FTUB လုပ်ရပ်အပေါ် MITU ကန့်ကွက်ရှုံ့ချ

FTUB လုပ်ရပ်အပေါ် MITU ကန့်ကွက်ရှုံ့ချ
by -
ရွှေဟင်္သာ

မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (FTUB) က မြန်မာနိုင်ငံ စက်မှုဇုံ အလုပ်သမားများ သမဂ္ဂ MITU ၏ အဖွဲ့ဝင် သမဂ္ဂ နာမည်များကို အသုံးပြုပြီး ၀ါဒဖြန့် အင်္ကျီများ ရိုက်နှိပ်ဖြန့်ဝေသဖြင့် မကြေနပ်ကြောင်း ယမန်နေ့က သတင်းစာ ရှင်းလင်းပွဲ ကျင်းပ၍ ကန့်ကွက် လိုက်သည်ဟု MITU အထွေထွေ အတွင်းရေးမှူး ကိုအောင်သူက ဆိုသည်။

“ဒီလိုပါဗျ။ ကျနော်တို့ MITU အဖွဲ့ဝင်ဖြစ်တဲ့ ယူနီကာလာ ဗလာ စာအုပ်စက်ရုံနှင့် မြန်မာ့မဏ္ဍိုင် ပလပ်စတစ်လောင်း စက်ရုံ တွေရဲ့ နာမည်တွေနဲ့ FTUB တံဆိပ် ရိုက်နှိပ်ပြီးတော့ အကျီင်္များ ဖြန့်ဝေနေတဲ့ ကိစ္စပါ။ ရံပုံငွေ သဘောပေါ့ဗျာ။ ဒါကိုမကြေနပ် တာပါ။ သူတို့နဲ့ ဘာမှ မပါတ်သက်တဲ့ အဖွဲ့နာမည်ကို အလွဲသုံးစား လုပ်တဲ့ သဘောဘဲလေ” ဟု ဆိုသည်။

MITU သတင်းစာ ရှင်းလင်းပွဲ ကျင်းပစဉ် (ဓါတ်ပုံ MITU)

မြန်မာနိုင်ငံ စက်မှုဇုံ အလုပ်သမားများ သမဂ္ဂ (MITU) ၏ သတင်းစာ ရှင်းလင်းပွဲကို တောင်ဒဂုံ ဆိပ်ကမ်း မြို့နယ်ရှိ မဟာပဏ္ဍိတ ရာမကျောင်းတိုက်တွင် ယမန်နေ့ မွန်းလွဲ (၂) နာရီမှ ညနေ (၃း၃၀) အချိန်အထိ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ MITU အလုပ် အမှုဆောင်များ၊ MITU အဖွဲ့ဝင် သမဂ္ဂများ ဖြစ်ကြ သော တောင်ဒဂုံမြို့နယ် နှင့် ဒဂုံဆိပ်ကမ်း မြို့နယ်ရှိ မြန်မာ့ မဏ္ဍိုင် ပလပ်စတစ်လောင်း စက်ရုံ၊ ယူနီကာလာ ဗလာစာအုပ် စက်ရုံ၊ မြန်မာဂလိုဂွန် အထည် ချုပ်စက်ရုံ၊ ဒဂုံနှင့် ကိုကို ဗလာ စာအုပ် စက်ရုံ၊G.T.P ကွန်ဂရစ်တိုင် စက်ရုံ၊TEFFEL ပီနံအိတ် စက်ရုံ၊Asia World ပီနံအိတ်စက် ရုံ၊ Asia World စက္ကူ စက်ရုံများရှိ အခြေခံ အလုပ်သမား သမဂ္ဂ ခေါင်းဆောင်များနှင့် လေ့လာသူ အဖြစ် နီလာစတား စက္ကူစက် ရုံအခြေခံ အလုပ်သမား သမဂ္ဂ ဥက္ကဌ ကိုကျော်မျိုး၊ တောင်ဒဂုံ ဆိပ်ကမ်းမြို့နယ် NLD ပါတီမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။

ယခုကိစ္စအပေါ် FTUB မှ မရပ်တန့်ပါက MITU အဖွဲ့ဝင်များ ပူးပေါင်းပြီး တရားစွဲဆိုရမည့် အခြေအနေသို့ ရောက်ရှိနိုင်သည်ဟု ဆိုသည်။ ကာယကံရှင် ယူနီကာလာ စက်ရုံနဲ့ မြန်မာ့ မဏ္ဍိုင် စက်ရုံများကလည်း ၄င်းတို့အား အကြောင်းကြား ခဲ့ခြင်း မရှိသည့် အပေါ် ကန့်ကွက်ခဲ့သည်ဟု ဆိုသည်။  

“နာမည်ကို ဘယ်သူ့ကိုမှ အကြောင်းမကြားပဲနဲ့ FTUB တံဆိပ် အောက်မှာ စက်ရုံ နာမည်တွေ ရိုက်နှိပ်ပြီး ဖြန့်ဝေလိုက်တာကို ကျွန်တော်တို့ MITU အနေနဲ့ လုံးဝ လက်မခံဘူး။ FTUB နဲ့ဘာမှ မပတ်သတ်ဘူး ဆိုတာလဲ သိစေချင်တယ်အခုလိုအောက် လမ်းနည်းနဲ့ဝါဒဖြန့် နေတာတွေကိုလည်း ပြင်းပြင်းထန်ထန် ပြစ်တင်ရှု့ံချပါ တယ်” ဟု MITU အထွေထွေ အတွင်းရေးမှူးကို အောင်သူက ပြောသည်။

ယခုကဲ့သို့ FTUB ၏ မမှန်မကန် လုပ်ရပ်အပေါ် သက်ဆိုင်ရာက အရေးယူ တားမြစ် ပေးရန် MITU က ဆန္ဒရှိကြောင်း ပြောဆိုလိုက်ပြီး မြန်မာနို်င်ငံ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် AFFM ကိုလည်း FTUB ၏ လက်အောက်ခံ အစုအဖွဲ့ဖြစ်ကြောင်း ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် စက်တင်ဘာလက ပြောဆိုခဲ့သည့်အတွက် AFFM အဖွဲ့၏ ကန့်ကွက်ခြင်းကို ခံခဲ့ရဘူးသည်။

ယခု MITU သည်လည်း လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့် (FOA) ကို ကျင့်သုံးပြီး၊ ILO ပြဌာန်းချက် (၈၇)အရ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်တွင် အလုပ်သမား ၀န်ကြီး ဌာနတွင် တရားဝင် မှတ်ပုံတင်ခဲ့သော အလုပ်သမား အဖွဲ့အစည်း တစ်ခုဖြစ်သည်။

MITU ၏ လှုပ်ရှားမှုများမှာ အမျိုးအစားတူ အခြေခံ သမဂ္ဂများ ပူးပေါင်း၍ မြို့နယ်အဆင့်သမဂ္ဂများအဖြစ် မှတ်ပုံတင်နိုင်ရန် ကြိုးပမ်းနေပြီး စက်ရုံများရှိ အလုပ်ရှင် အလုပ်သမား ပြဿနာများတွင် အလုပ်သမားများ ဘက်မှ ရပ်တည်ဖြေရှင်းပေးကာ အလုပ်သမားများ အသိပညာ ဗဟုသုတ တိုးတက်ရေးနှင့် ခေါင်းဆောင် နိုင်မှု စွမ်းရည် မြင့်မားရေးအတွက် ဆွေးနွေးပွဲများ ၊သင်တန်းများကို ပြုလုပ်နေသည်။

Most read this week