လူမှုကွန်ယက်၌ ပျံ့နှံ့နေသည့် စွပ်စွဲချက်များအား ဒေါက်တာ နိုင်အောင် ငြင်းဆို

လူမှုကွန်ယက်၌ ပျံ့နှံ့နေသည့် စွပ်စွဲချက်များအား ဒေါက်တာ နိုင်အောင် ငြင်းဆို
by -
မဇ္စျိမ

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဆန္ဒပြခံရပြီးနောက် ၎င်းဆန္ဒပြ မှုကို ချိတ်ဆက်ကာ လုပ်ဆောင်နေကြသည်ဟု လူမှုကွန်ယက် (Social Media) များတွင် ပျံ့နှံ့လာသည့် အရေးအသားအပေါ် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု၏ အတွင်းရေးမှူးချုပ်  ဒေါက်တာ နိုင်အောင်က မိမိ၏ ပုံရိပ် (Image) အားဖျက်သည့် စွပ်စွဲချက်များ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့က အပြင်က လာတယ်ဆိုတော့ ခေါင်းစဉ်တပ်ရ လွယ်တဲ့ပစ်မှတ် အလွယ် (Easy Target) တွေလေ၊ အရင်တုန်းက သတင်းစာ ရှင်းလင်းပွဲတွေရှိတယ် မဟုတ်လား၊ တစ်ခုခု ကွဲပြီဆိုလို့ရှိရင် ကိုနိုင်အောင်တို့၊ ကိုမောင်မောင်တို့၊ ကိုမိုးသီးတို့ အဲလို မျိုးပဲပေါ့၊ ကျွန်တော်တို့ရဲ့ Image ကို လွယ်လွယ်ကူကူ ဖျက်တာပါ” ဟု ဒေါက်တာနိုင်အောင် မှ မဇ္စျိမအား ပြောကြားခဲ့သည်။

“လက်ပံတောင်း ဆန္ဒ ပြမှုတွေကို ဦးဆောင် နေသည့် မသွဲ့သွဲ့ဝင်း နောက်၌ မိုးသီးဇွန်၊ နိုင်အောင်နှင့် ခင်ဥမ္မာတို့ ရှိနေ” ဟုသဘော သက်ရောက်သည့်  အရေးအသားများ လူမှု ကွန်ယက်များတွင် သိသာစွာ ပျံ့နှံ့လာသည်ကို ကိုနိုင်အောင်မှ တုန့်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ထို့ပြင် မသွဲ့သွဲ့ဝင်းအား ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်ကျင်းပသည့် (၁၂) ကြိမ်မြောက် အမျိုးသမီး နှီးနှော ဖလှယ်ပွဲကို တတ်ရောက်ရန် ဖိတ်ကြားခဲ့သည်ဟုလည်း စွပ်စွဲ ထားကာ အခမ်းအနား တစ်ခု၌ မတ်တပ်ရပ်ကာ စကားပြောနေသည့် ဓါတ်ပုံနှင့် ရေးသားချက်အပေါ်လည်း ဒေါက်တာနိုင်အောင်မှ ၎င်းမသိရကြောင်း
ပြောကြားခဲ့ပါသည်။

၎င်းက “မသွဲ့သွဲ့ဝင်းတို့ ဆိုတာနဲ့ သိလည်း မသိဘူး၊ မြင်လည်း မမြင်ဖူးဘူး၊ အဆက် အသွယ်လည်း မရှိပါဘူးခင်ဗျ၊ဖေ့ဘွခ်မှာ ပြောပြီး ဓါတ်ပုံတွေ ပြပြီး စွပ်စွဲနေတာလေ အဲဒီလို လာသွားမှန်းတောင် ကျွန်တော်တို့ မသိလိုက်ရဘူး။ ဓါတ်ပုံထဲမှာ ကျွန်တာ်တို့ ပါတာလည်း မဟုတ်ဘူး၊ ဓါတ်ပုံဟာ ဘယ်ခေါင်းစဉ်နဲ့ ဘာလုပ်တယ် ကျွန်တော်တို့ မသိဘူး” ဟု ပြောသည်။

အလားတူပင် လက်ပံတောင်း ဆန္ဒပြမှုများကို ဒေါက်တာ နိုင်အောင်တို့နှင့် ဆက်စပ်ကာ ချိတ်ဆက် လုပ်ဆောင်နေသည်ဟု စွပ်စွဲ ခံရသည့် လက်ပံတောင်း ဒေသခံ ဝက်မှေးရွာသူ မသွဲ့သွဲ့ဝင်း မှလည်း ၎င်းကိစ္စကို လုံးဝငြင်းဆိုခဲ့ပါသည်။

“ဒေါက်တာ နိုင်အောင် ဆိုတာ အခုချိန်ထိ ဖြူသလား၊ မဲသလား ဆိုတာတောင် ကျွန်မ အခုချိန်ထိ တစ်ခါဆို တစ်ခါမှ မမြင်ဖူးပါဘူး၊ သိလည်းမသိဘူး၊ ဓါတ်ပုံက ပြီးခဲ့တဲ့ (၈) ရက်နေ့ (၃) လပိုင်းတုန်းက အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တုန်းက women exchange ကို သွားတက်ခဲ့တဲ့ ဓါတ်ပုံပါ၊ နိုင်ငံခြားခရီးစဉ်အဖြစ် ထိုင်းနိုင်ငံကို အဲဒီ တခါပဲ ခရီးစဉ် သွားဖူးပါတယ်။ အွန်လိုင်းဆိုတာက မလိုတဲ့ လူတွေတင်တားတဲ့ စကားတွေပါ အဲဒီ ကိစ္စနဲ့ပတ်သက်လို့က ဘာမှ မသိသေးပါဘူး။ ကျွန်မတို့က သပိတ်စခန်း နောက်ကွယ် ကနေ ကြိုးကိုင်ထားတာ ဆိုတာတွေ ဘာတစ်ခုမှ မရှိပါဘူး။ ကိုမိုးသီးဇွန်ကိုတော့ ကျွန်မတို့ ရွာကိုလာတုန်ကတော့ တစ်ခါ တွေ့ဖူးတယ်သာ ရှိပါတယ်”  ဟု မသွဲ့သွဲ့ဝင်းမှ မဇ္စျိမအား ရှင်းလင်းပြောကြားခဲ့သည်။

လက်ရှိ အနေအထားမှာ လက်ပံတောင်း အရေးကိစ္စသည် တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းပေါ်သို့ ရောက်ရှိနေပြီဖြစ်၍ မိမိတို့ဘက်မှ စားပွဲဝိုင်းပေါ်တွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ပြီး ဆန္ဒပြရန် အချိန်မဟုတ်တော့ကြောင်း မသွဲ့သွဲ့ဝင်း က ဆက်လက်ပြောကြားသည်။

၎င်းစွပ်စွဲချက်သည် မိမိတို့အား ထင်ယောင်ထင်မှား ဖြစ်စေရန်ပုံဖော်ကာ စွပ်စွဲချက်သာဖြစ်သည်ဟုလည်း
နှစ်ဖက်စလုံးမှ အသီးသီး ဆိုကြသည်။

လက်ပံတောင်းတောင် စုံစမ်းရေးကော်မီရှင်၏ အစီရင်ခံစာ ထွက်လာပြီး ဒေသခံရွာများသို့ သွားရောက်ညှိနှိုင်းခဲ့သည့်ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် ဒေသခံရွာသားများမှ မကျေမနပ်ဖြစ်ကာ ဆန္ဒပြခဲ့ပြီးနောက် ယခုလို စွပ်စွဲသည့်စာများ လူမှုကွန်ယက် စာမျက်နှာပေါ်တွင် လျင်မြန်စွာပျံ့နှ့ံလာခြင်း ဖြစ်သည်။

Most read this week