သျှမ်း(မြောက်)ဧရိယာ တိုက်ပွဲနောက်ပိုင်း အစိုးရတပ်သားများ နေ့စဉ် ထွက်ပြေးနေ

သျှမ်း(မြောက်)ဧရိယာ တိုက်ပွဲနောက်ပိုင်း အစိုးရတပ်သားများ နေ့စဉ် ထွက်ပြေးနေ
by -
သျှမ်းသံတော်ဆင့်

ယခုနှစ်ဆန်းပိုင်းကစ၍ သျှမ်းပြည်မြောက်ပိုင်း၌ SSPP/SSA နှင့် တိုက်ပွဲများ ဖြစ်ပွါးခဲ့သည့် အစိုးရတပ်ဖွဲ့ ၀င်များ နေ့စဉ် တပ်မှ ထွက်ပြေးနေကြောင်း သျှမ်းပြည်မြောက်ပိုင်း သတင်းရပ်ကွက်က ဆိုသည်။

child soldiers Rgn

“သျှမ်းတပ်ဖွဲ့ကို ထိုးစစ်ဆင်နေတဲ့ မိုင်းရယ်၊ တန့်ယန်း၊ မိုင်းရှူး၊ ကျေးသီးမြို့နယ်အတွင်း လှုပ်ရှားနေတဲ့ တပ်တွေပေါ့။ ၂ ရက် ၃ ရက်တခါ ထွက်ပြေးနေကြတယ်။ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေဆီ ခိုလှုံကြတယ်။ တခါ ရောက်လာရင် ၂ ယောက် ၃ ယောက် အနည်းဆုံးဘဲ။ ကလေးစစ်သားတွေ။ အသက် ၁၆ နှစ် နဲ့ ၂၀ နှစ် ကြားပေါ့” ဟု ဒေသတွင်း လက်နက်ကိုင် တပ်ဖွဲ့ တခုမှ အမည်မဖော်လိုသည့် အရာရှိတဦးကပြောသည်။

အဆိုပါတပ်ပြေး အတော်များများအား ဖေဖော်ဝါရီနှင့် မတ်ခ်ျလအတွင်း လက်ခံရရှိခြင်း ဖြစ်ပြီး ၎င်းတို့သည် မြန်မာနိုုင်ငံအလယ်ပိုင်း ရထားလမ်း၊ ကားလမ်းဘေး၊ ဘူတာ၊ ကားဂိတ်တို့မှ ဖမ်းဆီးခံခဲ့ရပြီး ငယ်စဉ်ကတည်းက စစ်မှုထမ်းရကြောင်း၊ ထိုးစစ်ဆင် ရပါက မြန်မာ စစ်တပ်ဘက်မှ အကျအဆုံးများ သောကြောင့် သေရမည်ကို ကြောက်ရွံ့သည့် အပြင် တပ်တွင်းကြီးနိုင်ငယ်ညှင်းပြုခြင်း၊ ခေါင်းပုံဖြတ်ခြင်း၊ ရိက္ခာ မလုံလောက်ခြင်း၊ မိသားစုထံ ပြန်ခွင့်မရခြင်း စသည်တို့ကြောင့် ထွက်ပြေးခြင်းဖြစ်ကြောင်း သိရသည်။

မိမိတို့အား မြန်မာစစ်တပ်ထံ ပြန်မအပ်ပါရန်နှင့် လွတ်လပ်ဘေးကင်းသည့်နေရာ ပို့ဆောင် ပေးပါရန် ၎င်းတို့မှ မေတ္တာရပ်ခံထားကြောင်း၊ လူသားခြင်းစာနာထောက် ထားရမည့် ကိစ္စလည်းဖြစ်သောကြောင့် ၎င်းတို့ဆန္ဒအတိုင်း စီစဉ်ပေးသွားမည်ဖြစ်ကြောင်း အမည် မဖေါ်လိုသည့် လက်နက်ကိုင်တပ်ဖွဲ့ အကြီးအကဲတဦးက ပြောဆိုသည်။

“သူတို့ အရွယ်မရောက်သေးတာ တကြောင်း၊ လူသားချင်း စာနာထောက်ထားတာ တကြောင်း သူတို့စစ်မှု မထမ်း ချင်တော့ ဘူးဆိုလို့ သူတို့တောင်းဆိုတဲ့အတိုင်း ဘေးကင်းတဲ့ နေရာကို ကျနော်တို့ပို့ပေးဖို့ အစီအစဉ်ရှိပါတယ်။ မြန်မာစစ်တပ်ဆီ သို့မဟုတ် အုပ်ချုပ်ရေး အာဏာပိုင်တွေဆီ ပြန်အပ်မှာမဟုတ်ပါဘူး။ ကျနော်တို့ဆီ ရောက်နေတဲ့တပ်ပြေး ၁၀ ဂဏန်း ချီပါပြီ” ဟု ဆိုသည်။

လက်နက်မပါဘဲ ထွက်ပြေးပါကထောင်ဒဏ်၊ လက်နက်ယူဆောင်ထွက်ပြေးပါက တသက်တကျွန်း သို့မဟုတ် သေဒဏ်အထိ ပေးနိုင်ကြောင်း၊ ယခုမြန်မာစစ်တပ်၏ ပေါ်လစီမှာ နအဖ အစိုးရခေတ်က စစ်သည် ၄ သိန်းပြည့်ရေး စီမံချက်အရ အဓိက လုပ်ဆောင်နေကြောင်း မြန်မာ့တပ်မတော်မှ အရာရှိတဦးက ပြောဆိုကြောင်း နီးစပ်သည့် ဒေသ အကြီးအကဲတဦးက ပြောဆိုသည်။

အစိုးရ တပ်ဖွဲ့ဝင်များ ထွက်ပြေးနေသည့် ဒေသအတွင်းတွင် သျှမ်းလူထု ပြည်သူ့စစ် တပ်ဖွဲ့၊ လားဟူပြည် သူ့စစ် တပ်ဖွဲ့၊ အသွင်ပြောင်း စိန်ကျော့၊ မိန်းခေး၊ လွယ်ဖါ ဌာနေ ပြည်သူ့စစ် အဖွဲ့များအပြင် အစိုးရနှင့် အပစ်ရပ်ထားသည့် သျှမ်းပြည်တိုးတက်ရေး ပါတီ/ သျှမ်းပြည် တပ်မတော် အစရှိသည့် လက်နက်ကိုင် အဖွဲ့အစည်းများ ရှိသည်။