KIO နှင့် အစိုးရ လာမည့် တနင်္လာနေ့ တွေ့ဆုံမည်

KIO နှင့် အစိုးရ လာမည့် တနင်္လာနေ့ တွေ့ဆုံမည်
by -
ကချင်သတင်းဌာန

ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO)နှင့် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ လာမည့် မတ်လ ၁၁ ရက်နေ့တွင် တရုတ်နိုင်ငံ ရွှေလီမြို့၌ တွေ့ဆုံမည်ဖြစ်ကြောင်း KIO က ပြောသည်။

ရွှေလီမြို့ ထပ်မံတွေ့ဆုံမည့် ဆွေးနွေးပွဲတွင်  သတ်မှတ်ထားသည့် နှစ်ဖက် ကိုယ်စားလှယ်များမှ ဦးဆောင်သွားမည်ဖြစ်သော်လည်း မည်သူမည်ဝါ ပါ၀င်သည်ကို ကြိုတင် မပြောနိုင်သေးကြောင်း KIO ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်က ပြောသည်။

ထို့အပြင် ယခုအကြိမ် ထပ်မံတွေ့ဆုံ ဆွေးနွေးမှုတွင် ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၄ ရက်နေ့ ဆွေးနွေး သဘောတူ ထားသည့် အချက်များကို ပြန်လည်ဆွေးနွေးသွားမည်ဖြစ်ပြီး ရှေ့ဆက် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ယခု ဆွေးနွေးမှုရလဒ်ပေါ် မူတည်သွားမည်ဟုလည်း ဆိုသည်။

KIO နှင့် မြန်မာအစိုးရတို့ကြား ဆွေးနွေးမှုတွင် တရားဝင်နှင့် အလွတ်သဘောတွေ့ဆုံမှု အဖြစ် ၁၂ ကြိမ်ခန့်ရှိပြီး KIO အနေဖြင့် နိုင်ငံရေးဆွေးနွေးမှုအဆင့် မရောက်မချင်း အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ကြောင်း ဦးလာနန်က KNG ကချင်သတင်းဌာနသို့ ပြောသည်။

“ဒီဟာက ပြသနာကြီးဖြစ်တဲ့အတွက် ဒီဟာကို တစ်ခါလောက်နဲ့ ဆွေးနွေးပြီး အဖြေကောင်း ထွက်လာပြီး ပြေလည်သွားမယ်ဆိုတာတော့ မျှော်လင့်လို့မရဘူး။ နိုင်ငံရေးဆွေးနွေးတာပဲ အဓိကဖြစ်တဲ့ အတွက်ကြောင့် ကျနော်တို့က နိုင်ငံရေးဆွေးနွေးတဲ့ အဆင့်ကိုရောက်အောင်ဆိုရင်တော့ ဘယ်နှစ်ကြိမ်ဖြစ်ဖြစ်တွေ့ဆုံဆွေးနွေး သွားမှာပဲ။ အခုတွေ့ဆုံတိုင်းလည်း နိုင်ငံရေး ဆွေးနွေးတဲ့ဘက်ကို ဦးတည်သွားဖို့ တွန်းအားပေးနေတယ်။ ဆွေးနွေးဖြစ်အောင်လည်း ကျနော်တို့ကြိုးစားနေတယ်။ ထိရောက်အောင်လည်း ကျနော်တို့လုပ်ယူရမယ့် အခြေအနေပဲ။ ဒီလိုမျိုးက KIO ပဲ မဟုတ်ဘဲနဲ့ နိုင်ငံတကာမှာရှိတဲ့ တိုင်းရင်းသားအားလုံး ပါ၀င်ပြီး စုပေါင်း ကြိုးစားမှပဲ ကျနော်တို့တိုင်းရင်းသားတွေအားလုံး လိုလားတဲ့ မျှော်လင့်နေတဲ့ နိုင်ငံရေးပန်းတိုင်ကို သွားရမှာဖြစ်တယ်။” ဟု ဦးလာနန်က KNG ကချင်သတင်းဌာနသို့ပြောသည်။

KIO နှင့် အစိုးရတို့သည် ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၄ ရက်နေ့က တရုတ်နိုင်ငံရွှေလီမြို့တွင်တွေ့ဆုံဆွေးနွေး ခဲ့ရာ နှစ်ဖက်ဆက်သွယ်ရေး လမ်းကြောင်းထားရှိရေးနှင့် နှစ်ဖက်စစ်ရေး တင်းမာမှုများ လျှော့ချနိုင်ရေးကို သဘောတူညီမှုရရှိခဲ့ပြီး ပူးတွဲကြေငြာချက် ထုတ်ပြန်ခဲ့သည်။

သို့သော် ကချင်ပြည်နယ်တွင်း အချို့နေရာများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီးအစိုးရတပ်ဖွဲ့ များ က လူအင်အား၊ လက်နက်အင်အား၊ စားနပ်ရိက္ခာများ တိုးချ ပို့ဆောင်နေဆဲဖြစ်ကြောင်း KIA အရာရှိများ က ပြောသည်။

အစိုးတပ်များသည် ကချင်ပြည်နယ်တွင် အင်အားတိုးချဲ့ထိုးစစ်ဆင်မှုများ ဆက်ရှိနေသောကြောင့် တိုက်များ ပြင်းထန်လာနိုင်ကြောင်း ရှေ့တန်းမှ KIA အရာရှိများက သုံးသပ်နေသော်လည်း စိုးရိမ်ဖွယ်မရှိကြောင်း KIO ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်က ဆက်ပြောသည်။

“သူတို့ရောက်နိုင်တဲ့ နေရာတိုင်းမှာတော့ လူအင်အားလဲတာတို့ စစ်လက်နက်ဖြည့်တာတို့ လုပ်နေတယ်။ အဲဒါက သူတို့စစ်တပ်က လုပ်ရမယ့်အလုပ်ဖြစ်တယ်။ လုပ်ပါစေ ပြဿနာမရှိဘူး။ အဲဒါကို ကျနော်တို့ အပြစ်ရှာနေလို့လည်း မဖြစ်ဘူး။ သူတို့လည်း သူတို့လုပ်နိုင်သလောက် လုပ်မယ်။ သူတို့က စစ်ရေးဘက်မှာ စီစဉ်နေတဲ့အချိန် ကျနော်တို့ဘက်က နိုင်ငံရေးအရ ဆွေးနွေးဖို့ စီစဉ်နေတယ်။ အဲဒီအဆင့်ရောက်သွား အောင်လည်း ကျနော်တို့ ကြိုးစားသွားမယ်။ နိုင်ငံရေးဆွေးနွေးမယ့် အဆင့်ကို ရောက်လာတဲ့အခါ နိုင်ငံရေးအရ ဖြေရှင်းသွားတဲ့အခါ စစ်ရေးအနေနဲ့ သူတို့ အခုစီစဉ်ထားတဲ့ လုပ်ငန်းတွေက အကျိုးမရှိတဲ့အလုပ် လုပ်တာပဲဖြစ်သွားလိမ့်မယ်။ အဲဒါကြောင့် စိုးရိမ်စရာမရှိဘူး။” ဟု ပြောသည်။

အစိုးရနှင့် KIO တို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းက ဆွေးနွေးမှုအပြီး လမကုန်မီ ထပ်မံဆွေးနွေးကြရန် သဘောတူ ထားခဲ့သော်လည်း အစိုးရတပ်ဖက်မှ ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း ဒေသများသို့ စစ်အင်အားများ ဆက်လက် တိုးချဲ့နေမှုကြောင့် ထပ်မံတွေ့ဆုံရန် များနှောင့်နှေးသွားခဲ့ပြီး ယခုပြန်လည်တွေ့ ဆုံ ကြမည် ဖြစ်ကြောင်း KIO အရာရှိများက ပြောသည်။

Most read this week