TNLA နှင့် KIA ပူးပေါင်းစခန်းအား အစိုးရတပ် တိုက်ခိုက်

TNLA နှင့် KIA ပူးပေါင်းစခန်းအား အစိုးရတပ် တိုက်ခိုက်
by -
ရွှေဟင်္သာ

ကွတ်ခိုင်မြို့နယ် နမ့်လိတ် တောင်ကြော၌ အခြေ စိုက်နေသည့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နှင့် KIA တပ်ဖွဲ့ ပူးပေါင်း တပ်စခန်းအား အင်အား (၁၀၀) ကျော်ရှိ အစိုးရ ခြေမြန်တပ်ရင်း ခမရ (၅၀၂) စစ်ကြောင်းမှ ၀င်ရောက် တိုက်ခိုက်ကြောင်း သိရသည်။

TNLA 03

TNLA ကွတ်ခိုင် အခြေစိုက် တပ်ရင်း (၁ဝ၁) မှ တပ်ခွဲ (၁)နှင့် K.I.A တပ်ရင်း (၈) ပူးပေါင်း စခန်းကို ယမန်နေ့ ညနေ (၅) နာရီ အချိန်ခန့်က ၀င်ရောက် တိုက်ခိုက် ခဲ့သည့်ဟု TNLA တပ်မှူး တဦးက ဆိုသည်။

“ဒီလိုပါ ပထမတော့ ဒီနေရာ ကနေ ဖယ်ပေးဖို့ သူတို့စစ်ကြောင်းမှူးက ရွားသားတွေ လွတ်ပြီး ကျနော်တို့ကို လာပြောတယ်။ ဒီနမ့်လိတ်တောင်ကို သူတို့ မလာလို့မရဘူးလို့ ပြောတယ်။ အဲဒီလိုဘဲ ပြီးခဲ့တဲ့ သုံးရက် လောက်တုန်းကလည်း ပန်းကန်ဖက်မှာ နေရာ ဖယ်ပေးပါလို့ ပြောခဲ့တယ်။  အဲဒီဖက်မှာကျတော့ ကျနော်တို့က ဖယ်ပေး ခဲ့တယ်။ အခု ဒီနမ့်လိတ်တောင်ကိုလည်း ထပ်ဖယ်ခိုင်း ပြန်တယ်ဆိုတော့ ကျနော်တို့ သံသယ ဖြစ်လာတယ်။ ဒါနဲ့ မဖယ်ဘူး ဆိုပြီး အကြောင်းပြန်လိုက်တယ်။ မကြာပါဘူး သူတို့ တက်လာတယ်˝ ဟု တအာင်းတပ်မှူး က ပြောသည်။

တိုက်ပွဲသည် ည (၆) နာရီကျော်အချိန်အထိ တနာရီကျော် ပြင်းထန်စွာ ဖြစ်ပွားကြောင်းနှင့် အစိုးရဖက်မှ အနည်း ဆုံး (၁၀) ဦးခန့် သေဆုံးပြီး (၅) ဦး ထက်မနည်း ဒါဏ်ရာ ရကြောင်း ပေါ်တာ (အထမ်းသမား) များက ပြောဆိုသည်။ ထို့အပြင် တိုက်ပွဲကြောင့် အနီးရှိ ပန်ညှိုး ရွာသားများ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

သို့သော် ထိခိုက်ကျဆုံးမှု စာရင်းနှင့် ပတ်သက်၍ သီးခြား အတည်ပြုချက် မရရှိသေးပါ။

နမ့်လိတ်တောင်၌ တိုက်ပွဲဖြစ်နေစဉ် နမ့်ဖက်ကာ ကျေးရွာဖက်မှ အင်အား (၁၀၀) ခန့်ရှိ အစိုးရ ခြေလျင်တပ်ရင်း ခလရ ၁၂၃ စစ်ကြောင်း တကြောင်း ထပ်မံ ချီတက်လာပြီး နမ့်လိတ်တောင်အနီး သာပန်းကုန်း တောင်ကြောတွင် နေရာယူထားသည်ဟု နမ့်ဖတ်ကာ ဒေသခံများ အပြောအရ သိရကြောင်း TNLA တပ်မှူးက ဆိုသည်။

ယခု တိုက်ပွဲ ဖြစ်ပွားသော နမ့်လိတ် တောင်ကျောသည် စစ်ရေးအရ အချက်အခြာ ကျသည့် အရေးကြီး ကုန်းဖြစ်သလို အစိုးရတပ်နှင့် KIA တပ်မဟာ (၄) လက်အောက်ခံ တပ်ဖွဲ့တို့ ၂၀၁၁ ခုနှစ် ဇွန်လ (၂၆) ရက်နေ့က တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ သေးသည်။

TNLA နှင့် အစိုးရတို့ အပစ်အခတ် ရပ်စဲရန် ပလောင်ဒေသ လွှတ်တော် အမတ်များက ကြားဝင် စေ့စပ်ညှိနှိုင်း ပေးနေချိန် နမ့်လိတ်တောင်ကို စစ်ဆင်လာခြင်းမှာ ငြိမ်းချမ်းရေး အစီစဉ်အတွက် ဖိအားပေးခြင်း ဖြစ်နိုင်သလို နယ်မြေစိုးမိုးရေး အတွက် နေရာယူခြင်း ဖြစ်နိုင်ကြောင်း ပလောင်ဖက်မှ သုံးသပ်သည်။

ထို့အပြင် အစိုးရအနေဖြင့် TNLA နှင့် အပစ်အခတ် ရပ်စဲရေးလိုလားပါက စစ်ရေး လှုပ်ရှားမှုများ လျှော့သင့်ကြောင်းနှင့် နမ့်လိတ်တောင်ကြောသည် TNLA နှင့် KIA တို့၏ အခြေခံ စခန်း ဖြစ်သဖြင့် ဆုတ်ပေးရန် မဖြစ်နိုင်ကြောင်း TNLA က ပြောဆိုသည်။  

တချိန်တည်းတွင် မတ်လ (၂၃) ရက်နေ့တွင် ပြုလုပ်မည့် တအာင်းစာပေနှင့် ယဉ်ကျေးမှု ညီလာခံနှင့် ရွှေဖီလက်ဖက် ပွဲတော် ကျင်းပချိန် တအာင်း ဒေသအတွင်း အစိုးရတပ်၏ ထိုးစစ်ဆင် လှုပ်ရှားမှုများအား ပြင်းထန်စွာ ကန့်ကွက် ရှံု့ချကြောင်း ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး PSLF က ယနေ့ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန် ပြောဆို လိုက်သည်။

ထို့အပြင် အစိုးရ အနေဖြင့် တိုင်းရင်းသားများနှင့် ညှိနှိုင်း၍ မြန်မာပြည် ငြိမ်းချမ်းရေး တည်ဆောက်မည်ဟု ဆိုသော်လည်း လက်တွေ့တွင် အစိုးရတပ်မှ ပလောင်ဒေသ အပါအဝင် တိုင်းရင်းသား ဒေသအသီးသီး၌ စစ်အင်အားတိုးချဲ့နေခြင်းသည် နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးအတွက် ကြီးမားသည့် အနှောင့်အယှက် ဖြစ်ကြောင်း ဆက်လက် ဖော်ပြထားသည်။

အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဌ ဦးအောင်မင်းနှင့် တအာင်း(ပလောင်) လွတ်မြောက်ရေးတပ်ဦး PSLF တို့ ၂၀၁၂ ခုနှစ် နို၀င်ဘာလ (၁၀) ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလွတ်သဘော တွေ့ဆုံခဲ့သော်လည်း တရားဝင် ထပ်မံ တွေ့ဆုံနိုင်ခြင်း မရှိသေးပေ။

PSLF အဖွဲ့သည် စစ်အစိုးရလက်ထက် ၁၉၉၁ ခုနှစ်က အပစ်အခတ်ရပ်စဲရေး တကြိမ် ရယူခဲ့ပြီး ၂၀၀၅ ခုနှစ်က အစိုးရထံ လက်နက်နှင့် ငြိမ်းချမ်းရေး (လက်နက်ချ) လဲလှယ် ခဲ့သော်လည်း ၂၀၁၁ ခုနှစ်က စ၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။

Most read this week