တိုက်ပွဲရပ်ရန် သမ္မတ ညွှန်ကြားသော်လည်း SSPP/SSA နယ်မြေ၌ တိုက်ပွဲဆက်ဖြစ်နေဆဲ

တိုက်ပွဲရပ်ရန် သမ္မတ ညွှန်ကြားသော်လည်း SSPP/SSA နယ်မြေ၌ တိုက်ပွဲဆက်ဖြစ်နေဆဲ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် SSPP/ SSA နှင့် မြန်မာအစိုးရတပ်မတော်အကြား တိုက်ပွဲများရပ်တန့်ရန် စနေနေ့ကသမ္မတက ထပ်မံညွှန်ကြားသော်လည်း တိုက်ပွဲ ကြိုကြားဖြစ်နေသေး ကြောင်း သျှမ်းပြည်တပ်မတော် သတင်းရပ်ကွက်ကဆိုသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တပ်မတော်သားများ

ဖေဖော်ဝါရီလ ၂၃ ရက် နေ့က သမ္မတကြီးထံ SSPP/SSA မှ အချက် ၆ ချက်ပါ စာတစောင်ပေးပို့လိုက်ပြီး နောက် မြန်မာအစိုးရ တပ်များ တပ်ဆုတ်မည့်ဟန်ဖြင့် လှုပ်ရှားနေသော်လည်း တကယ်တပ်ဆုတ်မည့်ဟန် မဟုတ်ဘဲ စစ်ရေးဗျူဟာအရ မျက်လှည့်ပြနေခြင်းဖြစ်နိုင်ကြောင်း သျှမ်းပြည်တိုးတက်ရေးပါတီမှအကြီး အကဲတဦးကပြောသည်။

“သောကြာနေ့က သမ္မတကြီးဆီစာပို့ပြီးတဲ့နောက်ပိုင်း ရမခ တိုင်းမှူးက သူတို့လူ အလောင်း တွေကိုပြန် ကောက် မှာမို့လို့  ခြုံခိုတိုက်ခိုက်ခြင်းမပြုဖို့ ကျနော်တို့ လားရှိုးရုံးထိုင်တဲ့အရာရှိကို အကြောင်းကြားလာတယ်။ ဒါပေမယ့် လူနာဘဲ ကောက်ဖို့ မဟုတ်ဘူး၊ တပ်စခန်းနားကို ချဉ်းကပ်ဖို့လာနေတာလဲတွေ့ရတယ်။ မိုင်းရှူးမြို့နယ် မိုင်းအောတ် ဘက်လဲ စကခ ၂ လက် အောက်ခံတပ်တွေက အင်းအားဖြည့် လှုပ်ရှားနေတာ တော့တွေ့ရတယ်။ အခု ဝမ့်လွယ်ရွာအနီးဘက်မှာ စစ်ရေးတင်းမာမှု  ပိုများလာနေတယ်။ အဲဒီ့ဘက်လဲ တိုက်ပွဲထပ်ဖြစ်ရင်တော့ ရက်ရှည်သွားမှာသေချာတယ်။” ဟု SSPP/SSA အရာရှိတဦးကပြောသည်။

ယခုလ ၁၈ ရက်နေ့က ရလခ တိုင်းနှင့် ရမခ တိုင်းအောက်မှ စစ်ယာဉ်တန်းများ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ထိန်းချုပ်နယ်မြေဘက် အင်အားပို့ဆောင်ပြီးနောက် အဆိုပါ ၁၈ ရက်နေ့တွင် တကြိမ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် နှစ်ကြိမ်၊ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ၂ ကြိမ် တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း ဆိုသည်။

“အစိုးရတပ်ကတော့ ဖေဖော်ဝါရီ ၂၆ ရက်မှာရောက်လာမယ့် အမေရိကန် DEA အဖွဲ့ကို လုံခြုံရေးယူပေး ဖို့ဆိုဘဲ။ အဲဒါနဲ့ ကျနော်တို့ရဲ့ ဒီဒေသမှာရှိတဲ့ စခန်းတွေကို  တပ်မ ၂ ခုနဲ့ ညှပ်ပြီးဖယ်ထုတ်ဖို့ စီစဉ်တာလို့ ကြားရတယ်။ ဒါကြောင့် DEA ဟယ်လီ ကော်ပတာကို မိုင်းကောင်အုပ်စု အရှေ့ဘက် ပန်ဖီမှာဆင်းမယ် လို့သူတို့ပြောလာတယ်။ အဲဒီပန်ဖီဆိုတာ လျှိုကြီးလေ။ ဘယ်လိုလုပ်ဆင်းနိုင်မလဲ။ သူတို့ရဲ့အကြောင်း ပြချက်ပေါ့၊ DEA တကယ်လာရင်တော့ ညှိယူလို့ရတယ်။ ကျနော် တာဝန်ယူပေးလို့ရတာပဲ” ဟု အဆိုပါအရာရှိကပြောဆိုသည်။

သမ္မတကြီးထံလိပ်မူသည့် “တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ရပ်စဲသွားနိုင်ရေးအတွက် တင်ပြခြင်း” စာတွင် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် SSPP/SSA အနေဖြင့် ငြိမ်းချမ်းရေးကိုအမှန် တကယ်လိုလား မှုကြောင့် ၂၀၁၂ က အစိုးရ၏ တောင်းဆိုချက် အပေါ် မိမိတို့၏ တပ်စခန်း ၃ ခုကို ဆုတ်ခွာ ပေး လိုက်ရကြောင်း၊ ယခုလည်းဘဲ မိမိတို့ တပ်မတော်သည် တန့်ယန်းမြို့နယ် လွယ်လန်းတောင်ကြော၊ နမ့်လပ်-နမ့်ပန်-ပန်ဟုန်းတောင်ကြော၊ တောင်ဇင်-လွယ်ချိုတောင်ကြော၊ လွယ်စေးတောင်ကြောတို့တွင် အခြေပြုလှုပ်ရှားနေကြောင်း၊ ထိုကြောင့် မိမိတို့အပေါ် ထိုးစစ်ဆင်တိုက်ခိုက်နေမှုများ အမြန်ဆုံးရပ်ဆိုင်း ပေးစေလိုကြောင်း တောင်းဆိုသည် - အစရှိသဖြင့်ပါရှိကြောင်း သိရသည်။