ကချင်တွင် ထိုးစစ် ဆက်လုပ် နေခြင်းအပေါ် နိုင်ငံတကာ ဖိအားပေးရန် KWAT တောင်းဆို

ကချင်တွင် ထိုးစစ် ဆက်လုပ် နေခြင်းအပေါ် နိုင်ငံတကာ ဖိအားပေးရန် KWAT တောင်းဆို
by -
ကချင်သတင်းဌာန

မြန်မာအစိုးရနှင့် ကချင်လွတ်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း လက်ရှိ ကချင်ပြည်နယ်တွင် အစိုးရတပ်ဖွဲ့ဝင်များ အပါအဝင် စစ်လက်နက်နှင့် ရိက္ခာအင်အား တိုးချနေရာ တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်သည့် အလားအလာရှိနေသဖြင့် နိုင်ငံတကာမှ ဖိအားပေး အရေးယူဆောင်ရွက်ပေးရန် ထိုင်းနိုင်ငံ အခြေစိုက် ကချင်အမျိုးသမီးအဖွဲ့ (KWAT) က တောင်းဆိုလိုက်သည်။

KIO ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီများ အကြိမ်ကြိမ် တွေ့ဆုံုဆွေးနွေးခဲ့သော်လည်း တဖက်တွင် ထိုးစစ်ဆင်များ ဆက်လက်ရှိနေပြီး ဒုက္ခသည်များအနေဖြင့် အခက်အခဲနှင့် ရင်ဆိုင်နေသည့် အခြေအနေများကို နိုင်ငံတကာမှ သိနားလည် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့က KWAT မှ အစီရင်ခံစာ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“တဖက်မှာတော့ ငြိမ်းချမ်းရေးပြောနေတယ်။ ဒါပေမဲ့ တစ်ဖက်မှာတော့ အစိုးရတပ်တွေ ဆုတ်သွားတာတွေ မလုပ်ဘူး။ ခုတလော သူတို့သိမ်းပိုက်ထားတဲ့ KIA နေရာတွေမှာ လက်နက်တွေ၊ လူအင်အားတွေ၊ ရိက္ခာတွေ ပိုပြီးတောင့်တင်း ခိုင်မာအောင် အင်အားတိုးချနေတာတွေရှိတယ်။ အဲဒါကိုကြည့်ရင်တော့ ဘယ်အချိန်မဆို တိုက်ပွဲကြီး သူတို့ဖက်ကနေ ပြန်လုပ်လာမယ်ဆိုတဲ့ အစီအစဉ်ကို ရှင်းရှင်းပဲ မြင်နေရတယ်။ ပြည်သူတွေအတွက် အရမ်းစိုးရိမ်ရတဲ့ အခြေအနေရှိတယ်။ အဲလို ဆက်ဖြစ်နေရင်တော့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးဆိုပြီး ခေါင်းစဉ်တပ်ပြီး ပြောနေတာတွေက အလကား လိမ်ညာတာတွေပဲ အာမခံချက်ပေးတဲ့ ငြိမ်းချမ်းရေးဆိုတာက မျှော်လင့်စရာမရှိဘူးဆိုတဲ့ အခြေအနေတွေကို နိုင်ငံတကာ သိအောင် ထုတ်လိုက်တာဖြစ်တယ်။” ဟု ထိုင်းအခြေစိုက် ကချင်အမျိုးသမီးအဖွဲ့ (KWAT) မှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်မွန်းနေလီက ပြောသည်။

ထိုသို့ အစီရင်ခံစာ ထုတ်လိုက်ခြင်းကြောင့် နိုင်ငံတကာမှ သိမြင်လာခြင်းအားဖြင့် လက်ရှိ တိုင်းရင်းသား နယ်မြေတွင် ဖြစ်ပွားနေသော ပဋိပက္ခပြဿနာများနှင့် ဒုက္ခသည် အခြအနေများကို နိုင်ငံတကာမှ ဖိအားပေး လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ဆက်ဆိုသည်။

“ပြည်သူလူထုတွေကြံုနေသော အခက်အခဲတွေကို ကျမတို့ နိုင်ငံတကာကို ပြောပြလိုက်ရခြင်းအားဖြင့် နိုင်ငံတကာကလည်း သိလာ ကြားလာခြင်းကြောင့် ငြိမ်းချမ်းရေးတည်ဆောက်တဲ့ အထဲမှာ ဒီအကြောင်း အရာတွေက မမှန်ဘူးဆိုတာတွေကို သူတို့ကောင်းကောင်း ဖိအားပေးသွားဖို့အတွက်လည်း မျှော်လင့်တယ်။ လူ့အခွင့်အရေး ချိုးဖောက်တာတွေကိုလည်း သက်ဆိုင်ရာ နိုင်ငံတကာကနေပြီး လာရောက်လေ့လာ ပေးသွားတာမျိုး ဖြစ်လာမယ်လို့ မျှော်လင့်တယ်လေနော်။”

ထိုင်းအခြေစိုက် (KWAT) အဖွဲ့မှ ကချင်ပြည်နယ်အတွင်း တိုက်ပွဲအခြေအနေများ၊ ဒုက္ခသည် ပြည်သူလူထု အခြေအနေများနှင့် ပတ်သက်၍ အစီရင်ခံစာ ၄ ကြိမ် ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်အပေါ် နိုင်ငံတကာက တုံ့ပြန်မှုတွေ ရှိကြောင်း ဒေါ်မွန်းနေလီက ပြောသည်။

“ပြီးခဲ့တဲ့ အချိန်တွေမှာ တခြားနိုင်ငံတကာကနေလည်း ပြည်တွင်းကလူတွေမဆို ကချင်ပြည်နယ်မှာ ဖြစ်တဲ့အကြောင်းအရာတွေကို ကောင်းကောင်းမသိဘူး။ အပေါ်ယံကြားတာလောက်ပဲသိတယ်။ ကျမတို့ အခုလို ထုတ်လိုက်တော့ နိုင်ငံတကာကလည်း သိလာတယ်။ သိလာတော့ သူတို့ ဘယ်လိုလုပ်သွားမယ်ဆိုပြီး အစိုးရကို ဖိအားပေးလာတာတွေရှိတယ်။ အစိုးရကလည်း ကချင်ပြည်နယ်မှာ အရင်ကလို သူတို့လုပ်ချင်သလို မြန်မြန်ဆန်ဆန် မလုပ်နိုင်တော့တာ တွေတွေ့ရတယ်။ နိုင်ငံတကာကလည်း ကျမတို့ကို ဆက်သွယ်လာပြီး ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ နောက်ဆုံးအခြေအနေတွေကို ပုံမှန်သူတို့ဆီ ပို့ပေးလာဖို့တောင်းဆိုတာတွေ လုပ်လာတာတွေရှိတယ်။ အဲလိုမျိုး အကျိုးခံစားတာတွေရှိတယ်။”

ထိုင်းအခြေစိုက် ကချင်အမျိုးသမီးအဖွဲ့ (KWAT) အနေဖြင့် မြန်မာနိုင်ငံ မတည်ငြိမ်နိုင်သေးတရွေ့ နိုင်ငံတွင်းရှိ ပြည်သူလူထုအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရင်ဆိုင်နေရသရွေ့ နိုင်ငံတကာသိအောင်ဖော်ထုတ် သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

အစိုးရထိုးစစ်များကြောင့် တိုက်ပွဲဖြစ်ပွားချိန်မှ ယခုချိန်ထိ အမျိုးသမီး ၆၀ ခန့်သည် အစိုးရစစ်သားများ၏ အဓမ္မပြုကျင့်မှုနှင့် အကြမ်းဖက်မှု ခံခဲ့ရပြီး ထိုအထဲမှ တဝက်ကျော်မှာ သတ်ဖြတ်မှု ခံခဲ့ရကြောင်း သိရသည်။

နိုင်ငံရေးဖြစ်ထွန်းမှုအောက်တွင် ယာယီ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးမှုများ ပြုလုပ်နေသည်နှင့် တပြိုင်နက်တည်းတွင် စစ်လက်နက်အင်အားများ တိုးချဲ့နေခြင်း၊ စစ်စခန်းများ အခိုင်အမာ တည်ဆောက်နေခြင်း စသည်တို့က တနိုင်ငံလုံး အတိုင်းအတာဆောင်သည့် အပစ်အခတ် ရပ်စဲရေးအဆင့်သို့ တက်လှမ်းနိုင်ရေးအတွက် အတားအဆီးများဖြစ်နေသည်ကို တွေ့ရှိရပြီး ငြိမ်းချမ်းရေးကို ဦးတည်သည့် အနှစ်သာရ ပြည့်ဝသော နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်မည့် အလားအလာကောင်းများလည်း လွန်စွာလိုအပ်လျှက်ရှိနေသည်ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB သတ္တမအကြိမ်ညီလာခံ ထုတ်ပြန်ကြေငြာချက်တွင်ပါရှိသည်။

တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားလျက်ရှိနေသော ပြင်းထန်သည့် စစ်ပွဲများ၊ လျင်မြန်စွာ အကောင် အထည်ဖော်လျက် ရှိသော  ဖွံ့ဖြိုးရေး စီမံကိန်းများ၊ မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်ဖြန့်ချိသုံးစွဲမှုများ၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအပါအဝင် လူသားဖြစ်မှုကို ဆန့်ကျင်သည့် စစ်ရာဇဝတ်မှုများ ကာလရှည်ကြာ ဖြစ်ပွားခဲ့မှုများ၏ နောက်ဆက်တွဲ ပြဿနာများနှင့် ဆက်လက် ချိုးဖောက် ခွင့်ပြုနေမှုများကြောင့် လူထုအခြေအနေသည် ဆိုးဝါးနေဆဲဖြစ်သည်ဟု WLB က သုံးသပ်ထား သည်။

Most read this week