ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/ SSA တပ်ဖွဲ့ဝင်များ နေရာယူထားသည့် မိုင်းထား မြို့နယ်ခွဲရှိ လွယ်လမွတ် နမ့်လန်း တပ်စခန်းမှ မတ်လ (၂၀) ရက်နေ့ နောက်ဆုံးထား ဆုတ်ခွာပေးရန် အစိုးရတပ်က ထပ်မံပြီး ရာဇသံ ပေးထားကြောင်း အဖွဲ့၏ ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်က ဆိုသည်။
“ရာဇသံ ပေးသူကတော့ ရှမ်းပြည်နယ် တြိဂံတိုင်း ဒုတိုင်းမှူးပေါ့ဗျာ။ ဒါပေမဲ့ ဒီစခန်းကို ဆုတ်ခွာ ပေးမယ် မပေးဘူး ဆိုတာ ကိုတော့ ကျနော်တို့ ဘက်က မဆုံးဖြတ် ရသေးပါဘူး” ဟု ဆိုသည်။
အစိုးရဘက်မှ ယင်းနေရာ အပါ၀င် ရှမ်းပြည် အရှေ့အလယ်ပိုင်းတိုင်း၊ ဟိုုမိန်းမြို့နယ်ခွဲ၊ လွယ်လန်း တောင်ကုန်းရှိ RCSS/ SSA စခန်းကိုလည်း ဆုတ်ခွာပေးရန် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၄) ရက်နေ့က ရာဇသံ ပေးခဲ့ ဘူးသော်လည်း RCSS ဖက်မှ ဆုတ်ခွာ ပေးခြင်း မရှိခဲ့ပေ။
တချိန်တည်းတွင် ရှမ်းပြည်နယ် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး အောင်သူမှ RCSS တပ်များ ဆုတ်ခွာပေးရေး အတွက် ပြီးခဲ့သည့် မတ်လ ဆန်းပိုင်းက လာရောက် ညှိနှိုင်း ခဲ့ရာ မတ်လ (၁၁) ရက်နေ့က ဟိုုမိန်းမြို့ နယ်ခွဲရှိ လွယ်လန်း တပ်စခန်းကို RCSS ဘက်က ဆုတ်ခွာ ပေးခဲ့သည်။
သို့သော် အစိုးရ တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံ ပြည်သူ့စစ် တပ်ဖွဲ့ဝင် အင်အား (၄၀၀) ကျော်က RCSS/SSA ဘက်က ဆုတ်ခွာ ပေးလိုက်သည့် လွယ်လန်းတပ်စခန်းအား မတ်လ (၁၅) ရက်နေ့က လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ရှင်း သွားခဲ့သည်ဟု ဗိုလ်မှူး စိုင်းလောင်ဆိုင်က ဆိုသည်။
“ဆုတ်ခွာ ပေးဖို့ လာပြော တုန်းကတော့ တောင်းပန် သလိုလိုနဲ့ ကျနော်တို့က မတ်လ (၁၁) ရက်နေ့မှာ ဆုတ်ခွာ ပေးမယ်လို့ စာရေး အကြောင်းကြား လည်းပြီးရော သူတို့က (၁၅) ရက်နေ့မှာဘဲ လက်နက်ကြီးနဲ့ အဝေးကနေ အဲဒီ စခန်းကို လာရောက် ပစ်ရှင်း ခဲ့ပါလေရော။ ပစ်ရှင်းနေတဲ့ အချိန်မှာဘဲ မိုင်းထား မြို့နယ်ခွဲမှာ ရှိတဲ့ လွယ်လမွတ်နမ့်လန်း စခန်းကိုလည်း ဒီမတ်လ (၂၀) ရက်နေ့ နောက် ဆုံးထားပြီး ဆုတ်ခွာပေးဖို့ပါ တြိဂံတိုင်းမှူးက ရာဇသံတွေ ထပ်ပေး လာခဲ့တယ်” ဟုဆိုသည်။
အစိုးရနှင့် ရယူထားသော အပစ်အခတ် ရပ်စဲရေးကို မပျက် စေလိုသောကြောင့် လွယ်လန်း စခန်းကို ဆုတ်ပေး လိုက်ခြင်း ဖြစ်ကြောင်း RCSS ဘက်ကဆိုသည်။ သို့သော် အစိုးရ တပ်ဖွဲ့ဘက်မှ ယခုကဲ့သို့ လုပ်ရပ်မျိုးကြောင့် ရယူထားသည့် အပစ်အခတ် ရပ်စဲ ရေးသည် အဓိပ္ပါယ် မရှိဟု RCSS ဖက်က ဝေဖန်ပြောဆိုသည်။
ထို့အပြင် အစိုးရတပ်ဖွဲ့များ မကြာခနဆိုသလို RCSS နယ်မြေထဲ အကြောင်း မကြားဘဲ ၀င်ရောက်ခဲ့သဖြင့် အပစ်အခတ် ရပ်စဲ ထားစေကာမူ ယနေ့အထိ အကြိမ်ပေါင်း (၄၀) ထက်မနဲ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။