အသေးစားနှင့် အလတ်စား လုပ်ငန်းသမားများ (SMEs) နှင့် လုပ်ငန်းသစ် စတင် လုပ်ကိုင်မည့် သူများအား အတိုးနှုန်း သက်သာစွာဖြင့် ACLENDA မြန်မာ ကုမ္ပဏီက ချေးပေးနေသည်ဟု ကုမ္ပဏီ၏ စီမံခန့်ခွဲမှု ဒါရိုက်တာက ဆိုသည်။
“မြန်မာအသေးစား ငွေရေးကြေးရေး လုပ်ငန်း ကြီးကြပ်မှုကော်မတီရဲ့ ညွှန်ကြားချက် အတိုင်း ငွေချေးပေးနေတာပါ။ အလွယ်တကူ ငွေချေးလို့ရအောင်မကြာခင် မြို့နယ်တွေမှာ ရုံးခွဲတွေ ဖွင့်ဖို့ စီစဉ်နေပါပြီ” ဟု Mr Kim Bunsocheat က ပြောသည်။
ချေးငွေကို ၁၂ လအတွင်း လစဉ်အရင်းငွေ ကျပ် ၁၀,၀၀၀ စီနှင့် ကျသင့်သည့် အတိုးငွေကို ပူးတွဲသွင်းပေးရ မည် ဖြစ်သည်။ အတိုးနှုန်းမှာ ၂.၅ ရာခိုင်နှုန်း ဖြစ်သည်။
“ချေးငွေ ယူသူအနေနဲ့ ကျပ် တသိန်း ချေးယူတယ် ဆိုပါစို့။ ပထမလမှာ အရင်းငွေ ကျပ် ၁၀,၀၀၀ နဲ့ အတိုးကို
ပေးသွင်းရမှာပါ။ ဒုတိယလမှာ အရင်း ကျပ် ၁၀,၀၀၀ နဲ့ ငွေ ၉၀,၀၀၀ အတွက် အတိုးကို ပေးသွင်းရမှာ ဖြစ်ပါတယ်။ တတိယလမှာ အရင်း ကျပ် ၁၀,၀၀၀ နဲ့ ငွေ ၈၀,၀၀၀ အတွက် အတိုးကို ပေးသွင်းရမှာပါ။ အဲဒီလိုမျိုး ပေးသွင်းသွား ရမှာ ဖြစ်ပါတယ်” ဟု ACLENDA ကုမ္ပဏီ၏ နည်းဥပဒေဌာနမှ ဦးမင်းအောင် က ရှင်းပြသည်။
ပေးဆပ်ရာတွင် လစဉ်ပေးဆပ်သည့် အနေဖြင့် ၁၂ လကြာအထိ မပေးသွင်းဘဲ သုံးလအတွင်း အတိုး ၁ နှစ်စာနှင့် အရင်းငွေကို အပြတ်ပေးသွင်းလျှင်လည်း လက်ခံသည်ဟု ဆိုသည်။
“ပထမအဆင့် ချေးငွေကို အပြီးအပြတ် ပေးသွင်းပြီးပါက ဒုတိယအဆင့် ချေးငွေကို လုပ်ငန်း တိုးချဲ့မှုပေါ် မူတည်ပြီး တိုးမြှင့်ချေးယူနိုင်ပါတယ်” ဟု ဦးမင်းအောင် က ဆက်ပြောသည်။
လက်ရှိတွင် အသေးစား စီိးပွားရေးလုပ်ငန်း (အုပ်စုချေးငွေ)နှင့် အသေးစား စီးပွားရေးလုပ်ငန်း (တဦးချင်း ချေးငွေ) ဟူ၍ နှစ်မျိုးဖြင့် ချေးပေးလျက်ရှိသည်။
အုပ်စုချေးငွေတွင် အုပ်စုအဖွဲ့ဝင်များအတွက် အဖွဲ့ဝင် နှစ်ဦးမှ ငါးဦးအထိ ဖွဲ့စည်းပြီး အဖွဲ့ဝင် တဦးလျှင် ကျပ် တသိန်း အထိ ချေးယူနိုင်သည်။
အေစီလင်ဒါ ကုမ္ပဏီအနေဖြင့် ရန်ကုန်တိုင်းအတွင်းရှိ ၁၅ မြို့နယ်အား ငွေချေးပေးနိုင်ပြီ ဖြစ်သည်။
“အဲဒီ မြို့နယ်တွေထဲက မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ တောင်ဒဂုံ၊ သင်္ကန်းကျွန်း၊ ဒဂုံအရှေ့၊ သန်လျင်၊ ဒလ မြို့နယ်တွေကို စတင် ချေးပေးနေပါပြီ” ဟု ကုမ္ပဏီ ဝန်ထမ်း မသရဖီ က ပြောသည်။
ယင်းကုမ္ပဏီသို့ အတိုးအရင်း လာသွင်းသည့် ဒလမြို့နယ်မှ မထက်ထက်ဝင်းဆွေ က “ကျမက ဖေဖေါ်ဝါရီ ၂၀ က ချေးငွေ ယူထားတာပါ။ အခု ငွေလာသွင်းတာပါ။ အပြင်တိုးနဲ့ အများကြီး နည်းတဲ့အတွက် အဆင်ပြေပါတယ်။ လုပ်ငန်းက ရေသန့် လုပ်ငန်း ကိုယ်စားလှယ်ယူ ဖြန့်တာပါ” ဟု ဆိုသည်။
ပြင်ပတွင် ငွေချေးရာ၌ အတိုနှုန်းများမှာ ရွှေပေါင်ဖြင့် ၃ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းထိ ပေးရတတ်သည်။
အေစီလင်ဒါ၏ ပင်ရင်းမှာ ကမ္ဘောဒီးယားနိုင်ငံ အခြေစိုက် ACLEDA Bank Plc ဖြစ်ပြီး ထိုနိုင်ငံတွင် ဘဏ်ခွဲပေါင်း ၂၃၈ ခု ဖွင့်လှစ်ထားကာ လာအိုနိုင်ငံတွင် ဘဏ်ခွဲ ပေါင်း ၂၇ ခု ဖွင့်လှစ် လုပ်ကိုင်လျက်ရ်ိှသည်။ မြန်မာနိုင်ငံတွင်မူ ၂၀၁၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၆ ရက်နေ့က စတင် လုပ်က်ိုင်ခဲ့သည်။
ကုမ္ပဏီအနေနဲ့ ခွင့်ပြုချက်ရပါက မြန်မာနိုင်ငံမှာ ဘဏ်အဖြစ် ဖွင့်လှစ် လုပ်ကိုင်သွားမည်ဟု ဦးမင်းအောင် က
ပြောဆိုသည်။