မွန်ပြည်နယ် သံဖြူဇရပ်မြို့တွင် မော်တော်ဆိုင်ကယ်များ အိပ်ဇော ပြောင်းဖြုတ်၍ မောင်းနှင်ခြင်းကြောင့် ပတ်ဝန်း ကျင်ဆူညံမှု ဖြစ်၍ ဒေသခံများ စိတ်အနှောက်ယှက်ဖြစ်နေကြသည်ဟု သံဖြူဇရပ်မြို့ခံ ကိုမင်းလတ်က ပြောသည်။
ယင်းသို့ မောင်းနှင်နေသော်လည်း သက်ဆိုင်ရာက ခေါ်ယူဆုံးမခြင်း တားဆီး ထိန်းသိမ်းခြင်းမရှိကြောင်း “ပတ်ဝန်းကျင်ကလဲ ဆူညံနေတယ် ရပ်ကွက်ထဲမှာ ညသန်းခေါင်ယံဆိုရင် ဆိုင်ကယ်အသံပြဲနဲ့ လူကြီး သူမတွေ အိပ်နေတာ နှောက်ယှက်ဖြစ်တာ သိသိနဲ့ လွှတ်ထားတယ်” ဟု ကိုမင်းလတ်က ပြောဆိုသည်။
အထက်တန်းစာမေးပွဲ ဖြေပြီးချိန်လည်းဖြစ် သင်္ကြန်နှင့်လည်း နီးလာချိန် အုပ်စုလိုက် သံဖြူဇရပ်မြို့ကိုပတ်၍ နေ့ညမောင်းနေသဖြင့် ဒေသခံများ စိတ်ဒုက္ခဖြစ်နေကြောင်း ၎င်းက ဆက်ပြောသည်။
“ဆိုင်ကယ်တွေက အုပ်စုလိုက် ဟိုသွားလိုက် ဒီသွားလိုက်နဲ့ တစ်ဖွဲ့တည်းမဟုတ် အဖွဲ့တွေကအများကြီး တစ်ဖွဲ့မှာဆိုရင် လူငယ် လူလတ်ပိုင်းက တော်တော်များတယ် အသက်ပိုင်းခြားအရပြောမယ်ဆိုရင် ၂၅ နဲ့ ၃၅ ဝန်းကျင်လောက်ရှိမယ်” ဟု ၎င်းက ပြောသည်။
သံဖြူဇရပ်မြို့ခံ ကိုဗညားထောလေးက “ညသန်းခေါင်ကျော်ဆိုရင် ဆိုင်ကယ်ကြီး super 4 တွေနဲ့ ပြိုင်မောင်းတာတွေ၊ ခေါင်းထောင်တာတွေ၊ လမ်းပြောင်ပြန် မောင်းတာတွေ အသံသေး အသံကြောင် အော်ဟစ်သွားတာတွေ စုံနေတာပဲ လမ်းမတန်းမှာ လမ်းကျယ်တော့ ပိုလုပ်တာပေါ့” ဟု ပြောသည်။
သံဖြူဇရပ် မြို့ပေါ်တွင် ယခုကဲ့သို့ ဖြစ်နေသည့်အပေါ် အုပ်ထိန်းသူမိဘများ၊ သက်ဆိုင်ရာ ယာဉ်ထိန်းရဲများနှင့် အစိုးရဖွဲ့ ဝင်များကိုယ် တိုင်ကလည်း ဤသို့လွတ်ထားရန်မသင့် ယာဉ်စည်းကမ်းနှင့်အညီ တားမြစ်ပြောဆို အသိပေး သင့်သည်ဟု ကိုမင်းလတ်က အကြံပြု ပြောဆိုသည်။