ယခုတပတ်အတွင်း သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ်ဝမ့်ဟိုင်းဘက်သို့ အစိုးရတပ်များ ဦးတည်နေပြီးနောက်ပိုင်း ယမန်နေ့ နှင့် ယနေ့အတွင်း ဖြစ်ပွားသည့်တိုက်ပွဲများကြောင့် ငြိမ်းချမ်းရေးထိခိုက် လာ နိုင်သည်ဟု SSPP/SSA ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ ကပြောပါသည်။
“တန့်ယန်း- မိုင်ကောင်ဝ်ကြားက ကျနော်တို့လှုပ်ရှားတဲ့ဘက်ကို မြန်မာအစိုးရစစ်ကြောင်းတွေ ဝင်လာပြီး ကျနော်တို့ကို ပစ်ခတ်တယ်။ မနေ့ညနေ ၃ နာရီကနေ ၅ နာရီအထိ မိုင်းကောင်ဝ်အရှေ့ဘက် ၆ မိုင်အကွာမှာ တကြိမ်၊ ဒီနေ့မနက် ၁၀ နာရီ ခွဲကနေ နေ့ခင်းထမင်းစားချိန်အထိ လွယ်လန်းမှာ ပစ်ခတ်နေတုန်းဘဲ” ဟု SSPP/SSA ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ က သျှမ်းသံတော်ဆင့်အား ပြောပါသည်။
ယနေ့မနက်ပိုင်းက မွန်းတည့်ချိန်အထိ သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် နမ့်လောင်းဝ် ကျေးရွာအုပ်စု လွယ်လန်းအခြေ စိုက် SSPP/SSA ၏ တပ်မဟာ ၃၆ ထိန်းချုပ်နယ်မြေအတွင်း မိုင်းကောင်ဝ်အခြေစိုက် အစိုးရတပ် ခလရ ၃၃ နှင့် လောက်ကိုင် အခြေစိုက် ခမရ ၃၂၂ တို့ ဝင်ရောက်ကာ နမ့်တောင်စင်ရွာအနီး၌ တိုက်ခိုက်ခဲ့ကြောင်း၊ အသေအပျောက်စာရင်း မသိရသေး ကြောင်း ဗိုလ်မှူးစိုင်းလ က ပြောသည်။
ပြီးခဲ့သည့် အပတ်တည်းက ရလခတိုင်းအောက်မှ ခမရ ၅၂၅ တပ်ရင်း၊ ရပခတိုင်းအောက်မှ တပ်ရင်းတချို့တို့ ယာဉ်တန်း ၁၅ စီး မိုင်းနောင်ဘက်တက်သွားပြီး ယမန်နေ့က ၁၃ စီးပြန်ဆင်းလာကြောင်း၊ ရမခတိုင်းအောက် မှ ယာဉ်တန်း ရ၀ ကျော် သီပေါသို့ ဆင်းလာရာ ၅၁ စီးမှာ ခိုင်းဆင်(ယခင် SSNA ဌာနချုပ်ဟောင်း) ၌ခရီး တထောက်နားခဲ့သေးကြောင်း၊ ဒေသခံများပြောသော်လည်း အဆိုပါအစိုးရစစ်ယာဉ်တန်းများမှာကိုးကန့် ဘက် သို့ တက်သွားကြောင်း SSPP/SSA ကပြောပါသည်။
“အစိုးရရဲ့ တပ်မတော်က ငြိမ်းချမ်းရေးအပေါ်မှာ သစ္စာမရှိဘူး။ ကချင်ဘက်မှာ တိုက်ပွဲက ငြိမ်ခါစဘဲရှိသေး တယ်။ ကျနော် တို့ကို လာပြီးတိုက်နေပြန်ပြီ။ သူတို့ ဒီတိုင်းဆက်လုပ်သွားမယ်ဆိုရင်တော့ ကျနော်တို့အား လုံးက တည်ဆောက်နေဆဲဖြစ်တဲ့ ငြိမ်းချမ်းရေးကို ထိခိုက်မှာ အမှန်ဘဲ” ဟု ဗိုလ်မှူးစိုင်းလကသုံးသပ်ပြော ဆိုသည်။
အဆိုပါတိုက်ခိုက်မှုဖြစ်ပေါ်နေသည့်အပေါ် ရမခတိုင်းရုံးသို့ SSPP/SSA က ဆက်သွယ်မေးမြန်းရာ မိမိတို့ ရမခ(အရှေ့မြောက် တိုင်းစစ်ဌာနချုပ်) တိုင်းအောက်မှ တပ်ရင်းများမဟုတ် ရလခ(အရှေ့အလယ်ပိုင်းတိုင်း တိုင်းစစ်ဌာနချုပ်)အောက်မှ တပ် များဖြစ်ကြောင်း၊ ရလခတိုင်းကလည်း မိမိတို့ညွှန်ကြားချက် မဟုတ်ကြောင်း ငြင်းနေကြသည်ဟု ဆိုပါသည်။
ယမန်နေ့က ထိုင်းနိုင်ငံ၌ RCSS/SSA သျှမ်းပြည်တပ်မတော်အား တွေ့ဆုံစဉ် အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ခေါင်း ဆောင် ဦးအောင်မင်းက စစ်ဘက်နှင့်အစိုးရဘက် ဆွေးနွေးဖြေရှင်းခဲ့ကြပြီးဖြစ်သဖြင့် အပစ်ရပ်တပ်ဖွဲ့နှင့် အစိုးရ တပ် မတော်ကြား ရှေ့ဆက်တိုက်ပွဲ ဖြစ်ဖို့အလားအလာမရှိတော့ကြောင်း ပြောကြားခဲ့သည်။
သျှမ်းပြည်တပ်မတော် SSPP/SSA သည် အစိုးရကိုယ်စားလှယ်နှင့် ၂၀၁၂ ဂျန္နဝါရီ ၂၈ ရက်က ပဏာမအဆင့်၊ ပြည်ထောင်စု အဆင့်တို့ဖြင့် ဆွေးနွေးခဲ့သည့်အဖွဲ့ဖြစ်သည်။