စစ်အစိုးရ လက်ထက် ရခိုင်ပြည်နယ်တွင် တာဝန်ကျခဲ့သော ပြည်နယ် အဆင့်ဆိုင်ရာ အရာရှိကြီး သိမ်းယူပြီး အသီးသီးခွဲဝေ ယူထားသော ရခိုင်ပြည်နယ် ပေါက်တော မြို့နယ် ငပြီကျွန်း ကျေးရွာမှ လယ်မြေများကို ကျေးရွာသားများက ပြန်လည် ရယူလိုသဖြင့် အထက်သို့ စာရေး တိုင်ကြား လိုက်သည်ဟု သတင်း ရရှိသည်။
ငပြီကျွန်းကျေးရွာမှ ဦးသာမောင်ထွန်းဦးဆောင်ပြီး ရွာသား ၂၀၀ က လက်မှတ် ရေးထိုးကာ ပေါက်တော မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးအား တိုင်ကြားလိုက်သည်ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေး ကာကွယ် မြင့်တင်သူများ ကွန်ယက် (HRDP) ဘုတ်အဖွဲ့ဝင် ဦးမြတ်ထွန်းက ပြောသည်။
ငပြီကျွန်း ကျေးရွာပိုင် လယ်မြေများကို သိမ်းဆည်းပြီးနောက် ပြည်နယ် အဆင့် တာဝန် ထမ်းဆောင်ခဲ့သူ အရာရှိကြီးများသည် ပုဇွန်မွေးမြူရေးကန် ပြုလုပ်ပြီး ဒေသအတွင်းမှ သူတို့နှင့် နီးစပ်သူ စီးပွားရေး လုပ်ငန်းရှင် များကို နှစ်အလိုက် ဌားစားထားသည်ဟု ဆိုသည်။
လယ်မြေများကို သိမ်းယူပြီး ကိုယ်ကျိုး အတွက် ပုဇွန်ကန် လုပ်ထားသူ အရာရှိကြီးများမှာ
(၁) ဦးညိုဝင်း ရဲမှူးကြီး ပြည်နယ်ရဲတပ်ဖွဲ့မှူး (ယခင်) လယ်ဧက (၄၀)
(၂) ဦးမောင်ကြည် ဦးစီးမှူး ပြည်နယ်မြေစာရင်းဦးစီးဌာန လယ်ဧက (၄၀)
(၃) ဦးဝင်းအောင်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရခိုင်ပြည်နယ် လယ်ဧက (၄၀)
(၄) ဒုဗိုလ်မှူးကြီးသိန်းကြိုင်၊ ယခင် ပယက အတွင်းရေးမှူး ရခိုင်ပြည်နယ် လယ်ဧက (၄၀)
(၅) ဒုဗိုလ်မှူးကြီးထွန်းလှအောင်၊ ပယက ရခိုင်ပြည်နယ် စစ်တွေမြို့ လယ်ဧက (၃၀)
(၆) ဗိုလ်ကြီး အောင်ကို၊ ဒစက (တပ်မတော်ကြည်း) စစ်တွေမြို့ လယ်ဧက (၃၀)
(၇) ပြည်နယ်အရံရဲတပ်ဖွဲ့မှူး စစ်တွေမြို့ လယ်ဧက (၃၅) တို့ ဖြစ်ကြသည်ဟု ဆိုသည်။
အဆိုပါ အရာရှိကြီးများသည် ၎င်းလယ်မြေများအား တပ်မတော်ရံပုံငွေ အတွက် အကြောင်းပြကာ သိမ်းယူ သွားပြီး နောက်ပိုင်းတွင် အချင်းအချင်းကြား ညှိုနိုင်း ခွဲေဝေယူကာ ကိုယ်ကျိုး အတွက် လုပ်စားနေကြသည်ဟု ဦးမြတ်ထွန်းက ပြောသည်။
“သူတို့ ရခိုင်ပြည်နယ်မှာ အရင် စစ်အစိုးရ လက်ထက် တာဝန်ကျခဲ့သူတွေ ဖြစ်ကြပါတယ်။ အများစုကတော့ ရခိုင်မှာ မရှိတော့ဘဲ ဗမာပြည်ဘက်ကို ပြန်လည် ပြောင်းရွှေ့သွားကြပါပြီ။ ဒါပေမယ့် နှစ်စဉ် ဌားရမ်းလုပ် ကိုင်တဲ့သူတွေက ပိုက်ဆံတွေ သွင်းနေရတယ်။ သူတို့က ဘာမှလုပ်စရာ မလိုဘဲ အလိုလို ပိုက်ဆံရနေတယ်။ ဒေသခံတွေကို သွေးစုတ်နေတဲ့ သဘောပါ” ဟု ဦးမြတ်ထွန်းက ပြောသည်။
လယ်မြေများကို အသိမ်းခံရသူ လယ်သမားများ အနေဖြင့် လုပ်ကိုင် စားသောက်စရာ မရှိ၍ အလွန်ဆင်းရဲ ဒုက္ခ ရောက်နေကြရာ သမ္မတ ဦးသိန်းစိန် ဦးဆောင်သော (အရပ်သား တပိုင်း၊ စစ်သား တပိုင်း) အစိုးရ လက်ထက်တွင် လယ်မြေများကို ပြန်ရလို ရငြား မြို့နယ် အုပ်ချုပ်ရေးမှူးကို စာရေး တိုင်ကြားခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
“တောသူ တောင်သားတွေဆိုတော့ စာရေးတိုင်ရင် ဖမ်းဆီးခံရမှာကို ကြောက်ကြတယ်။ ဒါကြောင့် မြို့နယ် အဆင့် တာဝန်ရှိသူတွေကို တိုင်ကြားတာ ဖြစ်ပါတယ်။ ဒါ့ပြင် ဒေသအတွင်းက ရတပ ပါတီကိုလည်း လယ်မြေသိမ်းခံရတဲ့ စာရင်းတွေကို ပေးပို့ထားပါတယ်” ဟု ရွာသား တစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်တွင် စစ်အစိုးရ လက်ထက်တွင် ဒေသခံ ပြည်သူများပိုင် လယ်မြေများကို အကြောင်းအမျိုး မျိုးပြကာ သိမ်းယူပြီး အုပ်ချုပ်သူများက နည်းမျိုးစုံဖြင့် ရခိုင်လူထုကို ဖိနှိပ် အုပ်ချုပ် ခဲ့သဖြင့် ဒေသခံ ရခိုင်ပြည်သူ အနည်းဆုံး လေးပုံ တစ်ပုံခန့်မှာ ရခိုင်ကို စွန့်ခွာကာ ဗမာပြည်မ၊ ကချင် ဖါးကန့်၊ တရုတ်နယ် စပ်၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံများသို့ ထွက်ခွာသွားခဲ့ကြရသည်ဟု သိရသည်။
ယနေ့ အချိန်ထိလည်း ရခိုင် လူငယ် လူရွယ်များ အမျိုးသား အမျိုးသမီးပါ မကျန် စီးပွားရေး အကျပ်အတည်း ကြောင့် ရခိုင်ကို စွန့်ခွာနေကြသည်ဟု ဆိုသည်။
“တစ်နေ့ တစ်နေ့ကို ရခိုင်ပြည်နယ်ကနေ တစ်ခြားဒေသတွေကို ဘတ်စ် ကားတွေနဲ့ ထွက်နေတာ တစ်နေ့ တစ်နေ့ကို ရာဂဏန်းချီပြီး ရှိပါတယ်။ မဲဆောက်- မြဝတီဘက်က ထွက်နေတာကတော့ အနည်းဆုံး အစိတ်- ငါးဆယ် နေ့တိုင် ပါနေတာကို တွေ့ရပါတယ်။ အရင်တော့ အမျိုးသားတွေ၊ အခုတော့ အမျိုးသမီးတွေ မကျန် ထွက်ခွာနေပါတယ်” ဟု နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ကိုခိုင်ကောင်းစံက ပြောသည်။
ရခိုင်ပြည်နယ်သည် သဘာဝ သယံဇာတ ပေါကြွယ်ဝသည့် အပြင် လုပ်ကိုင် စားသောက်ရန် ဘင်္ဂလားပင် လယ်အော်ကိုလည်း ပိုင်ဆိုင်ထားပါလျှက် မြန်မာနိုင်ငံတွင် ချင်းပြည်နယ် ပြီးလျှင် ဒုတိယ အဆင်းရဲဆုံး ပြည်နယ် တစ်ခု ဇြစ်သွားရခြင်းမှာ အုပ်ချုပ်သူများက လူမျိုးရေး အမြင်များဖြင့် မတရား ဖိနှိပ် အုပ်ချုပ်မူ၏ အကျိုးဆက်ကြောင့် ဖြစ်ကြောင်း ရခိုင် အမျိုးသား အများစုက အမြင် ရှိကြသည်။