ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ဖော်ဆောင်ရေး ဟောပြောရန် ကိုမင်းကိုနိုင် ဦးဆောင်သော ၈၈ မျိူး ဆက်ကျောင်းသား အဖွဲ့ မနေ့က ချင်းပြည်နယ် တီးတိန်မြို့သို့ ရောက်ရှိ ခဲ့သည်။
၁၅ ဦးပါ၀င်သော ၈၈ မျိူးဆက်ကျောင်း သားအဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲ မှ ၅ နာရီအထိ တီးတိန်ဒေသခံများ နှင့် ရာပြည့်ခန်းမ၌ တွေ့ဆုံခဲ့ကြပြီး ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းဆိုင်ရာများ ဟောပြော ခဲ့ကြောင်း အဆိုပါဟောပြောပွဲကိုတက်ရောက်သူ တီးတိန်လူငယ်အသင်းဥက္ကဌ ကိုနူန်ရှန်းသွင် က ပြောသည်။
“ဟုတ်ကဲ့ရောက်လာတယ်၊ ၃ နာရီ မှာရောက်တယ်၊ ရာပြည့်ခန်းမမှာ ဟောပြောပွဲ လုပ်တယ်၊ အဓိကတော့ ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေး အဲဒါ အဓိကဘဲ’’ ဟု သူကပြောသည်။
တီးတိန်ဒေသခံများက ၈၈ မျိူးဆက်ကျောင်းသားများ ကျန်းမာပါစေ၊ ချမ်းသာပါစေ ဆိုသော စာတန်းများ ကိုင်ဆောင်ကာ ရိုးရာဝတ်စုံများ နှင့် တီးတိန်မြို့အဝင်၌ ၈၈ မျိူးဆက်ကျောင်းသားများကို ကြိုဆိုခဲ့ကြ ကြောင်း သိရသည်။
၈၈ မျိူးဆက်ကျောင်းသားများအဖွဲ့သည် တီးတိန်မြို့တွင် တညအနားယူခဲ့ကြပြီး ယနေ့ မတ်လ ၈ ရက်နေ့ တွင် အိန္ဒိယ-မြန်မာနယ် အမှတ် ၂ နယ်စပ်ကုန်သွယ်ရေး စခန်း အခြေစိုက်ရာ ရိခေါဒါရ်းမြို့ကိုသွားရောက်ကြ သည် ဟုသိရသည်။
ထို့နောက် ဖလမ်း နှင့် ချင်းပြည်နယ် မြို့တော် ဟားခါးသို ့ ခရီးဆက်ကြမည်ဖြစ်သည်။
ယခု ခရီးစဉ်သည် ၈၈ မျိူးဆက်ကျောင်းသားများ၏ ပထမဦးဆုံးအကြိမ် ချင်းပြည်နယ် ခရီးစဉ်ဖြစ်သလို အဖွဲ့ ၂ ဖွဲ့ခွဲကာ စစ်ကိုင်းတိုင်း ကလေးမြို့သို့ မတ်လ ၆ ရက်နေ့က ရောက်ရှိလာကြပြီး ထိုမှတဆင့် ချင်းပြည် နယ်ကို ခရီးဆက် ခဲ့ကြခြင်းဖြစ်သည်။
ကလေးမြို့သို့ ရောက်ရှိစဉ်ကလည်း တောင်ဖီလာရပ်ကွက် ရာပြည့် နှစ်ခြင်းခန်းမတွင် ဒေသခံပြည်သူများ နှင့် တွေ့ဆုံခဲ့ကြပြီး ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များအား ကိုမင်းကိုနိုင် နှင့် ကိုကိုကြီးတို့က ဦးဆောင်ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
တီးတိန်လူငယ် အသင်းဥက္ကဌ ကိုနူမ်ရှန်းသွင်က ချင်းတောင်ကို လာဖို့ နှစ်ပေါင်းအတော်ကြာ စောင့်မျှော်ခဲ့ ရသော ၈၈ မျိူးဆက်ကျောင်းသားများ ယခုကဲ့သို့ ချင်းတောင်ကို ရောက်ရှိခဲ့ခြင်းကြောင့် မိမိအပါအဝင် ဒေသခံပြည်သူများက ၀မ်းမြောက်ဝမ်းသာ ဖြစ်နေကြသည်ဟုပြောသည်။
ယခုခရီးစဉ်တွင် ၈၈ မျိူးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ နှင့် အတူကိုအံ့ဘွယ် ကျော်၊ ကိုမာကီ၊ စမ်းချောင်းကိုကိုကြီး၊ ကိုမျိုးသန့်၊ ကိုကိုလှိုင်၊ မမီးမီး၊ မမာမာဦး၊ မာယာ နှင့်တဥ္စာဦးတို့လည်း လိုက်ပါကြ ကြောင်းသိရသည်။