အိန္ဒိယနိုင််ငံမှ ထုတ်လုပ်သည့် ဆူဒိုအဖက်ဒရင်း ဆေးပြားများသည် မဏိပူရပြည်နယ်ကို ဖြတ်သန်းကာ မြန်မာနိုင်ငံ ရွှေတြိဂံဒေသသို့ သယ်ဆောင်ကြပြီးနောက် စိတ်ကြွဆေးအဖြစ် မဏိပူရသို့ ပြန်လည် ဝင်ရောက်လာကြောင်း ပြည်နယ်ထုတ် Sangai Express သတင်းစာက ရေးသားသည်။
မဏိပူရပြည်နယ်တွင် မူးယစ်ဆေးဝါး သယ်ဆောင်သည့် လမ်းကြောင်း ၁၄ ခုရှိပြီး ထို လမ်းကြောင်းများကို ထိထိရောက်ရောက် ကြပ်မတ်် စစ်ဆေးရန် လိုကြောင်း ပြည်နယ် ဥပဒေပြုအမတ် Dr I Ibohalbi က တိုက်တွန်းသည်။
ပြည်နယ်အတွင်းရှိ မူးယစ်ဆေးဝါး ရောင်းဝယ်သူများက အဖီတမင်းအာနိသင်ပါ ဆေးပြားများကို ဆေးကဒ်အခွံများ ခွါ၍ အမှုန့်ပြုလုပ်ကာ မြန်မာနိုင်ငံသို့ မှောင်ခိုပို့ဆောင်ကြခြင်း ဖြစ်သည်။
အဖီတမင်း အာနိသင်ပါ ဆေးတောင့်များ ထုတ်ယူထားသည့် ဆေးကဒ်အခွံ အများအပြားကို လမ်းဘေး အင်ဖားမြို့ အမှိုက်ပုံးများ၊ ရေမြောင်းများအတွင်း စွန့်ပစ်ထားတာ တွေ့ရှိရပြီး အလားတူ ဆေးကဒ်အခွံများနှင့် ဆေးမှုန့်များကို တမူးမြို့နယ်စပ် မိုးရေးမြို့တွင်လည်း ရှာဖွေတွေ့ရှိကြောင်း ဆက်လက် ဖော်ပြသည်။
ပြည်နယ်အတွင်းရှိ မူးယစ်ရာဇာများက အဆိုပါဆေးတောင့်များကို အမှူန့်ပြုလုပ်ကာ ပုံဖျက်တင်ပို့ခြင်းနှင့်
ဆေးကဒ်များ ထဲမှ ဆေးတောင့်များခွါပေးရန် အခြားသူများအား အခပေး၍ ငှားရမ်း အသုံးချကြောင်း သတင်းက ဖော်ပြသည်။
တခါတရံတွင် အဆိုပါ ဆေးများကို မိုးရေးမြို့သို့ အမြန်ကုန်ပို့စနစ်ဖြင့်လည်း ပေးပို့ပြီး ပို့ကြသူများသည် အစိုးရ အရာရှိကြီးများ လိပ်စာများကို အသုံးပြုကာ ၎င်းတို့ ပိုင်ဆိုင်သယောင် လှည့်ဖြားသယ်ယူကြောင်း ရှင်းလင်းထားသည်။
ဖေဖော်ဝါရီ ၂၄ ရက်နေ့က နယ်စပ်ဖြတ်ကျော်၍ မြန်မာနိုင်ငံသို့ ပို့ဆောင်မည့် ရူပီးငွေ ၂၄ ကုဋေ (ဒေါ်လာ ၄ သန်းခွဲခန့်) တန်ဖိုးရှိ မူးယစ်ဆေးများနှင့်အတူ အိန္ဒိယ တပ် ဗိုလ်မှူးကြီးတဦးအား နယ်စပ်အနီးတွင် ရဲအဖွဲ့က ဖမ်းဆီးခဲ့သည်။
ထိုကိစ္စတွင် ပါဝင်ပတ်သက်နေသည်ဟု ယူဆရသူ ပြည်နယ် အရာရှိကြီးများအား ပြစ်မှုထင်ရှား ပါက ဗဟိုစုံစမ်း စစ်ဆေးရေး ဌာန(CBI)သို့ လွဲပြောင်းသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် မဏိပူရပြည်နယ်သည် မူးယစ်ဆေးကုန်ကူးရာ လမ်းကြောင်းဖြစ်လာနေကြောင်း နှင့် စစ်ဘက်၊ အရပ်ဘက် အရာရှိကြီးများ မူးယစ်ဆေးဝါးမှောင်ခိုရာတွင် ပါဝင်ပတ်သက်မှုများ ရှိကြောင်းလည်း ပြည်နယ် ပြည်ထဲရေးဝန်ကြီး က ဆိုသည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ မတ်လ ၂ ရက်နေ့အထိ အိန္ဒိယ-မြန်မာနယ်စပ် အိန္ဒိယဘက် အခြမ်း မဏိပူရပြည်နယ်၊ ချန်ဒယ် ခရိုင်တွင် ဘိန်းခင်း ဧက ၁၀၆ ဧက၊ တန်းဖိုးအားဖြင့် ဒေါ်လာ ၁၀ သိန်း ၆ သောင်းခန့်အား ပြည်နယ်ရဲ တပ်ဖွဲ့က ဖျက်ဆီးပစ်ခဲ့သည်။
စစ်ကိုင်းတိုင်း၊ တမူးမြို့မှ ကီလိုမီတာ ၅၀ ခန့် အကွာရှိ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ ချန်ဒယ်ခရိုင်၊ ဆဂျီ သန်ပက် (Sajik Tampak) ဧရိယာအတွင်း၌ အမေရိကန် ဒေါ်လာ ၃ သိန်းခွဲခန့် တန်ဖိုးရှိ ဘိန်းခင်းများအား အာသံရိုင်ဖယ် တပ်နှင့် ခရိုင်ရဲတပ်ဖွဲ့ဝင်များက ဖျက်ဆီးခဲ့ကြသည်။
နယ်စပ်ရှိ တမူး-မိုးရေး- အင်ဖား လမ်းကြောင်းတွင် မကြာခဏဆိုသလို အိန္ဒိယနိုင်ငံ ထုတ် အက်ဖီတမင်း အာနိသင်ပါ ဆေးပြားများ ဖမ်းဆီးရမိလေ့ရှိသည်။