ကချင်ပြည်နယ် ဗန်းမော်မြို့နယ် နမ့်ခုတ်ရွာသား လူ ၃၀ ကျော်ခန့် စီးနင်းလိုက်ပါသော တုန်ဖုန်းကား တစ်စီး စီငန်းရွာ မင်္ဂလာဆောင်မှ အပြန် ယခုလ ၂၂ ရက်နေ့ ညနေပိုင်းက တိမ်းမှောက်ခဲ့ရာ လူ ၄ ဦးသေဆုံးပြီး ၁၅ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဒဏ်ရာရရှိသူ ၁၅ ဦးကို ဗန်းမော်ဆေးရုံသို့ ပို့ဆောင်ကာ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူ နေကြောင်း လူနာများအား ကိုယ်တိုင်တွေ့ခဲ့ရသူ ဗန်းမော်မြို့ခံက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“မင်္ဂလာဆောင်တာက စီငန်းရွာမှာပေါ့။ စင်းခန်းရွာအရှေ့က နမ့်ခုတ်ရွာကနေ ကားနဲ့သွားကြတာ။ အဲဒီကားမှာ လူ ၃၀ ကျော်လောက်ပါတယ်၊ မင်္ဂလာဆောင်ကအပြန် စီငန်းရွာနားက တံတားကူးတဲ့နေရာမှာ မှောက်တယ်” ဟု ၄င်းမြို့ခံက ပြောသည်။
သေဆုံးသွားသူများအထဲတွင် ယာဉ်မောင်း အပါအဝင် အမျိုးသား ၂ ဦး၊ အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။
“ဒဏ်ရာရတာတော့ အများကြီး။ အတွင်းလူနာအနေနဲ့ ဆေးရုံ တက်နေတာက ၁၅ ယောက်လောက် ရှိတယ်။ အလောင်းတွေကို ဟိုကနေယူလာပြီး ဒီမနက် (၂၃ ရက်နေ့) ဗန်းမော်ဆေးရုံကနေ ပြန်သယ် သွားပြီ။ ၄ လောင်းပေါ့။ ခေါင်းတွေမှာ ဒဏ်ရာရတာများတယ်” ဟု ပြောသည်။
ကားမှောက်ရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ ကာယကံရှင်ရွာသားများကိုယ်တိုင် အတိအကျ ပြောပြနိုင်ခြင်း မရှိကြောင်း သူက ဆက်ပြောသည်။