ပြည်တွင်း ငြိမ်းချမ်းရေး အတွက် မုံရွာ-မြင်းခြံမှ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာသို့ လမ်းလျှောက်လာသည့် အဖွဲ့တခုသည် လိုင်ဇာမြို့အနီး လဂျားယန် ကျေးရွာတွင် အစိုးရတပ်၏ တားဆီးမှု ခံထားရဆဲ ဖြစ်ကြောင်း သိရသည်။
ကိုသန့်ဇင်ဦး ခေါင်းဆောင်သည့် အဖွဲ့သည် ဗန်းမော်ခရိုင် ဒေါ့ဖုန်းယန်မြို့နယ် အတွင်းရှိ လဂျားယန်ရွာသို့ မတ်လ (၉) ရက်နေ့ကတည်းက ရောက်ရှိလာသော်လည်း ဆက်လက် ထွက်ခွာခွင့် မရသေးကြောင်း လိုင်ဇာရှိ လမ်းလျှောက်သူများ အဖွဲ့ ကြိုဆိုရေး ကော်မတီ အတွင်းရေးမှူး ကိုကျော်ကျော် က ပြောသည်။
“သူတို့ အဖွဲ့တွေ အဲဒီ လဂျားယန် စခန်း ကို မတ်လ ၉ ရက်နေ့ ကတည်က ရောက်ရှိတာပါ။ သူတို့ အဖွဲ့တွေကို ကြိုဆိုဖို့ ကျနော်တို့က အဖွဲ့တွေ ဖွဲ့ထားပြီး ပြင်ထားခဲ့တယ်။ အစိုးရ တပ်ဖွဲ့တွေက ဆက်သွားခွင့် မပြုတဲ့ အတွက်ကြောင့် တချို့က အစာ မစားကြဘဲ ဆန္ဒပြနေခဲ့တာ (၂) ရက်ရှိသွားပြီး ဖြစ်တယ်။” ဟု ဆိုသည်။
အဆိုပါ အဖွဲ့တွင် သံဃာတော် (၉) ပါးနှင့် အမျိုးသမီး (၁၁) ဦး အပါဝင် စုစု ပေါင်း (၅၃) ဦးခန့် ရှိပြီး ကချင်ပြည်နယ် ဗန်းမော်- လိုင်ဇာ လမ်းပိုင်းမှ လဂျားယန်သို့ မတ်လ (၉) ရက်နေ့ မွန်းလွဲ (၁) နာရီခန့်တွင် ရောက်ရှိလာခဲ့သည်။
ထိုနယ်မြေအား အစိုးရတပ်မှ ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်၍ မိုင်းများထောင်းထား သည့်အတွက် အခက်အခဲဖြစ်နေကြောင်း သိရပြီး မိုင်းများဖယ်ရှားပေးရန် အစာငတ်ခံ ဆန္ဒ ဖော်ထုတ်နေခြင်း ဖြစ်သည်။
ယင်းအဖွဲ့သည် KIO တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လူထုကိုယ်စား ငြိမ်းချမ်းရေး သဘောထားများကို ရှင်းပြသွားမည်ဖြစ်ကြောင်းနှင့် KIO ဘက်မှ ဆန္ဒ ကိုလည်း လက်ခံ နားထောင် သွားမည်ဖြစ်ကြောင်း ရွှေဟင်္သာသို့ ပြောဆိုခဲ့ဖူးသည်။
ထို့အပြင် ပြည်သူလူထုမှ စစ်ပြေးဒုက္ခသည်များအတွက် လှူဒါန်းငွေ ၁၄၈ သိန်းကိုလည်း စခန်းတာဝန်ရှိ သူများထံ လှူဒါန်းရန် ရှိကြောင်း ကိုသန့်ဇင်ဦးက ပြောဆိုသည်။
တချိန်တည်းတွင် ရန်ကုန်မြို့မှ လိုင်ဇာသို့ လမ်းလျှောက်လာသည့် အခြားအဖွဲ့တခုသည် မြစ်ကြီးနားမြို့ အနီး ပမ္မတီးရပ်ကွက်သို့ ရောက်ရှိနေကြောင်း အဖွဲ့၏ ပြန်ကြားရေး တာဝန်ခံ ကိုဇင်ကိုကိုက ပြောသည်။
ယင်းအဖွဲ့တွင် လူအင်အား (၁၃၀) ခန့် ပါ၀င်သည့်အနက် သံဃာတော် (၁၅) ပါး၊ သီလရှင် (၁) ပါးနှင့် အမျိုးသမီး အယောက် (၂၀) ခန့်ပါ၀င်ကြောင်း သိရပြီး သီလရှင်တပါး ခြေထောက်နာနေသဖြင့် မြစ်ကြီးနား ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
“ကျနော်တို့အဖွဲ့က မြို့ပတ်လမ်း အတိုင်း သွားဖို့ အဲဒီ ပမ္မတီးမှာ ရှိတဲ့ အစိုးရ တပ်ဖွဲ့တွေက ပြောလာတယ်။ ကျနော်တို့က လမ်းမကြီး အတိုင်း ဆက်သွားမှာပါ။ မနက်ဖြန်ဆိုရင် မြစ်ကြီးနားမြို့ တွင်းရှိ နန်ချယ်ရီခန်းမမှာ ကျနော်တို့ နားမှာပါ။ ပြီးမှ လိုင်ဇာဘက်ကို ဆက်သွားမယ်။” ဟု ကိုဇင်ကိုက်ို ကပြောသည်။
မြစ်ကြီးနားမြို့သို့ ရောက်ရှိနေသည့် အဖွဲ့သည် လွန်ခဲ့သည့် ဇန္နဝါရီလ (၂၁) ရက်နေ့က ရန်ကုန်မြို့မှ စတင်ထွက်ခွာခဲ့ခြင်း ဖြစ်သည်။