ငြိမ်းချမ်းရေး လမ်းလျှောက်သူများအား လိုင်ဇာလူထု ကြိုဆို

ငြိမ်းချမ်းရေး လမ်းလျှောက်သူများအား လိုင်ဇာလူထု ကြိုဆို
by -
ကချင်သတင်းဌာန

ပြည်တွင်းစစ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့မှ ရက်ရှည် လမ်းလျှောက်လာသူများ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့သို့ ရောက်ရှိလာရာ ပြည်သူလူထု ၁၀၀ ခန့်မှ ၀မ်းသာအားရ ကြိုဆိုခဲ့ကြောင်းသိရသည်။

လိုင်ဇာမြို့သို့ မတ်လ ၁၈ ရက် ၃ နာရီခွဲ အချိန်ခန့်က ရောက်ရှိလာခြင်းဖြစ်ပြီး အဆိုပါ လမ်းလျှောက် အဖွဲ့တွင် သံဃာတော် ၁၅ ပါးနှင့် သီလရှင် ၁ ပါး အပါအဝင်လူဦးရေ ၁၂၉ ဦး ပါ၀င်ကြောင်းနှင့် လိုင်ဇာမြို့မှ ကြိုဆိုရေး ကော်မတီဖွဲ့စည်းကာ ပြည်သူလူထုအပါအဝင် KIO တပ်ဖွဲ့ဝင်များနှင့် ကျောင်းသားတပ်မတော် ABSDF တာဝန်ရှိသူများမှ ပူးပေါင်းကြိုဆိုခဲ့ကြောင်း သိရသည်။

လိုင်ဇာမြို့ ကားကြီးကွင်းတွင် စုရုံးကာ လိုင်ဇာအုပ်ချုပ်ရေးမှူးမှ ဂုဏ်ပြု ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောဆိုခဲ့သလို ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ လမ်းလျှောက်အဖွဲ့က ပြည်သူလူထုအား ပြောပြခဲ့ကြောင်း သိရသည်။

“သူတို့ရောက်လာတဲ့အချိန် ဒီက ပြည်သူတွေအပါ အားလုံးပေါင်းပြီး ရိုးရာဝတ်စုံတွေနဲ့ စစ်သားတွေက စစ်ဝတ်စုံတွေနဲ့ တန်းစီပြီးတော့ ဗုံတွေတီးပြီးတော့ ကြိုဆိုတယ်။ ပြီးတော့ လိုင်ဇာကားကြီးကွင်းမှာ မဏ္ဍပ် ထိုးထားတဲ့နေရာမှာ အားလုံးပြန်စုပြီး ကြိုဆိုနုတ်ခွန်းဆက်စကားတွေ အပြန်အလှန် ပြောကြတယ်” ဟု လိုင်ဇာအုပ်ချုပ်ရေးမှူး ကရန်နော်အောန်ကပြောသည်။

နိုင်ငံနှင့်အဝှမ်း ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကို ရပ်တန့်စေလိုသောအားဖြင့် လက်ရှိ တိုက်ပွဲဖြစ်ပွား နေသော ကချင်ပြည်နယ် လိုင်ဇာမြို့ကိုရွေးချယ် ရခြင်းဖြစ်ပြီး လိုင်ဇာပြည်သူများမှ လှိုက်လှဲစွာ ကြိုဆိုသည့်အပေါ် အားရဝမ်းသာ ဖြစ်မိသည်ဟု ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ ခေါင်းဆောင် ကိုရန်နိုင်ထွန်းက ပြောသည်။

“စစ်ပွဲကြောင့်ဖြစ်ရတဲ့ စိုးရိမ်ကြောင့်ကြမှုတွေ၊ သောကရောက်မှုတွေကို ပြသဖို့ဟာ ဒီနေ့ ကချင်ပြည်နယ်မှာ ရှိနေတဲ့အတွက် ကချင်ပြည်နယ်ကို ကျနော်တို့ ရွေးချယ်ခဲ့တာပါ။ ဒီကိုရောက်တော့ ကျနော်တို့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ပါတယ်။ ကျနော်တို့အတွက် အံ့သြလို့မကုန်ပါဘူး။ အရမ်းကိုအားရပါတယ်။ တကယ် နွေးထွေးပြီး အားလုံးငြိမ်းချမ်းရေးကို လိုလားတဲ့ ပြည်သူတွေလို့ မြင်ပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် တွန်းအားတစ်ခုတော့ ပေးနိုင်ပါပြီလို့ ကျနော်တို့ ယုံကြည်ပါတယ်”

၎င်းတို့အဖွဲ့သည် ငြိမ်းချမ်းရေးလိုလားသူ လူငယ် ၁၀ ဦးမှ စတင်ခဲ့ပြီး ရန်ကုန်မြို့မှ ဇန္နဝါရီလ ၂၁ ရက်နေ့က လူဦးရေ ၂၈ ဦးဖြင့်ထွက်ခွာခဲ့ရာ လမ်းတစ်လျှောက်မှ လိုင်ဇာမြို့သို့ လူဦးရေ ၁၂၉ ဦး အထိ တိုးလာခြင်းဖြစ်သည်။

ထိုသို့ ရန်ကုန်မှ မြစ်ကြီးနား၊ မြစ်ကြီးနားမှ လိုင်ဇာသို့ လမ်းလျှောက်လာချိန် လမ်းတွင် ကျန်းမာရေး အခက်အခဲ အပါအဝင် အဖွဲ့ဝင်အကြား သဘောထားကွဲလွဲသည့်  အခက်အခဲများ ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

လမ်းခရီးတလျှောက် ပြည်သူများလှူဒါန်းလိုက်သည့် ကျပ်ငွေ သိန်း ၃၀၀ ကျော် အနက် သိန်း ၁၅၀ ကို မိုးကောင်း၊ မိုးညှင်း၊ မြစ်ကြီးနား၊ ၀ိုင်းမော် စသည့်မြို့များရှိ ဒုက္ခသည်များအတွက်လှူဒါန်းခဲ့ပြီး ကျန်ရှိသော သိန်း ၁၆၀ ကို လိုင်ဇာတဝိုက်ရှိ ဒုက္ခသည်စခန်းများတွင် လှူဒါန်းမည်ဖြစ်ကြောင်း ကိုရန်နိုင်ထွန်းကပြောသည်။

“ကျနော်တို့ ဒီနေ့တော့ ကချင်ရိုးရာနဲ့ ယဉ်ကျေးမှု ဘာသာစကားတွေကို လိုက်လေ့လာနေပါတယ်။ မနက်ဖြန်က စစ်ရှောင်ဒုက္ခသည်စခန်းတွေမှာ ပြည်သူလူထုတွေကို အားပေးစကားတွေ သွားပြော မှာပါ။ ကျန်တဲ့ငွေကိုလည်း မနက်ဖြန် ဒီလိုင်ဇာမှာရှိတဲ့ စစ်ရှောင်စခန်းတွေမှာ သွားရောက်လှူဒါန်းခဲ့ မှာပါ”

၎င်းအဖွဲ့တို့သည်မတ်လ ၂၁ ရက်နေ့တွင် လိုင်ဇာမြို့မှ ရန်ကုန်သို့ ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

Most read this week