ဒုသမ္မတ ကယားပြည်နယ်သို့ ပထမဆုံးအကြိမ် ရောက်ရှိ

ဒုသမ္မတ ကယားပြည်နယ်သို့ ပထမဆုံးအကြိမ် ရောက်ရှိ
by -
ကန္တာရဝတီတိုင်း(မ်)

အစိုးရအသစ် တက်လာပြီးနောက်ပိုင်းတွင် နိုင်ငံတော်အကြီးအကဲမှ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း က ကယားပြည်နယ်သို့ ပထမဆုံးအကြိမ်ရောက်ရှိလာပြီး လူထုများနှင့်လာရောက်တွေ့ဆုံသွားပါတယ်။

ကယားပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးစောဟူးဟူးက “ အစိုးရသစ်လက်ထဲမှာ ဒီနိုင်ငံတော်အကြီးအကဲ ဒုသမ္မတကြီး ကိုယ်တိုင်လာတာ ပထမဦးဆုံးအကြိမ်ပေါ့ ။ ဒီလို လာကြည့်ခြင်းအားဖြင့်လည်း ကျနော်တို့ ဒေသရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းကို သူတွေ့သွားပြီးတော့မှ အများကြီးသူ ပံ့ပိုးပေးနိုင်တဲ့ အနေအထားရှိပါတယ်။ နှောင်တချိန်မှာလည်း ကျနော်တို့ကယားပြည်နယ်ရဲ့လိုအပ်ချက်တွေ အများကြီး ဒီထက်ဆောင်ရွက်နိုင် မယ်လို့ ထင်ပါတယ်။” လို့ ယခုလို ပြောပါတယ်။

ကယားပြည်နယ်အတွင်း ၂၀၁၂- ၂၀၁၃ ခုနှစ် ဘတ်ဂျက်စီမံကိန်းနှင့် ပတ်သက်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ချက်များကို အဓိက လာရောက်ဆွေးနွေးခြင်းနှင့် လူထုမှ လိုအပ်ချက်နှင့်တင်ပြဆွေးနွေးမှုတွေ အတွက် ပြုလုပ်သွားတယ်လို့ သိရပါတယ်။

ဝန်ကြီးဦးစောဟူးဟူးက “ ဒေသဖွံ့ဖြိုးရေးတွေ ဆောင်ရွက်ဖို့အဓိကရည်ရွယ်ချက်နဲ့ဆောင်ရွက်ဖို့လာတာပါ။ အဲဒါက ကျနော်တို့လွှတ်တော်မှာတင်ပြတဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ နောက်ပြီးတော့ ဘတ်ဂျက်တွေ ချပေးတဲ့ လုပ်ငန်းတွေ အဲဒီလုပ်ငန်းတွေ ဘယ်လောက်ပြီးလဲဆိုတာ လာကြည့်တာ တက္ကသိုလ်တည် ဆောက်တာတွေ လိုက်ကြည့်တယ်။ ဆင်းရဲနွမ်းပန်းမှုလျှော့ချရေးနဲ့ပတ်သက်ပြီးတော့မှ ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းတွေလိုက်ကြည့်တယ်။” လို့ ပြောပါတယ်။

ဒုသမ္မတဒေါက်တာစိုင်းမောက်ခမ်းက တက္ကသိုလ်နည်းပြ ဆရာ/မများနှင့် တွေ့ဆုံစဉ်မှာတော့ နိုင်ငံတကာအဆင့်မှီတဲ့ ပညာရေး အရည်အချင်းရှိဖို့အတွက် ကြိုးစားဖို့လိုအပ်ကြောင်း မှာကြားသွားပါတယ်။

ဒုသမ္မတဒေါက်တာစိုင်းမောက်ခမ်းက “ အရည်အချင်းတွေ ကျမသွားအောင် ထိန်းသွားရမည့်အပြင် ခေတ်နဲ့အညီ အရည်အသွေးမြင့်မားလာအောင် ကြိုးစားကြဖို့ လိုအပ်တယ်။ သို့ပေမယ့် ကိုယ့်ရဲ့ အရည်အသွေးမြင့်မားလာသည်နှင့်အမျှ ဆရာ/မတို့ မွေးထုတ်လိုက်တဲ့ တပည့်တွေ သားသမီးတွေလည်း အရည်အသွေးမြင့်မားလာမှာ ဖြစ်တဲ့အတွက် ဒါလေးကိုတော့ တတ်နိုင်သလောက် ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။” လို့ တက္ကသိုလ်နည်းပြ ဆရာ/မများတွေ့ဆုံပွဲ အခမ်းအနားမှာ ပြောကြားသွား တာဖြစ်ပါတယ်။

ဒုသမ္မတမှ ၁၈ရက်နေ့တွင် လွိုင်ကော်မြို့တော်ခန်းမတွင် လူထုတွေ့ဆုံခြင်း ၊ ငွေတောင် စိုက်ကွင်းအမှတ် ၂ သို့ ဆင်းရဲနွမ်းပန်းမှု လျှော့ချရေးအတွက် တောင်သူလယ်သမားတွေ့ဆုံဆွေးနွေးခြင်း ၊  ကယားပြည်နယ်မှ နည်းပညာ တက္ကသိုလ် ၊ ကွန်ပြူတာ တက္ကသိုလ် နှင့် လွိုင်ကော်တက္ကသိုလ်မှ ဆရာ/မတွေစုပေါင်းပြီး လွိုင်ကော်တက္ကသိုလ်ခန်းမဆောင်တွင်တွေ့ ဆုံဆွေးနွေးတွေ ပြုလုပ်ခဲ့ပါတယ်။

Most read this week