မြန်မာအစိုးရနှင့်ကချင်ဆွေးနွေးပွဲသို့ မွန်ပြည်သစ်ပါတီတက်ရောက်မည်

မြန်မာအစိုးရနှင့်ကချင်ဆွေးနွေးပွဲသို့ မွန်ပြည်သစ်ပါတီတက်ရောက်မည်
by -
မွန်အေဂျင်စီ

တရုပ်ပြည်နယ်စပ် ရွှေလီမြို့၌ မကြာမီ ကျင်းပမည့် မြန်မာအစိုးရနှင့် ကချင်ပြည် လွတ်လပ် ရေးအဖွဲ့ KIO ဆွေးနွေးပွဲသို့ မွန်ပြည်သစ်ပါတီ NMSP ကိုယ်စားလှယ် ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း(ဂျပန်နိုင်ငံ) ၌ နိုင်ထောမွန် မိန့်ခွန်းပြောကြားခဲ့စဉ်(Kaowao)

ယင်းဆွေးနွေးပွဲ အခမ်းအနားသို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်ကိုယ်စားလှယ်အဖြစ် မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန် တက်ရောက်မည် ဖြစ်သည်။

မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးက “ကချင်ဒေသမှာ အပစ်အခတ်ရပ်စဲရေး အောင်မြင်ဖို့ ကျနော်တို့ဘဝတူတိုင်းရင်းသားတွေ ဝိုင်းဝန်းကြိုးပမ်းအဖြေပေးရမှာ ဖြစ်တယ်” ဟု ပြောသည်။

အလားတူ ကရင်အမျိုးသား အစည်းအရုံး KNU၊ ကရင်နီပြည်တိုးတက်ရေးပါတီ KNPP ထပ်ပိုင်းခေါင်း ဆောင်အချို့လည်း UNFC အဖွဲ့ဝင်ကိုယ်စားလှယ်အဖြစ် တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြန်မာအစိုးရဘက်က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် တပ်မတော်အရာရှိကြီးအချို့ တက်ရောက်မည်ဟုလည်း ငြိမ်းချမ်းရေး အကျိုးဆောင်များထံမှ သိရသည်။

ထို့အတူ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်နှင့် ကချင်ပြည်နယ် နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်တို့လည်း တက်ရောက်ကြမည်ဟု သတင်းဌာနများက ရေးသားဖော်ပြထားသည်။

KIO ဘက်မှ ထိပ်ပိုင်းအရာရှိ ၁၀ ဦးခန့် ယခုဆွေးနွေးပွဲသို့ တက်ရောက်မည်ဟု သိရပြီး အပစ်ရပ်စဲရေး အတွက် တိုးတက်မှုများရရှိနိုင်မည်ဟု အကဲခတ်များက ပြောဆိုနေကြသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီလ (၄) ရက်နေ့က အစိုးရနှင့် KIO ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ရာတရုပ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေးဌာနမှ သံအမတ်ကြီး မစ္စတာလျိုကျောင်ဝေ့၊ KNU ဥက္ကဌ စောမူတူးစေးဖိုး၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/ SSA ကိုယ်စားလှယ်တို့ တက်ရောက်ခဲ့ကြသည်။ ယင်းဆွေးနွေးပွဲမှ ပူးပေါင်းကြေညာချက် တစောင် ထုတ်ပြန်ခဲ့သလို ထပ်မံတွေ့ဆုံဆွေးနွေးရန် သဘောတူခဲ့ပြီး နောက်တကြိမ် ဆွေးနွေးပွဲတွင် လေ့လာသူများနှင့် သက်သေများ ပါ၀င်လာရေးတို့ ပါရှိသည်။