မြန်မာပြည်မှ တင်သွင်းလာသည့် အစားအစာ ၄ မျိုးကို ဗုဒ္ဓဟူးနေ့မှစ၍ ပြည်နယ်အတွင်းရောင်းချခြင်း မပြုရန် အိန္ဒိယနိုင်ငံ၊ မဏိပူရ ပြည်နယ် အစိုးရ၏ အစားအစာလုံခြံုရေးနှင့် ကျန်းမာရေး ဌာနက ပိတ်ပင်တားမြစ်လိုက််သည်။
ပြည်နယ် အတွင်းဝန်ချုပ် Ram Muivah က အမိန့်ထုတ်ပြန် တားမြစ်လိုက်ခြင်းဖြစ်ပြီး Mikko အာဟာရမှုန့်ထုပ်နှင့် Mikko ကော်ဖီမစ်ထုပ်၊ နို့နှင့်နို့ ထွက်ပစ္စည်း၊ သွားရေစာနှင့် အသီးသနပ်ချဉ်တို့ ပါဝင်ကြောင်း ကြာသပတေးနေ့ထုတ် ပြည်နယ် သတင်းစာများတွင် ရေးသားထားသည်။
ပိတ်ပင်လိုက်သည့် ထိုအစားအစာ လေးမျိုးမှာ တင်သွင်းခွင့် လိုင်စင်၊ အညွှန်း၊ ထုတ်လုပ်သည့် ကုမ္ပဏီ၏ အမည်၊ သက်တမ်းကုန် ရက်စွဲတို့ မပါရှိကြောင်း ထိုအမိန့်တွင် ဖော်ပြပါရှိသည်ဟု Newmai News Network တွင်ရေးသားထားသည်။
ထိုသို့ တဖက်နိုင်ငံ ပြည်နယ် အစိုးရက မရောင်းရကုန်စည်အဖြစ် တားမြစ်မှုကို မြန်မာ့ နယ်စပ် ကုန်သွယ်ရေး တမူးစခန်းမှ မကြားသိရသေးကြောင်း တာဝန်ရှိသူတဦးက ပြောသည်။
“ကျမတို့ဆီမှာ ဒီပစ္စည်းတွေက ဒေသသုံးလောက်ပဲ ရှိတာလေ။ တင်လာတာလည်း ဖြစ်ဖြစ်မြောက်မြောက် မရှိပါဘူး။ ‘မီကို’ တို့ ဘာတို့က အရင်တုန်းက ရှိပါတယ်။ အခုတော့ မရှိပါဘူး။ မရှိဘူး။ ကြာပြီ။ အရင်တုန်းကပဲ ရှိတယ်။ အခုလောလောဆယ် ဘာမှ မဆိုင်ဘူး။ ကျမတို့က FDA (အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေး ဌာန) ထောက်ခံချက် မပါရင် ဘာမှ သွင်းလို့လည်း မရဘူး။ ထုတ်လို့လည်း မရဘူး။ ထောက်ခံချက်၊ မှတ်ချက် ပါမှ” ဟု မဇ္စျိမကိုပြောသည်။
မဏိပူရ အာဏာပိုင်များကမူ အဆိုပါ ကုန်ပစ္စည်းများအား ပြည်နယ်အတွင်း ရောင်းချပါက စားသောက်ကုန် စစ်ဆေးရေး ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သတင်းစာက ဆက်လက်ဖော်ပြသည်။
မြန်မာနိုင်ငံတွင် စားသောက်ကုန်များ စစ်ဆေးမှုကို ၁၉၉၇ ခုနှစ်ခန့်မှ FDA က စတင်ပြုလုပ်ခဲ့ရာ ၂၀၁၂ နှစ် လယ်ပိုင်းကလည်း ပြည်တွင်းစျေးကွက်အတွင်းသို့ နယ်စပ်မြို့များမှ တဆင့် စားသုံးရန် မသင့်သော ပြုပြင်ထားသည့် စားသုံးဆီများ ဝင်ရောက်မှုကို စစ်ဆေးတွေ့ရှိခဲ့ရပြီး တင်သွင်းသူနှင့်ရောင်းချသူများ ကိုလည်း အရေးယူ ဆောင်ရွက်မှုများ ရှိခဲ့သည်။
တမူး-မိုးရေး နယ်စပ် ကုန်သွယ်ရေးစခန်း၏ ၂၀၁၂ ဧပြီမှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလအတွင်း အမှန် သွင်းကုန်၊ ပို့ကုန် ကုန်သွယ်မှု ပမာဏမှာ အမေရိကန် ဒေါ်လာ သန်းပေါင်း ၂၀.၀၄၈ ဖြစ်ကြောင်း နယ်စပ်ကုန်သွယ််ရေးဦးစီးဌာန စာရင်းအရ သိရသည်။
နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွင် ခွင့်ပြုပစ္စည်း ၆၂ မျိုး ရှိသည်။