်လို့ မရခဲ့ဘူး။ စားစရာမရှိတော့ ကိုယ်ပိုင်ကျွဲ၊ နွားတွေကို ရောင်းစားခဲ့ရတယ်” ဟု ကပိုင်ချောင်းရွာမှ အသက် ၈၀ အရွယ် လယ်သမားကြီး ဦးအောင်ကျော်ထွန်း က ပြောသည်။

ဆည်ဘောင်များ ကျိုးပျက်နေခြင်းကိစ္စကို ကျောက်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးထံ ၂၀၁၁ ခုနှစ်၊ မေလမှ စ၍ ၄ ကြိမ်တိုင်တိုင် တင်ပြခဲ့သော်လည်း အရေးယူဆောင်ရွက်မှု တစုံတရာ မရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

ကပိုင်ချောင်း ဆရာတော်ကလည်း ၎င်းကိုယ်တိုင် ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် လွန်ခဲ့သည့်နှစ် စက်တင်ဘာလ အတွင်းက တွေ့ဆုံကာ လက်ခွါဒွေကို ပြန်ဆည်ပေးပြီး နစ်နာကြေးနှင့် ဒေသဖွံ့ဖြိုးရေးကို လုပ်ဆောင်ပေးရန် မေတ္တာရပ်ခံခဲ့ရာတွင် ကုမ္ပဏီက ဆောင်ရွက်ပေးမည်ဟု ဆိုခဲ့ကြောင်း ဆရာတော်က မိန့်သည်။

“အဲဒီတုန်းက ဦးဇင်းဆီမှာသူတို့ ကတိကဝတ် ပြုခဲ့ကြပေမယ့် အခု ပိုက်လိုင်းပြီးတဲ့အထိ လုပ်မပေးသေးတော့ သူတို့ပေးတဲ့ ကတိအပေါ် သံသယဖြစ်မိတယ်” ဟု အမိန့်ရှိသည်။

ကုမ္ပဏီသည် ယခုနှစ်ဇန်နဝါရီလတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးထံမှတဆင့် ဘိလပ်မြေအိတ် ၂၀၀ နှင့် ငွေ ၅ သိန်း ပေးပို့ကာ ရေခေါင်း (ရေထုတ်လှိုဏ်ခေါင်း)တခုကို ရွာသားများ လုပ်အားပေးဖြင့် ဆောက်ခိုင်းစေခဲ့ပြီး လုပ်အားပေး ပျက်ကွက်သူမှာ ငွေငါးထောင် ပေးခဲ့ရကြောင်းလည်း “တကယ်တော့   စေတနာနဲ့ ပေးတာ မဟုတ်ဘူး။ သူတို့ပိုက်လုံး တည်ဆောက်တဲ့နေရာမှာ အထောက်အကူ ပြုဖို့အတွက် ရွာသားတွေရဲ့လုပ်အားကို တဖက်လှည့် ယူလိုက်တာသာ ဖြစ်တယ်။ သူတို့ကြောင့် ပျက်စီးသွားတဲ့ ဆည်ဘောင်တွေကို ပြန်လုပ်ပေး မယ်ဆိုရင် ဆည်တခုလုံးကို သူတို့ငွေကြေးနဲ့ ပြန်ဆည် ပေးရမှာဖြစ်တယ်။ ရွာသားတွေကို ခိုင်းစရာ လုံးဝမလိုဘူး” ဟု ကပိုင်ချောင်း ဆရာတော်က ရှင်းလင်းမိန့်ကြားသည်။

Punj Lioyd ကုမ္ပဏီအနေဖြင့် လက်ခွါဒွေ အနီးပြင်ပရှိ လယ်မြေအချို့အတွက် ပိုင်းလိုင်းဖြတ် နစ်နာကြေး
ပေးခဲ့ရာတွင်လည်း ကျောက်ဖြူမြို့နယ် မြေစာရင်းဌါနမှ ဝန်ထမ်းတချို့က မလျော်သြဇာသုံး၍ လယ်သမား ငါးဦးထံမှ ငွေကျပ် ၄၉ သိန်းကို အဓမ္မ တောင်းယူသွားခဲ့ကြောင်း လျော်ကြေး အဖြတ်ခံရသူ ဒေါ်မကျော်သိန်း က ပြောသည်။

“ကျမတို့ဆီက နစ်နာကြေးငွေတွေကို မော်တော်ဆိပ်မှာ လာပြီး သူတို့ အတင်းအကြပ် တောင်းယူ သွားခဲ့တယ်။ ကျမဆီက ငါးသိန်း ပေးလိုက်ရတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ မြို့နယ်တရားရုံးမှာ ၂၀၁၂ ဇန်နဝါရီလ ၃ ရက်နေ့က ဦးဝေဘစံပါ လေးဦးကို တရားစွဲဆိုခဲ့ပေမယ့် ပလပ်ခံခဲ့ရတယ်။ ဒီတော့ ကျမတို့က ဇူလိုင်လ ၂၅ ရက်နေ့မှာ ကျောက်ဖြူ ခရိုင်တရားရုံးသို့ အယူခံပေမယ့် ခရိုင် တရားရုံးက ပလပ်ခဲ့ပြန်တယ်။ ကျမတို့ လယ်သမား တွေဘက်က အမှန်တရားဟာ ဘယ်လိုမှ ရှိနေမယ် မထင်တော့ဘူး” ဟု ၎င်းက ရှင်းပြသည်။

ကပိုင်ချောင်းရွာ လက်ခွါဒွေနည်းတူ ပိုက်လိုင်းတလျှောက် ကျောက်ဖြူနှင့် အမ်းမြို့နယ်များတွင် ဆုံးရှုံးနစ်နာ သူများမှာ လျော်ကြေးငွေ လုံးဝမရသေးခြင်း၊ တဝက်တပျက်သာ ရရှိခြင်း၊ မိမိ မြေအတွက် မဆိုင်သူများအား လျော်ကြေးငွေ ထုတ်ပေးထားကာ ရှင်းလင်းမှုမရှိ ဖြစ်နေကြောင်း ဒေသခံလယ်သမားများ က ဆိုသည်။

ဒေသဖွံ့ဖြိုးရေးကော်မတီနှင့် လယ်သမားများ တွေ့ဆုံသည့် ဖေဖော်ဝါရီလ အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ပျက်စီးဆုံးရှုံးသွားသော ဆည်မှ တနှစ်တာကာလ ထွက်ရှိမည့် စပါးတန်ဘိုးကို နစ်နာကြေးအဖြစ် ပေးဆောင်ရန်၊ ပျက်စီးသွားသော လက်ခွါဒွေ ဆည်ဘောင်များ အားလုံးကို ပြည်လည် ဆည်ဖို့ပေးရန်နှင့် ဒီရေတော ပျက်စီးမှုကြောင့် ရေလှိုင်များ ဝင်ရောက် တိုက်ခတ်မှုကို တားဆီးကာကွယ်ပေးရန်၊ စာသင်ကျောင်း၊ ဆေးခန်း၊ သောက်ရေကန်၊ လျှပ်စစ်မီးတို့ကို ဆောင်ရွက်ပေးရန် ကုမ္ပဏီသို့ တောင်းဆို ထားကြောင်းလည်း သိရသည်။

ဒေသခံများ၏ နစ်နာချက်များ ပြန်လည်ဖြည့်ဆည်းရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတို့ ပါ၀င်သည့်
ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ရန် မြို့ချောင်းတိုက်နယ် ဒေသဖွံ့ဖြိုးရေး ကော်မတီကို ဖေဖေါ်ဝါရီလ ၂ ရက်နေ့က ကပိုင်ချောင်း ကျေးရွာ ဘုန်တော်ကြီးကျောင်းတွင် အဖွဲ့ဝင် ၂၀ ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

Punj Lioyd ကုမ္ပဏီအနေဖြင့် ပိုက်လိုင်းတည်ဆောက်မှု လုပ်ငန်းတခုလုံးကို လာမည့် မေလအတွင်း အပြီးသတ်တော့မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။