ကချင် ငြိမ်းချမ်းရေး လမ်းလျှောက်သူများကို KIO မှ ကြိုဆိုမည်

ကချင် ငြိမ်းချမ်းရေး လမ်းလျှောက်သူများကို KIO မှ ကြိုဆိုမည်
by -
မဇ္ဈိမ

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့မှ လိုင်ဇာမြို့ထိ လမ်းလျှောက်လာသူများအား ကြိုဆိုရန် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO က ကော်မတီအဖွဲ့တခုကို ယနေ့ သောကြာနေ့တွင် ဖွဲ့စည်းလိုက်သည်ဟု ကော်မတီခေါင်းဆောင် တဦးဖြစ်သူ အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ပြောသည်။

၄င်းကော်မတီအဖွဲ့ကို KIO စစ်ပြေးဒုက္ခသည်များ အကူအညီပေးရေး တာဝန်ခံ ဦးဒွဲပီဆားနှင့် ဗိုလ်မှူးကြီး အင်ဘန်ဘွမ်ဆင်ဝါးတို့ နှစ်ဦးအား ခေါင်းဆောင်အဖြစ် တာဝန်ယူ၍ အဖွဲ့ဝင်ပေါင်း ၃၀ ကျော်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

“သူတို့ ရောက်ခဲ့တယ်ဆိုရင် အဆင်သင့် လုပ်ထားတဲ့ သဘောပါ။ ကော်မတီ ဖွဲ့ထားတယ်။ သူတို့
ရောက်လာရင် ကြိုဆိုမယ်။ လက်ခံစကားပြောမယ်။ တည်းခိုမယ့် နေရာပြမယ်။ တခြားတော့ သူတို့ ဖြစ်ချင်တာတွေ ဆက်လုပ်သွားမယ်။ အလုပ်ခွဲဝေထားတာပါဘဲ” ဟု ဦးဒွဲပီဆားက ပြောသည်။

အိမ်ရှင်အနေဖြင့် ဧည့်သည်အား ကြိုဆိုရန် တာဝန်ရှိသည ့်အတွက် KIO အနေဖြင့် လက်ခံ ကြိုဆိုမည် ဖြစ်ကြောင်း သူက မဇ္စျိမကို ပြောသည်။

“ကျနော်တို့ကတော့ လမ်းလျှောက်လာပြီဆိုတော့ ရောက်မယ်လို့ မျှော်လင့်တယ်။ ဒါပေမဲ့ မြန်မာအစိုးရ စစ်တပ်က လမ်းတွေ ပိတ်ထား၊ မိုင်းတွေ ထောင်ထားတယ်ဆိုတော့ သူတို့ ဘယ်လို ဖြေရှင်းနိုင်မလဲ ဆိုတာကိုတော့ မသိဘူး။ ဒါပေမဲ ့သူတို့ ရောက်ရင် လိုအပ်တဲ့ အစားအသောက်တွေ အဆင်သင့် ပြင်ဆင်ထားတယ်” ဟု သူက မဇ္စျိမကို
ပြောသည်။

ကချင်ပြည်နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲတွင် ရောက်ရှိနေသော မန္တလေးနှင့် မြင်းခြံတို့မှ လမ်းလျှောက်လာသူ လူငယ်အဖွဲ့သည် မနက်ဖြန် ညနေပိုင်းတွင် လိုင်ဇာမြို့သို့ ရောက်ရှိမည် ဖြစ်ကြောင်း လမ်းလျှောက်သူများမှ ခေါင်းဆောင်ဖြစ်သူ ကိုသန့်ဇင်က ပြောသည်။

ယမန်နေ့က ဒေါ့ဖုန်းယန်မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးလင်းက လမ်းလျှောက်အဖွဲ့ခေါင်းဆောင် ကိုသန့်ဇင်အား ခေါ်ယူ၍ လိုင်ဇာလမ်းတလျှောက် လုံခြံုရေးအခြေအနေများကို ရှင်းပြပြောဆိုခဲ့သည်ဟု ကိုသန့်ဇင်က ပြောသည်။

“ဗျူဟာမှူးက လမ်းအခြေအနေ ရှင်းပြခိုင်းလို့ပါ ဆိုပြီးတော့ ကျနော်ကိုခေါ်တွေ့တယ်။ လမ်းမိုင်း အနေအထားတွေနဲ့ လုံခြံုမှု အားနည်းတယ်ဆိုတဲ့ အကြောင်းတွေ ရှင်းပြတယ်။ ကျနော်တို့ တားတာ မဟုတ်ပါဘူး။ လမ်းက နယ်မြေ အနေအထားအရ လုံခြံုမှု အားနည်းတယ်။ သူ့ဘက် ကိုယ့်ဘက် ထောင်ထားတဲ့ မိုင်းတွေ ရှိတယ်။ အဲဒါလေးတွေ ရှင်းပြတာပါ။ မသွားပါနဲ့လို့လည်း မတားဘူးလို့ ပြောတယ်” ဟု ကိုသန့်ဇင်က ပြောသည်။

ငြိမ်းချမ်းရေး ရလိုကြောင်း ပြသလိုခြင်း ဖြစ်၍  မိုင်းရှိသော်လည်း မနက်ဖြန်တွင် လိုင်ဇာမြို့သို့ ထွက်ခွာမည်
ဖြစ်ကြောင်း သူက မဇ္စျိမကို ပြောသည်။ ထိုအဖွဲ့တွင် သံဃာ ၉ ပါးနှင့် လူ ပေါင်း ၄၅ ဦး လိုက်ပါလာသည်ဟု သိရသည်။

၄င်းတို့အဖွဲ့သည် KIO တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မိမိတို့ လိုလားသော ငြိမ်းချမ်းရေးသဘောထားကို ရှင်းပြပြီး KIO ၏ သဘောထားကို နားထောင်သွားမည် ဖြစ်ကြောင်း ကိုသန့်ဇင်က ပြောသည်။  

ထို့ပြင် လိုင်ဇာမြို့သို့ ရောက်ရှိပါက စစ်ပြေးဒုက္ခသည်စခန်း တာဝန်ရှိသူနှင့် တွေ့ဆုံ၍ စစ်ပြေး ဒုက္ခသည်များ အတွက် လမ်းတလျှောက် ပြည်သူများ လှူဒါန်းခဲ့သော် အလှူငွေ ၁၄၈ သိန်းကျော်အား ပေးအပ်လှူဒါန်းသွား မည် ဖြစ်ကြောင်း ကိုသန့်ဇင်က ပြောသည်။

ယင်းအဖွဲ့သည် ဒေါ့ဖုန်းယန်မြို့နယ်ခွဲအတွင်းရှိ ကက်သလစ်ဘုရားကျောင်းတွင် တည်းခိုနေပြီး ယင်းဒေသရှိ ပြည်သူ များသည်လည်း စစ်ပြေးဒုက္ခစခန်းတွင် မနေရသော်လည်း စစ်ပြေးဒဏ်ကို ခံစားနေရသည်ကို တွေ့ရသည်ဟု သူက ဆက်ပြောသည်။

ထို့ပြင် ရန်ကုန်မြို့မှ လိုင်ဇာမြို့ထိ လမ်းလျှောက်လာသူ လူ ၁၀၀ ကျော်ပါ အခြားအဖွဲ့တခုက ယနေ့ သောကြာနေ့တွင် မရန်းကျေးရွာသို့ ရောက်ရှိနေပြီးမနက်ဖြန် စနေနေ့တွင် ရှဒေါင်ကျေးရွာတွင် ရပ်နားမည် ဖြစ်သလို၊ တနင်္ဂနွေနေ့တွင် ပမ္မတီးကျေးရွာသို့ ရောက်ရှိကြမည် ဖြစ်ကြောင်း လမ်းလျှောက်အဖွဲ့မှ ကိုဝင်းချိုက ပြောသည်။

လာမည့် မတ်လ ၁၂ ရက်နေ့တွင် မြစ်ကြီးနားမြို့သို့ ရောက်ရှိမည် ဖြစ်ပြီး ထိုမှ နှစ်ဖက် အာဏာပိုင် အဖွဲ့အစည်း များနှင့် ညှိနှိုင်းမှုများ လိုင်ဇာမြို့သို့ ဆက်လက် ဆက်သွားမည် ဖြစ်ကြောင်း သူက မဇ္စျိမကို ပြောသည်။