၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီနှင့် ကော်မရှင်များ ဖွဲ့စည်းရေး အရေးကြီး အဆိုကို လွှတ်တော်တွင် အတည်ပြုလိုက်ခြင်းဖြင့် မြန်မာအစိုးရသည် ဒီမိုကရေစီအသွင်သို့ အပြည့်အဝ ကူးပြောင်းနိုင်ရေးအတွက် အရေးကြီးသော ခြေလှမ်းတရပ်ကို စတင်လိုက်သည်။
ထိုအဆိုပြုချက်ကို အာဏာရ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင် သူရဦးအေးမြင့် (စစ်အစိုးရ ဝန်ကြီးဟောင်း) က တင်သွင်းခဲ့ခြင်း ဖြစ်ပြီး မတ်လ ၁၅ ရက်နေ့က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တညီတညွတ်တည်း အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ပညာရှင်များ နှင့် ဥပဒေရေးရာ ကျွမ်းကျင်သူများအနေဖြင့် အခြေခံ ဥပဒေသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် များ၏ လက်ရှိအခြေအနေ နှင့် လိုက်လျောညီထွေ ရှိလာစေရန် အတွက် သုံးသပ်ကြမည် ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာ က မတ်လ ၁၆ ရက်နေ့တွင် ဖော်ပြခဲ့သည်။
“မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီကို တည်ဆောက်ဖို့ လက်ရှိ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ မဖြစ်မနေ လိုအပ်တယ်လို့ သူတို့ သဘောပေါက်သွားပုံ ရပါတယ်” ဟု နိုင်ငံရေး အကျဉ်းသားဟောင်းနှင့် အောက်လွှတ်တော် အမတ်ဖြစ်သူ ဦးအုန်းကြိုင် က ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းတရပ်တွင် ဖော်ပြထားသည်။
ထိုကဲ့သို့ အဆိုကို အတည်ပြုလိုက်ခြင်းသည် ရှည်လျားသည့် ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်တွင် ပထမ ခြေလှမ်း တရပ်သာ ဖြစ်သော်လည်း ထိုခြေလှမ်းသည် အလွန် အရေးကြီးသည့် ဖြစ်စဉ်တခု ဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ကြသည်။
အရေးကြီးသည့် မေးခွန်းတရပ်မှာ စစ်ဘက်မှ ဦးဆောင်ရေးဆွဲခဲ့သည့် အခြေခံဥပဒေအား ပြင်ဆင်နိုင်ခဲ့လျှင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ ခုနှစ်တွင် သမ္မတ ဖြစ်လာနိုင်ချေ ရှိမရှိ ဆိုသည့် မေးခွန်းပင်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားသား နှင့် လက်ထပ်ခဲ့သူ ဖြစ်ပြီး သားနှစ်ဦးမှာလည်း ဗြိတိန်နိုင်ငံသားများ ဖြစ်ကြသဖြင့် လက်ရှိ ဥပဒေအရ ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် သမ္မတအဖြစ် အရွေးချယ်ခံခွင့် မရှိပေ။
အခြေခံ ဥပဒေအား ပြင်ဆင်နိုင်လျှင် သူ့အနေဖြင့် သမ္မတ ဖြစ်ခွင့် ရနိုင်လာစရာ ရှိသည်ဟု အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်စိတ်ချကြောင်း ယခင်က ပြောခဲ့ဖူးသည်။
“အဲဒါအတွက် ကျမ အလွန်အကျူး ပူပန်နေတာ မရှိပါဘူး။ စစ်ဘက်က သူတွေလည်း ကျမတို့ တိုင်းပြည်က တခြားသူတွေလိုပဲ မြန်မာနိုင်ငံကို ပိုပြီး ပျော်ရွှင်တဲ့ ပိုခိုင်မာပြီး ပိုသဟဇာတ ဖြစ်တဲ့ နိုင်ငံအဖြစ် မြင်ချင်လိမ့်မယ်လို့ ကျမ ထင်ပါတယ်” ဟု သူက ဆိုခဲ့သည်။
“ဒါကြောင့် အပေးအယူလုပ် ညှိနှိှုင်းပြီးတော့ ပြင်ဆင်ကောင်း ပြင်ဆင်နိုင်မယ် ဆိုတဲ့ ဖြစ်နိုင်ချေကို ကျမ ထည့်မတွက်ဘဲ မနေပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ဟာဝိုင်အီ ရှိ East-West Center တွင် ပြောကြားခဲ့ဖူးသည်။
လက်ရှိ အခြေခံ ဥပဒေအရ ပါလီမန်၏ ၂၅ ရာခိုင်နှှုန်းကို စစ်ဘက်မှ သီးသန့် ရယူထားသည်။ လေ့လာသူများက ဆိုကြသည်မှာ လက်ရှိ အခြေခံဥပဒေအား ပြုပြင်ပြောင်းလဲမှှုများ ပြုလုပ်လျှင် အနာဂတ် မြန်မာ့ အစိုးရအဖွဲ့တွင် စစ်တပ်၏ အခန်းကဏ္ဍကို ပြန်လည်သတ်မှတ် ပေးနိုင်လိမ့်မည်ဟု ဆိုသည်။
၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်းဒဏ် လိမ့်လဲစွာ ခံစားနေရချိန်တွင် ထိုအခြေခံဥပဒေ (မူကြမ်း) အတည်ပြုရန် ဆန္ဒခံယူပွဲပြုလုပ်ခဲ့ခြင်းမှ ရရှိခဲ့သည့် ရလဒ်မှာ အငြင်းပွားစရာအဖြစ် ရှိနေဆဲဖြစ်ပြီး ဖြစ်ထိုစဉ်က အဓိက အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)နှင့် မြေပေါ်မြေအောက် အင်အားစုများက ဆန့်ကျင်ခြင်း ခံခဲ့ရသည်။
အခြေခံ ဥပဒေ ပြင်ဆင်ရေးကို ကြွေးကြော်သံတရပ်အဖြစ် တင်ကာ NLD သည် ၂၀၁၁ ခုနှစ်က ကျင်းပခဲ့သည့် ကားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာအများစု အနိုင်ရခဲ့သည်။
လက်ရှိ အခြေခံဥပဒေ၏ အရေးပါလှသော ပုဒ်မများကို ပြင်ဆင်ရန်အတွက် လွှတ်တော် နှစ်ရပ်ပေါင်း၏ ရ၅ ရာခိုင်နှုန်းကျော် ထောက်ခံပြီး ဆန္ဒခံယူပွဲဖြင့်သာ ပြင်ဆင်နိုင်မည်ဖြစ်၍ မဖြစ်နိုင်သလောက်ပင် ခဲယဉ်းကြောင်းလည်း သုံးသပ်သူအချို့က ဆိုသည်။