နေရပ်သို့ ပြန်ပို့မည့် အစီအစဉ်အပေါ် ဒုက္ခသည်များ စိုးရိမ်မှုဖြစ်

နေရပ်သို့ ပြန်ပို့မည့် အစီအစဉ်အပေါ် ဒုက္ခသည်များ စိုးရိမ်မှုဖြစ်
by -
မွန်အေဂျင်စီ

မင်းတော်လဝီ - ကန်ချနပူရီခရိုင် စံခပူရီမြို့နယ် ထိ်ုင်းမြန်မာနယ်စပ် ဘန်တွန်ယန် စခန်းရှိ ဒုက္ခသည်များကို နေရပ် ပြန်ပို့မည့်အစီအစဉ်ရှိကြောင်း အသိပေးပြောကြားချက်ကြောင့် စခန်းတွင်း နေထိုင်သည့်ဒုက္ခသည် များ စိုးရိမ်နေကြကြောင်း သိရသည်။

ယခုအခါ မြန်မာနိုင်ငံတွင် တည်ငြိမ်အေးချမ်းစ ပြုလာသဖြင့် မိမိရပ်ရွာထံ ပြန်သင့်သည်ဟု ထိုင်းနိုင်ငံ အာဏာပိုင်များက စခန်းအုပ်ချုပ်သူ များနှင့် တွေ့ဆုံစဉ်  အသိပေးပြောကြားခဲ့ သည်ဟု ဘန်တွန်ယန်စခန်းမှ စခန်းအုပ်စုဇုံမှူး တဦးကပြောသည်။

“ဒုက္ခသည်စခန်းမှတဆင့် တတိယနိုင်ငံများသို့ သွားနေချင်တယ်၊ မြန်မာပြည်ကိုပြန်ပို့ခံရရင်နေစရာလည်း မရှိ၊ လုပ်ကိုင်စားသောက်ဖို့လည်း မရှိတော့ဘူး ဒီထက် ဒုက္ခပိုရောက်ဖို့ပဲ ဖြစ်ဦးမယ်” ဟု ဘန်တွန်ယံ စခန်းတွင် (၈) နှစ်ကျော်နေထိုင်သူ စောအင်နာက ပြောသည်။

စခန်းတွင်းနေထိုင်စဉ် ခြောက်နှစ်စီမံကိန်းအရ ဒုက္ခသည်များအတွက် အသက်မွေးဝမ်းကြောင်းအထောက် အကူပြု သင်တန်း ဆံပင်ညှပ်၊ ဝပ်ရှော့၊ နှီးနှင့်ပတ်သက်သည့် လက်မှုပညာ၊ အခြေခံကွန်ပျူတာသင်တန်း၊ လက်သမားသင်တန်း များကိုအခြေံအဆင့်သာ သင်ကြားခွင့်ပေးထားပြီး အသက်မွေးဝမ်းကျောင်း အဆင့်ထိ မတတ်ကြဟု ပြောသည်။

ထိုင်းနိုင်ငံက တာဝန်ရှိသူများက ဇန်နဝါရီလ၂၁ ရက်နေ့က အသိပေးပြီးနောက် စခန်းအုပ်ချုပ်ရေး ကော်မတီက ဒုက္ခသည်များကို နေရပ်ပြန်ပို့ဖို့ အစီအစဉ်ရှိတဲ့အကြောင်း အသိပေးပြောသွားခြင်း ဖြစ်သည်။

ထို့အတူမဲဆောက်မြို့နယ် မယ်လဒုက္ခသည်စခန်းတွင်လည်း ပြန်ပို့ခံရမည့် သတင်းကြောင့် စိုးရိမ်မှုရှိ နေကြောင်းနှင့် လူငယ်နှင့် လူလတ်ပိုင်းများက တတိယနိုင်ငံသို့ သွားရောက်နေထိုင်လိုကြပြီး သက်ကြီးရွယ်အိုအနည်းစု ကသာ နေရပ်သို့ပြန်လိုကြကြောင်း သိရသည်။

မယ်လဒုက္ခသည်စခန်းတွင် နေရပ်ပြန်ပို့ရန် သတင်းများပြန့်နှံ့ နေသော်လည်း လာမည့် မတ်လ ၁၈ ရက်နေ့ တွင် ထိုင်းတာဝန်ရှိသူများနှင့် ယူအန်အိပ်(ချ)စီအာ အဖွဲ့တို့လာရောက်၍ တရားဝင်ပြောကြားရန်ရှိ သည်ဟု နိုင်မနိတ် မယ်လဒုက္ခသည်စခန်းက ပြောသည်။

အလားတူ ဘန်တွန်ယန် စခန်းတွင် စာရင်းကောက်ခံခဲ့ရာ တတိယနိုင်ငံသို့သွားလိုသူ ဒုက္ခသည် အရေအတွက်က အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံကိုပြန်ပို့လျင်ပြန် မည့်ဒုက္ခ အရေ အတွက် အနည်းငယ်သာရှိ သည်ဟု ပြောသည်။

“နေရပ်မပြန်လိုတော့ဘူး ဒုတိယနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ အကြာကြီးနေလာရပြီးလို့ ဒီမှာပဲ ဆက်လက်နေ ထိုင်ခွင့်ရဖို့ လူ့အခွင့်အရေးအဖွဲ့တို့၊ ကုလသမဂ္ဂ၊ အန်ဂျီအိုနဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးထံ တင်ပြတောင်းခံဖို့ လှုပ်ရှားမှု တွေ လုပ်တော့မယ်” ဟု ဘန်တွန်ယန် စခန်းတွင်းမှ တာဝန်ရှိသူ တဦးကပြောသည်။

ထို့အပြင်မဲဆာက်မြို့နယ် အတွင်းရှိ ဒုက္ခသည်စခန်းကြီးများဖြစ်သည့် မဲလ၊ အုန်းဖျန်း၊ နို့ဖိုး အစရှိသည့် စခန်းကြီးများက ဒုက္ခသည်များလည်း နေရပ်မပြန်ရရေး လှုပ်ရှားမှုကို ဧပြီ လကုန် မေလဆန်းတွင်ပြုလုပ်ရန် စီစဉ်ထားကြပြီဟု ဘန်တွန်းယန် စခန်းအုပ်စုဇုံမှူးတဦးက ပြောသည်။

ထိုင်းမြန်မာ နယ်စပ်တလျှောက်တွင် ဒုက္ခသည်စခန်း စုစုပေါင်း (၉) ခု ရှိသည့်အနက် မယ်လဒုက္ခသည်စခန်း တွင် ဒုက္ခသည်ပေါင်း (၄၀ဝဝဝ) ကျော်ရှိပြီး ဘန်တွန်ယန် စခန်းတွင် ဒုက္ခသည်ပေါင်း (၄၃၀ဝ) ကျော်ရှိသည်။ ဘန်တွန်းယန်ဒုက္ခသည် စခန်းကို ၁၉၉၇ ခုနှစ်မေလ(၂၀) ရက်နေ့က စတင်ဖွင့်ခဲ့သည်။

Most read this week