ယနေ့ လားရှိုးမြို့၌ကျင်းပသော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း - သျှမ်းပြည်နယ်၊ ကယားပြည်နယ် ဆွေးနွေးပွဲ နောက်ဆုံးနေ့၌ အမျိုးသမီးကဏ္ဍဖြင့် အဆုံးသတ်ခဲ့ကြကြောင်း စုံစမ်းသိရှိ ရသည်။
“ဒီနေ့တော့ အမျိုးသမီးတွေ တက်ရောက်စကားပြောတယ်။ သျှမ်းအမျိုးသမီးမှာဆိုရင် ဒေါ်နန်းဆိုင်နောင့်က တက်ပြောတယ်။ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ CSOs (Civil Society Organizations ) က မပါမဖြစ် ပါဝင်ရမယ်လို့ ပြောသွားတယ်” ဟု ဆွေးနွေးပွဲ တက်ရောက်သူ တဦးကပြောဆိုသည်။
နန်းဆိုင်နောင့်၏ ဆွေးနွေးမှုကို ထောက်ခံကြသူ များပြားကြောင်း ဆိုသည်။ အလားတူ ကယား အမျိုးသမီး များလည်း တက်ရောက်ဆွေးနွေးပြောကြားကြပြီး နန်းထွေးမှုံကလည်း စစ်မှန်သော ငြိမ်းချမ်းရေးရလိုပါက တရားဥပဒေပိုင်းဆိုင်ရာလည်း ပြုပြင်ဖို့လိုအပ်ကြောင်း ပြောဆိုခဲ့သည်။
“စစ်မှန်သောငြိမ်းချမ်းရေး ရလိုရင် တရားစီရင်ရေး အပိုင်းမှာလဲ ပြုပြင်ရမယ်။ အခု တရားစီရင်ရာမှာ ဘက်လိုက်လွန်းတယ်။ လာဘ်စားတယ်။ တရားမျှတမှုမရှိဘူး။ ဒီလိုလုပ်ခြင်းဟာဖြင့် တယောက်နဲ့ တယောက် တရွာနဲ့တရွာ လူမျိုးတမျိုးနဲ့ တမျိုးကြားမှာ ပဋိပက္ခတွေ၊ ကွဲပြားမှုတွေ ဖြစ်လာနိုင်တယ် ” ဟု ပြောခဲ့၏။
ယနေ့နောက်ဆုံးရက် ဆွေးနွေးပွဲသို့ တက်ရောက်သူ ၁၈၃ ဦးရှိကာ အမျိုးသမီးများ ဆွေးနွေးမှုဖြင့် အဆုံးသတ်နိုင်ခဲ့ပြီး ညနေပိုင်းတွင်မူ သဘောထားကြေငြာချက် ထုတ်ပြန်ရန်ရှိကြောင်း သိရသည်။