ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့ ဗန်းမော်မှ လိုင်ဇာမြို့သို့ ထွက်ခွာ

ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့ ဗန်းမော်မှ လိုင်ဇာမြို့သို့ ထွက်ခွာ
by -
သျှမ်းသံတော်ဆင့်

မန္တလေးနှင့် မြင်းခြံနယ်ဘက်မှ ငြိမ်းချမ်းရေးလမ်းလျှောက်သူများအဖွဲ့သည် ယခုလ ၂ ရက်နေ့က ဗန်းမော်မြို့သို့ ရောက်ရှိ လာပြီး ယမန်နေ့နံနက်ပိုင်းတွင် ဗန်းမော်မြို့မှ KIO ဋ္ဌာနချုပ်ရှိရာ လိုင်ဇာမြို့ သို့ ဆက်လက် ထွက်ခွာသွားကြောင်း သိရသည် ။

လိုင်ဇာမြို့

အဆိုပါအဖွဲ့တွင် သံဃာတော် ၈ ပါး အပါအဝင် လူအင်အား ၃၁ ဦးခန့်ပါ၀င်ကာ နံနက် ၈ နာရီကျော် ခန့်က ဗန်းမော်မှ မိုးမောက်မြို့သို့ စတင်ထွက်ခွာသွားကြောင်း ဗန်းမော်မြို့ခံ NLD လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည် ။

“ဗန်းမော်မှာ ၂ ညအိပ်ပြီး မနေ့ကမနက်ပဲ မိုးမောက်ကို ထွက်သွားတယ်။ လမ်းတစ်လျှောက်အလှူခံလို့ရ တဲ့ငွေတွေကို လိုင်ဇာ မှာရှိတဲ့ ကချင်စစ်ပြေးဒုက္ခသည်တွေကို လှူဒါန်းမယ်ပေါ့ ။လိုင်ဇာအရောက် သွားမယ် ” ဟု သူက ပြောသည် ။

ဗန်းမော်မြို့မှ NLD ပါတီဝင်တချို့လည်း အဆိုပါအဖွဲ့နှင့် လိုက်ပါသွားပြီး သာသနာ့အလံ ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအလံနှင့် ငြိမ်းချမ်းရေး ကိုယ်စားပြု အောက်ခံအပြာရောင်နှင့် ချိုးဖြူငှက် အလံများ ကိုင်ဆောင်လာကြောင်း မျက်မြင် မြို့ခံများ အဆိုအရ သိရသည် ။

နောက်ထပ် ရန်ကုန်ဘက်မှ ငြိမ်းချမ်းရေးလမ်းလျှောက်သူများ အဖွဲ့တစ်ဖွဲ့သည် ယနေ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့သို့ ရောက်ရှိလာကြောင်း စောစောက မြို့ခံ NLD လူငယ်က ဆက်ပြောသည် ။